ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်း နောက်ဆုံးရသတင်းများ
ယူကရိန်း စစ်ပွဲအတွက် တရုတ်ကူညီဖို့စဥ်းစားနေတယ်လို့ အမေရိကန်စွပ်စွဲ
ယူကရိန်းကို စစ်ပွဲအတွက် ရုရှားကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးဖို့ တရုတ်က စဉ်းစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က စွပ်စွဲလိုက်ပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ လုံခြုံရေး ညီလာခံမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း သံတမန် ဝမ်ယိ နဲ့ သီးခြားတွေ့ဆုံအပြီးမှာ သူက CBS သတင်းဌာနကို ပြောဆိုခဲ့တာပါ။
မော်စကိုကို ပစ္စည်းထောက်ပံ့မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်လို့ မစ္စတာဝမ်ယိကို သတိပေးခဲ့တယ်လို့ သူက ပြောပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ ရုရှားရဲ့ကျူးကျော်မှုမှာ လူတွေကိုသေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေမဟုတ်တဲ့ အခြားအကူအညီတွေပေးနေတယ် မစ္စတာဘလင်ကင်က ပြောကြားခဲ့ပါတယ်။
ဘေဂျင်းက ယူကရိန်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို လုပ်ဆောင်နေတယ်ဆိုတဲ့ မစ္စတာဝမ်ယိရဲ့ မြူးနစ်ညီလာခံမှာ ပြောကြားချက်အပေါ် အမေရိကန်ထောက်လှမ်းရေးက သံသယရှိခဲ့တယ်လို့ မစ္စတာ ဘလင်ကင်က ပြောပါတယ်။
မစ္စတာ ဘလင်ကင်နဲ့ ဝမ်ယိတို့ဟာ ဒီလအစောပိုင်းက အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်ကောင်းကင်ယံမှာ ပစ်ချခံခဲ့ရတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
မစ္စတာဝမ်ယိကတော့ အမေရိကန်တို့က အခုလို အလွန်အကျူးတုံ့ပြန်မှုက နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ ပြန်လည်ပြောဆိုပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်မှု အပြီး တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင်
မြောက်ကိုရီးယားက တာဝေးပစ်ခတ်လို့ရတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားစစ်တပ်ဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆိုးလ်မြို့က ပူးတွဲစစ်ဦးစီးချုပ်တွေဟာ တနင်္ဂနွေနေ့ကပြုလုပ်တဲ့ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမရိကန်တို့ရဲ့ မဟာဗျူဟာမြောက် B1-B ဗုံးကြဲလေယာဉ်တစ်စင်းကို တိုက်လေယာဉ်တွေက ခြံရံပြီး စောင့်ကြပ်ပေးခဲ့ကြပါတယ်။
စနေနေ့က မြောက်ကိုရီးယားတို့ စမ်းသပ် ပစ်ခတ်ခဲ့တဲ့ တာဝေးပစ်ဒုံးကျည်ဟာ အမေရိကန်နိုင်ငံကို ထိထိရောက်ရောက် ပစ်ခတ်နိုင်တဲ့အတွက် ဝါရှင်တန်နဲ့ ဆိုးလ်ကို သတိပေးချက်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ လာမယ့် လမှာ လည်း နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ရှိတယ်လို့ ကြေညာထားပါတယ်။
ခေါင်းဆောင်ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူ မြောက်ကိုရီးယားက သြဇာကြီးမားတဲ့ ကင်ယိုဂျုံကတော့ မြောက်ကိုရီးယားကို ရန်လိုတဲ့ လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန် တုံပြန်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
တူရကီ ငလျင် ရှာဖွေရေးလုပ်ငန်းတွေ အဆုံးသတ်ပြီ
တူရကီနိုင်ငံမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်အပြီး သီတင်းနှစ်ပတ်ခန့်အကြာမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေတဲ့ ရှာဖွေရေးကြိုးပမ်းမှု အများစုဟာ ဒီကနေ့မှာ ပြီးဆုံးတော့မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အသက်ရှင်ကျန်သူတွေကို ရှာဖွေတွေရှိဖို့ အခွင့်အလမ်းတွေနည်းလာသလို ရှာဖွေရေးလုပ်ငန်းတွေလည်း ရက်အတန်အကြာ ရပ်တန့်နေခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စနေနေက အပျက်အစီးပုံတွေကြားက လူ ၃ ဦးကို အသက်ရှင်လျက် ဆွဲထုတ်ပြီးကယ်နိုင်ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ တစ်ဦးကဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
နိုင်ငံပေါင်း ၈၀ က နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ အများစုဟာ အခုအခါ ပြန်လည်ထွက်ခွာသွားပြီလို့ ငလျင်ဗဟိုချက်အနီး မားရပ်ဇ် မြို့ရှိ အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်ဟာ နောက်ထပ် အကူအညီတွေ ပေးအပ်ရေး တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ ဒီကနေ့ တူရကီနိုင်ငံကို ရောက်ရှိနေပါတယ်။
တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်တွေကြောင့် တူရကီ နဲ့ ဆီးရီးယား မြောက်ပိုင်းမှာ လူပေါင်း လေးသောင်းခြောက်ထောင် ခန့်သေဆုံးခဲ့ပါတယ်။
ဂျပန် ဆူရှီဆိုင် လျှာနဲ့လျက်ပြတဲ့ နောက်ပြောင်မှုကို ရဲတပ်ဖွဲ့က စုံစမ်း
ဂျပန်နိုင်ငံက ဆူရှီဆိုင်တစ်ဆိုင်တစ်ခုမှာ လူငယ်တစ်ဦးက စားသုံးသူတွေကို ပို့ပေးတဲ့ Conveyor Belt ပေါ်က ဆူရှီတွေ၊ ဆူရှီမှာထည့်စားရတဲ့ ပဲငံပြာရည်တွေ၊ တူတွေ၊ ပန်းကန်ခွက်ယောက်တွေကို လျှာနဲ့ လျက်ပြတဲ့ မသတီစရာနောက်ပြောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ဂျပန်နိုင်ငံက လူသိများတဲ့ နာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းက သူတို့ ရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
တစ်ခါသုံးတူတွေကို စားသုံးသူတွေဆီကို မရောက်မီ လျှာနဲ့လျက်ပြတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပြီးခဲ့တဲ့ရက်တွေက ပျံ့နှံ့လာခဲ့တာလို့ အိုဆာကာမြို့ အခြေစိုက် စားသောက်ဆိုင်လုပ်ငန်းက ပြောပါတယ်။
ဒီလုပ်ရပ်ကြောင့် ဆိုင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ ဆိုင်ရဲ့ တိုင်ကြားချက်ကို ရဲတပ်ဖွဲ့ကလက်ခံခဲ့တယ်လို့ ဆိုပါတယ်။
ဆူရှီဆိုင်က စားသုံးသူတွေဆီကို အလိုအလျောက်ပို့ပေးနေတဲ့ အချိန်မှာ အခြားသူတွေဆီကို မရောက်မီ ဆူရှီ တွေကို ကိုင်တွယ်ထိတွေ့တာ၊ အများသုံး ပဲငံပြာရည်ပုလင်းတွေကို လျှာနဲ့ လျက်ပြတာ စတဲ့ နောက်ပြောင်တဲ့ ဗီဒီယိုတစ်ခုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းမှာ ပျံ့နှံခဲ့ပါတယ်။
ဒါအပြင် ဒါကိုကြည့်ရှုရသူတွေ အများစုဟာလည်း ဒေါသတကြီး ဖြစ်ခဲ့ရပါတယ်။
ဒီဗီဒီယိုတွေ ထွက်ပေါ်လာပြီးနောက် ဆူရှီကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း ထိုးကျသွားခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု အဆင့်အတန်းမြင့်မားတဲ့နိုင်ငံဖြစ်ပြီး အွန်လိုင်းအသုံးပြုသူ အများအပြားကတော့ ဒီအပြုအမူဟာ စက်ဆုပ်ရွံရှာဖွယ် ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။