ဇူလိုင် ၃၀ ရက်ထိပ်တန်းသတင်းများ - AHA စင်တာရဲ့အကူအညီအချို့ ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ရရှိ

ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ဟာ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ (AHA Centre) ကနေထောက်ပံ့တဲ့အကူအညီအချို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)ကနေတဆင့် ပထမဆုံးအကြိမ်ရရှိထားတယ်လို့ သိရပါတယ်။

ဒါဟာ ကယား (ကရင်နီ) ပြည်နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ရေဖြူရွာကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကရင်နီစစ်ရှောင် အိမ်ထောင်စု ၄၀၀ အတွက် ဆန်အိတ် ၄၀၀၊ တကိုယ်ရည်သုံးအသုံးအဆောင်ပစ္စည်း‌ အယောက် ၁၄၅၀ စာ PNLO ကတဆင့် ပထမဆုံးထောက်ပံ့တာပါ။

"ဇွန်လမှာ တစ်ကြိမ်၊ ဇူလိုင်လမှာ တစ်ကြိမ် လူဦးရေ ၁၄၅၀၊ အိမ်ထောင်စု ၄၀၀ စာအတွက် ကူညီပေးခဲ့တာပါ။ ဒါက ကရင်နီစစ်ရှောင်တွေအတွက် အထိုက်အလျောက် လုံလောက်နိုင်ပေမဲ့ အပြည့်အဝ ကူညီနိုင်တာမျိုးမဟုတ်ပါဘူး"လို့ PNLO ဆက်ဆံရုံးတာဝန်ခံ ဗိုလ်မှူး ခွန်မင်းသိမ်းက ဘီဘီစီကို ပြောပါတယ်။

အခုလို စစ်ရှောင်တွေကို ကူညီနိုင်ဖို့ ဆီဆိုင်မြို့ကိုလာရောက်ခဲ့တဲ့ AHA Centre တာဝန်ရှိသူတွေအပါအဝင် အာဆီယံသံတမန်တွေ၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူသံရုံးတာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရတဲ့ ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ ဖြစ်ခဲ့ပါတယ်။

အာဆီယံသံအဖွဲ့ယာဥ်တန်း ဆီဆိုင်မြို့နယ်ထဲပစ်ခတ်ခံရတဲ့ အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်လို့ မသိရှိခဲ့ရဘဲ အပြန်အလှန်စွပ်စွဲမှုတွေနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ပြီးတဲ့နောက် တစ်လအကြာ ဇွန်လကစပြီး ပထမဆုံးလှူဒါန်းမှု(pilot project) အနေနဲ့ အခုလိုပံ့ပိုးနိုင်မှုတွေ စတင်နိုင်တာပါ။ PNLO ကတဆင့် ဆက်ပြီး စစ်ရှောင်ကူညီရေးဆက်ဆောင်ရွက်ဖို့ရှိနေပြီး အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောထားပါတယ်။

အခု စစ်ရှောင်ကူညီပေးရေးအစီအစဉ်ဟာ အပစ်ရပ်ဆဲလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအစုအဖွဲ့(PPST)နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး၊ AHA Centre တို့နဲ့ ဘာလီကျွန်းတွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းချက်အရ PNLO က အကောင်အထည်ဖော်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ဓနုပြည်နယ်တည်ဆောက်ရေးအတွက် တပ်ဦးဖွဲ့ပြီလို့ DPLF ကြေညာ

ဓနုလူငယ်တွေနဲ့ ဒေသထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေစုပေါင်းပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ကို ဖွဲ့စည်းလိုက်ပြီလို့ အဲဒီတပ်ဖွဲ့က ဇူလိုင် ၂၉ ရက်မှာ ကြေညာလာပါတယ်။

စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒတွေကို ဆန့်ကျင်တိုက်ဖျက်ဖို့ရည်ရွယ်ပြီး ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို အာမခံတဲ့ ဓနုပြည်နယ်တည်ဆောက်ရေး၊ ဓနုလူထုကို ကာကွယ်စောင့်ရှောက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်တယ်လို့ ဆိုပါတယ်။

ညီနောင်တိုင်းရင်းသားလက်နက်ကိုင်ဒေသကို သွားရောက်စစ်ပညာသင်ယူပြီး မနှစ်ဩဂုတ်လ ၇ ရက်နေ့ကတည်းက DPLF ကို ဖွဲ့စည်းခဲ့ပေမဲ့ တစ်နှစ်နီးပါးအကြာမှ တရားဝင်ထုတ်ပြောလာတာပါ။

"လူအများ နယ်ပယ်စုံ မြို့နယ်စုံ နဲ့ ဖွဲ့စည်းထားတော့ အမြင်မတူတာတွေ အခက်အခဲ ပေါင်းစုံ တွေ့ကြုံရတာရယ်ကြောင့် တစ်နှစ်ပြည့်ခါနီး ခုမှ ထုတ်ပြန်ဖြစ်တာပါ" လို့ DPLF တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပင်းတယနဲ့ ရွာငံ နှစ်မြို့နယ်ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပေမဲ့ အဓိကအရေးပါတဲ့ လုပ်ပိုင်ခွင့်အာဏာကို မြန်မာစစ်တပ်ကပဲ ချုပ်ကိုင်ထားတာကြောင့် ဓနုအမျိုးသားတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ ဦးတည်ဖွဲ့စည်းတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ လူမျိုးစုအလိုက် ‘’o’’ တပ်ဖွဲ့(UWSA)၊ တအာင်း (TNLA)၊ မိုင်းလား (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအဖွဲ့တွေဖြစ်တဲ့ PNLO၊ PNO အဖွဲ့တွေသာမက ပြည်သူ့စစ်အဖွဲ့တွေပါ ကနဦးကတည်းက တည်ရှိတဲ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှလည်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ ရှမ်းပြည်တောင်ပိုင်း (Southern Shan State Generations) စတဲ့အဖွဲ့တွေလည်း ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဓနုလူမျိုးတွေဟာ ရှမ်းပြည်နယ်ထဲက နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလောနဲ့ တောင်ကြီးမှာ အဓိကနေထိုင်ပြီး မိုးကုတ်၊ ပြင်ဦးလွင်၊ သာစည်၊ ကျောက်ဆည်၊ ညောင်ရွှေ၊ ရန်ကုန်နဲ့ မန္တ‌လေးတို့မှာ ပျံ့နှံ့နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

မူဆယ် နမ့်ကတ်ရွာအနီး TNLA နဲ့ စစ်တပ်တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ နမ့်ကတ်ရွာအနီးကတအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ရဲ့ စခန်းကို စစ်ကောင်စီနဲ့ နမ့်ခမ်းပြည်သူ့စစ်အဖွဲ့တို့က မနေ့ ၂၉ ရက်က လာရောက်တိုက်ခိုက်တာကြောင့် တနေကုန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဆီက သိရပါတယ်။ ဒီကနေ့ မနက်တော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူး ပြောပါတယ်။

"မနေ့မနက် ၁၀ နာရီလောက်ကနေ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်တာပါ။ TNLA ကတော့ ထိခိုက်ဒဏ်ရာမရပါဘူး။ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်လို့ ရွာကနေအိမ်တွေပျက်စီးတာရှိပါတယ်" လို့ TNLA ဆက်သွယ်ရေးရုံးတာဝန်ခံက ပြောပါတယ်။

မနေ့ညပိုင်းမှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတာကြောင့် မူဆယ်မြို့ပေါ်ဒေသခံတွေပါ ကြောက်လန့်ခဲ့ကြတယ်လို့ ဘီဘီစီကိုပြောပါတယ်။ ဒီလိုပစ်ခတ်မှုတွေရှိနေသေးတာကြောင့် နမ့်ကတ်ရွာဒေသခံတွေ နီးစပ်ရာမှာ ရှောင်တိမ်းနေကြရပြီး ဒီကနေ့အထိ နေရပ်မပြန်ရသေးဘူးလို့ သိရပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ညပိုင်းမှာလည်း လားရှိုးမြို့နယ်က TNLA တပ်ဖွဲ့ရှိရာနေရာကို လေကြောင်းနဲ့ စစ်ကောင်စီကတိုက်ခိုက်ခဲ့တာကြောင့် TNLA တပ်သား ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အခုဇူလိုင်လထဲ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင် စတဲ့ သုံးမြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ TNLA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

ရုရှားဆီကနေ ဂြိုဟ်တုဝယ်ဖို့ စစ်ကောင်စီပြင်နေ

မြန်မာစစ်ကောင်စီဟာ ရုရှားဆီကနေ ဂြိုဟ်တုဝယ်ဖို့ စာချုပ်စာတမ်းတွေပြင်ဆင်နေပြီဆိုပြီး ရုရှားဘက်က လာတဲ့သတင်းတွေအရ သိရပါတယ်။

မြန်မာအပါအဝင် ဗီယက်နမ်၊ အယ်လ်ဂျီးရီယား၊ အီဂျစ်နဲ့ တောင်အာဖရိကနိုင်ငံတွေဟာ ဝယ်လိုတဲ့ဂြိုဟ်တုအမျိုးအစားအတိုင်းရနိုင်ဖို့ စာချုပ်တွေပြင်နေတာဆိုပြီး ရုရှားနိုင်ငံပိုင် အာကာသဆိုင်ရာအေဂျင်စီ Roscosmos အကြီးအကဲ ယူရီ ဘောရီဆော့ဗ်က ပြောလိုက်တာဖြစ်ပါတယ်။

အာဖရိကနိုင်ငံတွေဟာ ရုရှားရဲ့ အာကာသဆိုင်ရာဝန်ဆောင်မှုကို စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့ ရုရှား-အာဖရိကဖိုရမ်အတွင်းမှာ ဘောရီဆော့ဗ် ပြောလိုက်တာဖြစ်ပြီး အဲဒီထဲမှာ မြန်မာလည်းပါဝင်နေတယ်ဆိုတာကို ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်တုန်းကလည်း ပြောဖူးတယ်လို့ ရုရှားသတင်းဌာန အင်တာဖက်စ်က ဖော်ပြလာတာပါ။

နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကနေ အာဏာသိမ်းပြီးတဲ့နောက်မှာ ရုရှားနဲ့ မြန်မာကြား စစ်ရေး၊အုပ်ချုပ်ရေးဆက်ဆံပုံပြောင်းလဲလာပြီး စစ်ကောင်စီက ရုရှားအကူအညီနဲ့ နျူကလီးယားလေ့လာရေးစင်တာဖွင့်တာတွေအထိရှိလာတာကိုကြည့်ရင် အခုလို ဂြိုလ်တုဝယ်ယူမယ့်အစီအစဥ်ဟာ စစ်ကောင်စီလက်ထက်မှာ စတင်တာလို့ ဘီဘီစီက နားလည်ရပါတယ်။

ဒါပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ ရုရှားဆီကနေ ဂြိုဟ်တုဝယ်ယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန် ထားတာမရှိသေးပါဘူး။