အမေရိကန်မှာ မတရား လူသတ်မိလို့ အထူးရဲတပ်ဖွဲ့တခု ဖျက်သိမ်းရတဲ့အထိ ဘယ်လိုဖြစ်ခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, FACEBOOK/DEANDRE NICHOLS
အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် မင်းဖစ်စ်မြို့က အထူးရဲတပ်ဖွဲ့တဖွဲ့ဟာ တိုင်ရီ နစ်ကိုး ဆိုတဲ့ လူတဦးကို သတ်ဖြတ်မိတဲ့အတွက် တရားစွဲဆိုခံရပြီး ဒီတပ်ခွဲတခုလုံးကိုပါ ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၅၀ ပါဝင်တဲ့ ဒီရဲတပ်ဖွဲ့ခွဲက ရဲတပ်ဖွဲ့ဝင်တချို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က တိုင်ရီ နစ်ကိုး ဆိုတဲ့ အမျိုးသားတဦးကို မီးပွိုင့်တခုမှာ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နောက်သုံးရက်အကြာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အဲဒီ အမျိုးသား သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
မင်းဖစ်စ်မြို့ ရဲဌာနချုပ်ရဲ့ အပြောအရ Scorpion (Street Crimes Operations to Restore Peace in Our Neighbourhoods) လို့ အမည်ပေးထားတဲ့ အဲဒီ အထူးရဲတပ်ဖွဲ့ခွဲကို အပြီးတိုင်ဖျက်သိမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MEMPHIS POLICE DEPARTMENT/ FACEBOOK
Scorpion အထူးရဲတပ်ဖွဲ့ကို ဘာကြောင့်ဖွဲ့စည်းခဲ့သလဲ
Scorpion အထူးတပ်ဖွဲ့ ဖျက်သိမ်းရတဲ့အထိ ဖြစ်သွားခဲ့ရာမှာ ယခင်ကလည်း ဒီတပ်ဖွဲ့က အငြင်းပွားစရာတွေ လုပ်ခဲ့ဖူးတာကို တွေ့ရပါတယ်။
ဒီတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ကားခိုးမှု၊ ဂိုဏ်းဖွဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်း အစရှိတဲ့ လူမှုအဖွဲ့အစည်းအတွင်းမှာ အကြမ်းပတမ်း သက်ရောက်မှုကြီးတဲ့ အမှုမျိုးတွေကို ကိုင်တွယ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေရဲ့ အပြောအရ ဒီတပ်ဖွဲ့ရဲ့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မှုတွေနဲ့ ဘက်လိုက်ဆုံးဖြတ်မှုတွေကြောင့် ရာဇဝတ်မှု အဖြစ်များတယ် ထင်ရတဲ့ နေရာတွေ ပေါ်လာတယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့ စတင်ထူထောင်တဲ့ ၂၀၂၁ အောက်တိုဘာလက စပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ဖမ်းဆီးမှုပေါင်း ၅၆၆ ခု၊ ငွေကြေး သိမ်းယူမှု တန်ဖိုး အမေရိကန်ဒေါ်လာ တသိန်းကျော်၊ သိမ်းဆည်းရမိတဲ့ ကားအရေအတွက် ၂၇၀ နဲ့ လက်နက် ၂၅၃ လက် သိမ်းဆည်းခဲ့တယ်လို့ မင်းဖစ် မြို့ဝန် ဂျင်မ် စထရစ်ကလန်းက လွန်ခဲ့တဲ့တနှစ်က မိန့်ခွန်းတခုမှာ ပြောဆိုခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MEMPHIS POLICE DEPARTMENT/ FACEBOOK
Scorpion အထူးရဲတပ်ဖွဲ့က ဘယ်လိုပြဿနာတွေ တက်ခဲ့ဖူးသလဲ
Scorpion အထူးရဲတပ်ဖွဲ့က မစ္စတာ နစ်ကိုးကို ဝိုင်းဝန်း မရိုက်နှက်ကြခင်ကာလ ရက်ပိုင်းအတွင်းမှာလည်း ကော်နဲလ် မက်ကင်းနေး ဆိုတဲ့ မင်းဖစ်စ်မြို့သားတဦးဟာ ဒီတပ်ဖွဲ့ရဲ့ သေနတ်ထောက် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရတယ်လို့ အဲဒီလူက ဒေသခံ ရုပ်သံဌာနတခုကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီတပ်ဖွဲ့ဝင်တွေဟာ ရဲကားမသုံးဘဲ အဲဒီအမျိုးသားနောက်ကို နောက်ကိုလိုက်ကာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်လို့ စွပ်စွဲပြီး ခေါင်းကို သေနတ်နဲ့တေ့ကာ ခေါင်းပွင့်သွားအောင် ပစ်လိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း အဲဒီ အမျိုးသားက စွပ်စွဲထားပါတယ်။
မစ္စတာ နစ်ကိုး ရဲတွေရဲ့ ဝိုင်းအရိုက်မခံရခင် ၄ ရက်အလို ဇန်နဝါရီလ ၃ ရက်နေ့မှာ အခုလို အလုပ်ခံခဲ့ရတဲ့ မစ္စတာ မက်ကင်းနေးဟာ မင်းဖစ်စ်မြို့ ရဲဌာနချုပ်ကို တိုင်ကြားခဲ့ပေမယ့် ဘာမှ အကြောင်းပြန်လာတာ မရှိခဲ့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
မစ္စတာ နစ်ကိုးကို ဖမ်းဆီးဖို့ ရိုက်နှက်တဲ့အထဲမှာ ပါဝင်တဲ့ Scorpion အထူးတပ်ဖွဲ့ဝင်တဦးဟာ ပြီးခဲ့တဲ့ ၈ နှစ်က အကျဉ်းသားတဦးကို ရိုက်နှက်ခဲ့လို့ အဲဒီ အကျဉ်းသားက တရားပြန်စွဲတာလည်း ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်က ထောင်ရဲတဦးဖြစ်တဲ့ Scorpion အထူးတပ်ဖွဲ့ဝင် ဒမီးထရီးယပ်စ် ဟေလီဟာ အခြား ထောင်ရဲနှစ်ဦးနဲ့အတူ အဲဒီ အကျဉ်းသားဖြစ်တဲ့ ကော်ဒါးလ်ရီးယပ်စ် စလက်ဂျ်ကို ထောင်ထဲ လက်ကိုင်ဖုန်း ခိုးသွင်းတယ်ဆိုပြီး ဝိုင်းဝန်း ရိုက်နှက်တာ ခံခဲ့ရတယ်လို့ ဒီအကျဉ်းသားက ဆိုပါတယ်။
အဲဒီဖြစ်စဉ်မှာ လက်ဆေး ရေစင်နဲ့ ခေါင်းနဲ့ ကိုင်ဆောင့်ခဲ့တဲ့အတွက် သတိလစ်သွားခဲ့တယ်လို့လည်း အဲဒီ အကျဉ်းသားက ဆိုပါတယ်။
ဒီလို လုပ်ခဲ့တဲ့ ထောင်ရဲတွေကို တရားစွဲရာမှာတော့ စွဲဆိုတဲ့ အကျဉ်းသားဟာ မပါမဖြစ်တဲ့ ဥပဒေရေးရာ စာရွက်စာတမ်းတွေ မဖြည့်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားသူကြီးရဲ့ အမှုပလပ်ခြင်း ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPD
တိုင်ရီ နစ်ကိုး သေဆုံးမှုမှာ တိုက်ရိုက်ပါဝင်သူတွေ ဘယ်လို အပြစ်ဒဏ် ရမှာလဲ
ကနဦးအနေနဲ့ မစ္စတာ နစ်ကိုးကို ရိုက်နှက်မှုမှာ ပါဝင်ခဲ့တဲ့ တဒါးရီးယပ်စ် ဘီးန်၊ ဒမီးထရီးယပ်စ် ဟေလီ၊ ဒက်စ်မန် မီးလ်စ် ဂျူနီယာ၊ အက်မစ် မာတင် သယ်သတ်ဒ်နဲ့ ဂျပ်စတင် စမစ်သ် တို့ကို ပြီးခဲ့တဲ့အပတ်က အလုပ်ထုတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ဒီ ငါးဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ မရည်ရွယ်ဘဲ သေစေမှု၊ ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ သေစေနိုင်တဲ့ လက်နက်အသုံးပြု ပြန်ပေးဆွဲမှု၊ ရာထူးတာဝန်အရ မလိုက်နာဘဲ ပြုမူမှုနဲ့ တာဝန်ချိန်မှာ တရားမဝင် ပြုမူမှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်တနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်မှာတင်ပဲ အဲဒီ ငါးဦးထဲက လေးဦးဟာ အာမခံနဲ့ လွတ်သွားခဲ့ပြီ ဖြစ်တယ်လို့ ထောင်စာရင်းဇယားတွေအရ သိရပါတယ်။
ဒီ ငါးဦးထဲက မစ္စတာ မာတင်နဲ့ မစ္စတာမီးလ်စ် တို့ရဲ့ ရှေ့နေတွေကတော့ အပြစ်မရှိကြောင်း လျှောက်လဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စတာ နစ်ကိုး အခုလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကို ခံရတာနဲ့ ပတ်သက်လို့ မင်းဖစ်စ်မြို့ ရဲဌာနချုပ်ရှေ့မှာ လူ တရာနီးပါးလောက်က ဆန္ဒပြခဲ့ကြပြီး ဒီဌာနရဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှု နှိမ်နင်းရေးဆိုင်ရာဌာနကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့အပါအင် တရားမျှတရေးဆိုင်ရာ တောင်းဆိုမှု အများအပြား ပြုလုပ်ခဲ့ကြပါတယ်။
မင်းဖစ်စ် ရဲဌာန ကိုယ်တိုင်ကလည်း ကနဦးမှာ မစ္စတာ နစ်ကိုးဟာ မဆင်မခြင် ကားမောင်းမှုကြောင့် ရဲတွေရဲ့ တားဆီး စစ်ဆေးခံရတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီအတွက် သက်သေမရှိကြောင်း ပြန်လည် ပြင်ဆင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
Scorpion တပ်ဖွဲ့ဝင်တွေကြောင့် မစ္စတာ နစ်ကိုး သေဆုံးသွားတဲ့အထိ ဘယ်လိုဖြစ်ခဲ့တာလဲ
မင်းဖစ်စ်ရဲဌာနက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတွေအရ မီးပွိုင့်တခုမှာ ရဲတွေက မစ္စတာနစ်ကိုးကို သူ့ကားအတွင်းကနေ ဆွဲထုတ် ခေါ်ဆောင်သွားခဲ့တာကို ကနဦး တွေ့ရပါတယ်။
နောက်ပိုင်းမှာတော့ မစ္စတာ နစ်ကိုး လျှပ်စစ်တို့စက်နဲ့ အထိုးခံရခါနီး ထွက်ပြေးလို့ ပြန်မိ သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရဲတွေက လက်ကိုင်တုတ်နဲ့ မိနစ်အတော်အကြာ ခေါင်းနဲ့ ခန္ဓာကိုယ်ကို ရိုက်နေရတာ တွေ့ရပါတယ်။
မစ္စတာ နစ်ကိုးဟာ အခုလို ရိုက်နှက်ခံရလို့ ဆေးရုံတက်ရပြီး သုံးရက်အကြာမှာ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။
အခုလို ရဲတွေက သူ့ကို ဆွဲထုတ်နေတဲ့အချိန်မှာ မစ္စတာ နစ်ကိုးက သူဘာမှမလုပ်ဘူးလို့ ပြောနေတဲ့ အသံကိုလည်း ကြားရမှာဖြစ်ပြီး အစပိုင်းမှာ ရဲတွေ အမိန့်ပေးတဲ့အတိုင်း သူလိုက်နာခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
သူ့ကို ဖမ်းဆီးရိုက်နှက်မှုမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေက အစောပိုင်းမှာ မစ္စတာ နစ်ကိုးဟာ မဆင်မခြင် ကားမောင်းတယ်၊ ရဲကားကို ထိခိုက်အောင်လုပ်တယ်၊ မူးယစ်ဆေး သုံးထားတယ် အစရှိသဖြင့် စွပ်စွဲမှုတွေ လုပ်ခဲ့ပေမယ့် သက်သေမပြနိုင်ခဲ့ဘဲ မစ္စတာ နစ်ကိုးရဲ့ ကားထဲမှာလည်း ဘာမူးယစ်ဆေးဝါးမှ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
အဓိကအနေနဲ့ ရဲတွေက ဗီဒီယိုမှာ တွေ့ရချက်အတိုင်း ဘာကြောင့် အစပိုင်းကတည်းက ခပ်ကြမ်းကြမ်း လုပ်ရသလဲဆိုတဲ့အပေါ် ခိုင်မာတဲ့ အကြောင်းပြချက် မပေးနိုင်တာကို တွေ့ရပြီး ရိုက်နှက်မှုကို ဘာလို့ အတော်အတန်ကြာ လုပ်နေသလဲ ဆိုတာကိုပါ ပြန်လည် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
မစ္စတာ နစ်ကိုး သေဆုံးအပြီး သီးခြား ဆေးစစ်ချက်အရ အပြင်းအထန် ရိုက်နှက်ခံရမှုကြောင့် သွေးထွက်လွန်ပြီး သေဆုံးခဲ့တာ ဖြစ်ကြောင်း သူ့မိသားစုရဲ့ ရှေ့နေတွေက ပြောဆိုခဲ့ပေမယ့် ဆေးစစ်မှု အစီရင်ခံစာ အပြည့်အစုံကိုတော့ မထုတ်ပြန်သေးပါဘူး။








