အကောင့်တုတွေနဲ့ မထောက်လှမ်းဖို့ LAရဲတွေကို ဖေ့စ်ဘွတ်ခ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နိုင်ငံ LA လော့စ်အိန်ဂျယ်လိစ်မြို့ ရဲဌာနဟာ ဖေ့စ်ဘွတ်ခ် အကောင့်တုတွေနဲ့ ထောက်လှမ်းရေးလုပ်နေတဲ့အတွက် ဒီလို ဆက်မလုပ်ဖို့ ဖေ့စ်ဘွတ်က စာပို့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရဲဌာနဟာ နည်းပညာကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ရာဇဝတ်မှုတိုက်ဖျက်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သုံးစွဲ လေ့လာနေတယ် ဆိုပြီး ယူကေနိုင်ငံ ဂါးဒီးယန်း သတင်းစာက ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီရဲဌာနဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ သူတို့ဌာနအောက်က ရဲတွေကို အကောင့်တုတွေ ဖွင့်ဖို့ ညွှန်ကြားချက်ပါ ထုတ်ထားပြီး အဲဒီအထဲမှာ ဖေ့စ်ဘွတ်ခ်ကိုလည်း ဥပမာတခုအနေနဲ့ တိတိလင်းလင်း ဖော်ပြထားခဲ့တာကို သိရှိထားတယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ ဒုဥက္ကဌ ရွိုင်းအော်စတင်က လော့စ်အိန်ဂျယ်လိစ် ရဲဌာနကို ပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။
ရဲဌာနတွင်း ခွင့်ပြုမှုနဲ့ ဖေ့စ်ဘွတ်ရဲ့ တောင်းဆိုမှု
လော့စ်အိန်ဂျယ်လိစ် ရဲဌာနဟာ အခုလို ညွှန်ကြားချက် ထုတ်ရုံသာ မကသေးဘဲ ဌာနရဲ့ မူဝါဒတွေ အရပါ 'အွန်လိုင်း စုံစမ်းရေး' ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အကောင့်တုတွေ ဖန်တီးဖို့ ခွင့်ပြုထားတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ အများပြည်သူ ရပိုင်ခွင့် ဆိုင်ရာ ဒုအတိုင်ပင်ခံချုပ် လည်း ဖြစ်တဲ့ ရွိုင်းအော်စတင်က ဆိုပါတယ်။
အခုလို အဲဒီရဲဌာနမှာ မူဝါဒရှိတာမျိုးဟာ တရားဥပေဒနဲ့အညီ ဖြစ်မဖြစ် ဆိုတဲ့ကိစ္စက အဲဒီဌာနနဲ့သာ သက်ဆိုင်တယ်လို့ ဆိုနိုင်ပေမယ့် ဖေ့စ်ဘွတ်ခ်မှာ အကောင့်လာဖွင့်တဲ့ ဒီဌာနရဲ့ ရဲတွေကတော့ ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒအတိုင်း လိုက်နာရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်က အခုလို ပေးပို့ခဲ့တဲ့စာထဲမှာ လော့စ်အိန်ဂျယ်လိစ်ရဲဌာန အနေနဲ့ အကောင့်တုတွေ သုံးတာ၊ အခြားလူတယောက်အစား အယောင်ဆောင်တာနဲ့ ထောက်လှမ်းရေးအတွက် အချက်အလက် စုဆောင်းတာတွေ အားလုံးကို ရပ်ဆိုင်းသင့်တယ် လို့လည်း နောက်ဆုံး တောင်းဆိုထားပါတယ်။
ဘယ်လောက်အထိ ဆိုရှယ်မီဒီယာမှာ ထောက်လှမ်းနေခဲ့တာလဲ
လော့စ်အိန်ဂျယ်လိစ် ရဲဌာနဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အကောင့်တုတွေသုံး ထောက်လှမ်းရုံသာမကသေးပဲ ထောက်လှမ်းရေး ဆော့ဖ်ဝဲတွေကိုပါ အသုံးပြုပြီး အချက်အလက် ရယူတာမျိုး ၂၀၁၉ ခုနှစ်မှာ လုပ်ခဲ့တယ် ဆိုတဲ့အချက်လည်း ထွက်ပေါ်လာခဲ့ပါတယ်။
တရားမျှတရေးဆိုင်ရာ ဘရန်နန် အဖွဲ့က အများပြည်သူ တောင်းယူကြည့်ရှုနိုင်တဲ့ မှတ်တမ်းတွေမှာ လေ့လာချက်အရ လော့စ်အိန်ဂျယ်လိစ်ရဲဌာနဟာ ၂၀၁၉ ခုနှစ်မှာ Voyager Labs ရဲ့ လူမှုကွန်ရက်သုံး ထောက်လှမ်းရေး ဆော့ဖ်ဝဲကို အသုံးပြုပြီး သံသယတရားခံတွေရဲ့ အချက်အလက်တွေကိုသာမက ဆက်စပ်နေတဲ့ မိတ်ဆွေတွေရဲ့ အချက်အလက်တွေကိုပါ စုဆောင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။
Voyager Labs ကုမ္ပဏီကတော့ သူတို့ရဲ့ ဆော့ဖ်ဝဲဟာ အလွန်များပြားတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ရာဇဝတ်မှုတွေကို ဖြေရှင်းနိုင်ရာမှာ ထောက်လှမ်းခံရသူရဲ့ ရည်ရွယ်ရင်းနဲ့ ယုံကြည်ချက်တွေကိုပါ မှန်းဆ တွက်ချက်ပေးနိုင်တယ်လို့ ဆိုပါတယ်။
လော့စ်အိန်ဂျယ်လိစ် ရဲဌာနက ဘီဘီစီကို အီးမေးလ်နဲ့ ပြန်ကြားရာမှာတော့ အဲဒီ ဆော့ဖ်ဝဲဟာ လမ်းပေါ်မှာ ဂိုဏ်းဖွဲ့ လှုပ်ရှားသူတွေရဲ့ လုပ်ဆောင်မှုတွေကို ထောက်လှမ်းရာမှာ အသုံးဝင်သလို၊ လုယက်မှုနဲ့ လူသတ်မှုတွေအတွက် သက်သေအထောက်အထား ရှာဖွေရာမှာလည်း အထောက်အကူ ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto
ဖေ့စ်ဘွတ်ခ်ကိုယ်တိုင်ရဲ့ မေးခွန်းထုတ်စရာ အသုံးပြုသူ ကာကွယ်ပေးမှု
ဖေ့စ်ဘွတ်ခ်ဟာ လော့စ်အိန်ဂျယ်လိစ်ရဲဌာနရဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်ပေမဲ့လည်း သူတို့ကိုယ်တိုင်ကတော့ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေတဲ့ နိုင်ငံရေးကြော်ငြာတွေနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို မပိတ်ပင်ဘဲ လူငယ်တွေအပေါ် လူမှုကွန်ရက်စာမျက်နှာတွေရဲ့ ဆိုးကျိုး သက်ရောက်မှုတွေကိုလည်း မျက်ကွယ်ပြုနေတယ်လို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ရောဘတ်ပေါ်တာက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ဟာ သူတို့ ကိုယ်တိုင်ရဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်က ကလေးသူငယ် လူကုန်ကူးမှုတွေ၊ အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ ဆက်သွယ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါ အခြေအနေဆိုင်ရာ သတင်းမှားပြဿနာတွေကို ဖြေရှင်းနေရတာ ဖြစ်တယ်လို့ တရားဥပဒေနဲ့အညီ ထောက်လှမ်းရေးဆိုင်ရာ လုံခြုံရေးကိစ္စတွေမှာ အထူးပြု ကျွမ်းကျင်သူလည်း ဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ပေါ်တာက ဆိုပါတယ်။
မစ္စတာ ပေါ်တာဟာ အမေရိကန်နိုင်ငံ အခြေစိုက် ဝါရှင်တန်ပို့စ်သတင်းစာရဲ့ ဆိုင်ဘာ လုံခြုံရေးဌာနကို ထူထောင် တည်ဆောက်ပေးခဲ့သူဖြစ်ပြီး သြစတြေးလျ အစိုးရဲ့ ဆိုင်ဘာလုံခြုံရေးအတွက် အကြံပေးနေသူ တဦးလည်း ဖြစ်ပါတယ်။
တဖက်မှာတော့ ဖေ့စ်ဘွတ်ခ်ဟာ သူတို့ရဲ့ စာမျက်နှာတွေပေါ်က နိုင်ငံရေးကြော်ငြာတွေကို သုတေသနလုပ်နေသူ အမေရိကန်ပညာရှင်တွေရဲ့ အကောင့်တွေကိုတော့ အကောင့်စစ်ဖြစ်ပြီး တာဝန်ခံမှုလည်း ယူထားတဲ့ကြားက ပိတ်ပင်တာမျိုး လုပ်ခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်ကတော့ အဲဒီ သုတေသီတွေ အသုံးပြုတဲ့ အချက်အလက်စုဆောင်းရေး အင်တာနက်ဘရောင်ဆာ ဆော့ဖ်ဝဲ တွေဟာ ဖေ့စ်ဘွတ်ခ်ရဲ့ လုံခြုံရေးကို သက်ရောက်မှု ရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
အဲဒီ ပညာရှင်တွေကတော့ သူတို့အနေနဲ့ အွန်လိုင်းမှာ ဒီမိုကရေစီ နည်းလမ်းကျ ဖြစ်စေရေးနဲ့ လူမှုကွန်ရက်စာမျက်နှာတွေရဲ့ လုပ်ကိုင်တဲ့ ပုံစံတွေ ပွင့်ပွင့်လင်းလင်း ရှိစေရေးအတွက် သူတို့ရဲ့ သုတေသနက အရေးကြီးတယ်လို့ ပြောဆိုထားကြပါတယ်။
တရားဥပဒေနဲ့အညီ ထောက်လှမ်းရေး ဘယ်လိုခွင့်ပြုသင့်သလဲ
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေက အွန်လိုင်းမှာ သူတို့ ဘယ်သူဘယ်ဝါဆိုတာကို မထုတ်ဖော်နိုင်တဲ့အတွက် အကောင့်တုဖွင့်တာမျိုး၊ အင်တာနက် ပိတ်ပင် ကန့်သတ်မှုတွေရှိတဲ့ နိုင်ငံတွေက အသုံးပြုသူတွေက အကောင့်တု ဖွင့်ရတာမျိုးကတော့ ဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ မစ္စတာ ပေါ်တာက ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်အနေနဲ့ သူတို့ရဲ့ စာမျက်နှာပေါ်က ဆိုးကျိုးဖြစ်စေသူတွေကို ခြုံငုံနှိမ်နင်းတာမျိုး မလုပ်ဘဲနဲ့ တဖက်မှာ အခုလို ပညာရှင်နဲ့ တက်ကြွလှုပ်ရှားသူတွေက သူတို့ရဲ့ မူဝါဒအတိုင်း မလိုက်နာဘူးဆိုပြီး ပိတ်ပင်စရာ အကြောင်းမရှိဘူးလို့ သူက ဝေဖန်ပါတယ်။
ဘုရားကျောင်းတွေမှာ ရဲအရာရှိတဦးက အသွင်ယူ မထောက်လှမ်းရဘူးဆိုတဲ့ ဥပဒေ မရှိတဲ့နည်းတူပဲ ဖေ့စ်ဘွတ်ခ်ကလည်း သူတို့ရဲ့ စာမျက်နှာပေါ်မှာ အခုလို မလုပ်ရဘူးဆိုပြီး ပြောပိုင်ခွင့် မရှိဘူးလို့ မစ္စတာ ပေါ်တာက သုံးသပ် ပြောဆိုခဲ့ပါတယ်။










