ဖေ့စ်ဘွတ်ခ်က မြန်မာ့အရေး လူသားမျိုးနွယ် ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေ ကုလကို ပေးမှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံအတွင်းက နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖေ့စ်ဘွတ်ခ်က လွှဲပြောင်းပေးမယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား IIMM ရဲ့ အကြီးအကဲ မစ္စတာ နစ်ကလပ်စ် ခွန်မ်ဂျန် က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက စပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ပြင်းထန်တဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေ ရှိသလား ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ IIMM အဖွဲ့ ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဦးဆောင် ညွှန်ကြားမှုနဲ့ ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
IIMM အနေနဲ့ အခုလို စုံစမ်းစစ်ဆေးမှုတွေကနေ နိုင်ငံအဆင့်၊ ဒေသတွင်း အဆင့်နဲ့ နိုင်ငံတကာ တရားရုံး အဆင့်တွေမှာ တရားစွဲဆို အမှုဖွင့်နိုင်အောင် အမှုတွဲတွေ တည်ဆောက်ဖို့ အတွက် အခုလို အချက်အလက်တွေ စုဆောင်းနေတာ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ် ကုမ္ပဏီကတော့ သူတို့ဟာ IIMM နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ အစောပိုင်းက ပြောဆိုထားပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေဟာ မြန်မာနိုင်ငံမှာ လူမှုကွန်ရက် စာမျက်နှာပေါ်က အမုန်းစကား ဖြန့်ချိ ပြောကြားမှုတွေကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ် စေခဲ့တယ်လို့ ပြောဆိုထားခဲ့ဖူးပါတယ်။
ဖေ့စ်ဘွတ်ခ်ကတော့ အခုလို အမုန်းစကား ဖြန့်ချိမှုတွေကို ပိတ်ပင်ဖို့ လုပ်ဆောင်နေတယ်လို့ တုံ့ပြန်ထားပါတယ်။
IIMM အနေနဲ့ ကတော့ ၂၀၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းကတည်းက ဖေ့စ်ဘွတ်ခ်နဲ့ ပူးပေါင်း ဆောင်ရွက်နေခဲ့တာ ဖြစ်တယ်လို့လည်း မစ္စတာ ခွန်မ်ဂျန်က ပြောပါတယ်။
မစ္စတာ ခွန်မ်ဂျန်ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အခြေစိုက် ဖွဲ့စည်းထားတဲ့ IIMM အဖွဲ့ ကို ဦးဆောင်နေသူ ဖြစ်ပြီး သူ နယူးယောက်မြို့ကို ရောက်ရှိစဉ်မှာ သတင်းသမားတွေကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
IIMM အနေနဲ့ ဖေ့စ်ဘွတ်ခ်ဆီက အခုလို အချက်အလက်တွေ တောင်းခံနေခဲ့ရာမှာ ရတဲ့ အချက်အလက်တွေ ရှိပေမယ့် တောင်းထားသလောက် ဖေ့စ်ဘွတ်ခ်ဘက်က အကုန်မပေးဘူးလို့ လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
IIMM အနေနဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ပုံမှန် အစည်းအဝေးတွေ ပြုလုပ်ကာ ဆက်လက် ညှိနှိုင်းနေပြီး နောက်ထပ် အချက်အလက်တွေ ထပ်ရလိမ့်မယ်လို့လည်း မစ္စတာ ခွန်မ်ဂျန်က မျှော်လင့်နေပါတယ်။
IIMM ဘက်က တောင်းခံထားပြီး ဖေ့စ်ဘွတ်ခ်ဘက်က မပေးသေးတဲ့ အချက်အလက်တွေကို အခုအချိန်မှာ ပေးအပ်ဖို့ ပြန်လည် စဉ်းစားနေတာကို သိရတယ်လို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်က အချက်အလက်တွေ ထုတ်ပေးထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တရားဝင်ဖွင့်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တွေဟာ ပြည်သူတွေကို သတင်းမျှဝေတာပဲ ဖြစ်တာကြောင့် အမုန်းစကားတွေပြောခဲ့တယ်ဆိုတဲ့ အချက်ကို ရှာဖွေနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုမရှိဘူးလို့ မြန်မာစစ်တပ်ဘက်က ပြောခွင့်ရသူက စစ်အာဏာသိမ်း မတိုင်ခင်က တုံ့ပြန်ထားဖူးပါတယ်။
မြန်မာနိုင်ငံဟာ အစိုးရတပ်တွေက ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေကို စစ်အင်အားသုံး ဖိနှိပ်မှုကြောင့် ရိုဟင်ဂျာ ၇၃၀,ဝ၀ဝ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး အဲဒီ ဖြစ်စဉ်မှာ လူမျိုးတုန်းစေမှု (Genocide) ကျူးလွန်တယ် ဆိုပြီး နိုင်ငံတကာ တရားရုံး ICJ မှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုန်းစေမှု ကျူးလွန်တယ်ဆိုတဲ့အပေါ် ငြင်းဆန်ထားပြီး ရဲစခန်းတွေကို တိုက်ခိုက်တဲ့ စစ်သွေးကြွတွေကို အစိုးရတပ်တွေက တရားဥပဒေအတိုင်း နှိမ်နင်းတာသာ ဖြစ်တယ်လို့ တုံ့ ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု သက်သေတွေ ရှိတယ်လို့ လည်း မစ္စတာ ခွန်မ်ဂျန် က ပြောဆိုထားပါတယ်။
IIMM အဖွဲ့ အနေနဲ့ အခုလို ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ သက်သေခံချက်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်က ရေးသားမှု အစရှိသဖြင့် သက်သေပေါင်း တသန်းခွဲ ကျော် လောက် အထိ ရရှိထားတယ်လို့ ဆိုပါတယ်။








