စစ်မှုထမ်းဥပဒေအတွက် စစ်ကောင်စီဘယ်လို ခြေလှမ်းဆက်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်ကမှ အသက်ဝင်တယ်လို့ အမိန့်ထုတ်ခဲ့တဲ့ ပြည်သူစစ်မှုထမ်းဥပဒေ အတွက် တစ်လမပြည့်သေးခင်မှာပဲ နည်းဥပဒေ(တတိယမူကြမ်း)အဆင့်ထိ ရေးဆွဲထားပြီးပြီဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြောလာပါတယ်။
ဒီပြည်သူ့စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ဖို့ ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေကိုမကြာခဏလုပ်နေတာတွေ့ရပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ စစ်မှုထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးသူတွေ စစ်မှုထမ်းကာလပြီးဆုံးတဲ့အခါ သူတို့ရဲ့မူလအလုပ်အကိုင်တွေကို ပြန်လည်ခန့်အပ်ဖို့အတွက် ' စစ်မှုထမ်းတွေ အလုပ်အကိုင်ပြန်လည်ခန့်အပ်ရေးအဖွဲ့' ကို ဖေဖော်ဝါရီ ၂၅ ရက်က ဖွဲ့စည်းခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေရဲ့ အခန်း (၄) ခံစားခွင့်များပါအချက်အရ ပြည်သူ့စစ်မှုထမ်း ကာလပြီးဆုံးတဲ့အခါ ဝန်ထမ်းတစ်ယောက်ဟာ သူရဲ့ မူလထမ်းဆောင်ခဲ့တဲ့ အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်ကို အလုပ်ရှင်က ခန့်ထားရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့်လည်း စစ်ကောင်စီက မူလအလုပ်အကိုင်တွေက ပြန်လည်ခန့်အပ်ဖို့အတွက်လည်း ခန့်အပ်ရေးအဖွဲ့တွေဖွဲ့တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြောပေမဲ့ အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောတာမရှိပါဘူး။
စစ်ကောင်စီဘက်က ပြဋ္ဌာန်းဥပဒေတွေကို အကောင်အထည်ဖော်ဖို့ အဓိကကျတဲ့နည်းဥပဒေကို တစ်လမပြည့်ခင် ရက်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာတဲ့အပြင် စစ်မှုထမ်းသင်တန်းကျောင်းတွေကိုပါ ဆောင်ရွက်ထားပြီးပြီလို့လည်း ပြောနေပါတယ်။
စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရသူတွေဟာ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေနဲ့ စစ်အခြေခံလေ့ကျင့်ရေးတပ်တွေမှာ သင်တန်းတက်ရနိုင်ကြောင်း စစ်တပ်အရာရှိဟောင်းတွေနဲ့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေဟာ ပုံမှန်ဆိုရင်တော့ တဆင့်မြင့်ရာထူးပေးမယ့်သူတွေ တက်ရောက်ရတဲ့ နေရာဖြစ်ပြီး စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကတော့ ပုံမှန်စစ်သားစုဆောင်းရေးတပ်တွေက ရောက်ရှိလာသူတွေ တက်ရောက်ရတာပါ။
မြန်မာနိုင်ငံရဲ့ ဒေသအနှံ့နီးပါးမှာ စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းများရဲ့အောက်မှာရှိနေတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၁၄ ခုရှိပြီး စစ်အခြေခံလေ့ကျင့်ရေးတပ်ကတော့ ၁၁ ခုရှိပါတယ်။
'' သင်တန်းတစ်ခုမှာ လူ ၂၅၀ ခန့်တက်ရောက်နိုင်တယ်။ သင်တန်းအပတ်စဥ် ၁ ကို အရေအတွက် ၅၀၀၀ နဲ့ စတင်ဖွင့်မယ်လို့ပြောထားတာကြောင့် သင်တန်းကျောင်း နေရာ ၂၀ ခန့် စီစဥ်ထားနိုင်တယ်'' လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ မြန်မာနှစ်သစ်ကူးအပြီး ဧပြီလနှောင်းပိုင်းမှာ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဥ်တွေစမယ်လို့ပြောထားပြီး ဇွန်လ ၁ ရက်မှာ အပတ်စဥ် ၁ ကို စဖွင့်နိုင်တယ်လို့ စစ်ရေးနီးစပ်တဲ့သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
'' သင်တန်းကာလက ၄လ ကနေ ၆ လခန့် ကြာမြင့်မှာဖြစ်ပြီး ကျန်တဲ့တစ်နှစ်ကျော်ကာလကို စစ်မှုထမ်းဆောင်ရမယ်လို့သိထားတယ်'' လို့ သတင်းရင်းမြစ် တချို့က ပြောပါတယ်။
ဒီအချက်တွေကို အတည်ပြုနိုင်ဖို့ ဘီဘီစီက စစ်ကောင်စီဘက်ကိုမေးမြန်းထားပြီး ပြန်လည်ဖြေကြားတာတော့မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်သင်တန်းမှာ ဘာတွေ သင်ရနိုင်သလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သင်တန်းတက်ရောက်ရမယ့်သူတွေဟာ အခြေခံစစ်ရေးပြသင်တန်း၊ စစ်မြေပြင်ကိုယ်စီကျွမ်းကျင်မှု၊ လက်နက်ငယ်၊လက်နက်ကြီးသင်တန်း၊ စစ်ဗျူဟာ၊ မြန်မာ့သိုင်းနဲ့ စစ်လက်ရုံးဘာသာရပ်အမျိုးမျိုးကို သင်ယူရမှာလို့ CDM တပ်အရာရှိဟောင်းတချို့က သူတို့အတွေ့အကြုံနဲ့ယှဥ်ပြီး ပြောဆိုပါတယ်။
'' သင်တန်းဆင်းပြီးသွားပြီးဆိုရင်တော့ တိုက်ခိုက်ရေးတပ်သား ပုံမှန်စစ်သားအဖြစ် ထမ်းဆောင်ရမှာပါ။ အရင်တုန်းကတော့ တပ်သားသစ်တွေကို ရှေ့တန်းစစ်မျက်နှာပြင်ကို မခေါ်ဖို့ နောက်တန်းမှာ လေ့ကျင့်သင်ကြားဖို့ အဲ့လိုမျိုး ညွှန်ကြားချက်တော့ ရှိတယ်။ ဒါပေမယ့် အခု အနေအထားက အရေးပေါ်လိုတာဆိုတော့ ရှေ့တန်းမဟုတ်ရင်တောင် အဓိကျတဲ့စခန်းတွေကို ပို့ဖို့ များတယ်လို့ ပြောလို့ရတယ်'' လို့ စစ်တပ် CDM ဗိုလ်ကြီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သင်တန်းကာလပြီးဆုံးရင် ကျန်ရှိတဲ့ စစ်မှုထမ်းကာလကို မိမိရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့တွေမှာသာ ဝာာဝန်ထမ်းဆောင်ဖို့ရည်ရွယ်ကြောင်း ပြောကြားထားပါတယ်။
တဖက်မှာလည်း လက်ရှိမြန်မာစစ်တပ်ရဲ့ တပ်အင်အားလျော့နည်းလာမှု၊ တပ်သားသစ်စုဆောင်းမှုနည်းပါးလာမှုနဲ့ နိုင်ငံတဝန်း ကျယ်ပြန့်တဲ့စစ်မျက်နှာပြင်တွေကြောင့် အရန်အင်အားစုဖွဲ့မှု မရှိတော့သလောက်ဖြစ်လာချိန်မှာ စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေဟာ ရှေ့တန်းကို စေလွှတ်ခံရဖို့များတယ်လို့ စစ်ရေးနီးစပ်တဲ့သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းနိုင်တဲ့ အရေအတွက် အနည်းဆုံး ၁၃ သန်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ရပ်ကွက်နဲ့ ကျေးရွာ ပေါင်း ခြောက်သောင်းကျော်ရှိတဲ့ အတွက် စစ်မှုထမ်းရမယ် ဆိုပါက ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုမှာ တစ်ဦး သို့မဟုတ် နှစ်ဦး ထက် မပိုနိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောထားပါတယ်။
ဒါ့အပြင်စစ်ကောင်စီထိန်းချုပ်ထားတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ဒီဥပဒေအသက်ဝင်တယ်ဆိုတာနဲ့အတူ သန်းခေါင်စာရင်းနဲ့လူဦးရေစာရင်း ကောက်ခံမှုတွေကို လုပ်နေတာဖြစ်ပါတယ်။
နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ ဒီဥပဒေအကြောင်းပြကာ စစ်ကောင်စီရဲ့ ရပ်ရွာအာဏာပိုင်တွေရဲ့ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကို ခံရနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။ ဒါ့ကြောင့်လည်း စစ်ကောင်စီအနေနဲ့ ဘဘောဆန္ဒအလျောက်စစ်မှုထမ်းလိုသူတွေကိုဦးစားပေးခေါ်တာမျိုးလုပ်သင့်တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိနေပါတယ်။
'' ဒီဥပဒေအသက်ဝင်တယ်လို့ပြောပြီးတဲ့နောက်မှာ ဆိုရှယ်မီဒီယာတွေမှာပို့စ်တွေတက်လာတယ်။ လူငယ်လူရွယ်တွေပျောက်တယ်။ ဖမ်းသွားတယ်။ ခေါ်သွားတယ်ဆိုပြီးရေးကြပြောကြတယ်။ ခြေခြေမြစ်မြစ်ရှိတာရောမရှိတာတွေရောတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ်လူထုက အကြောက်တရားနဲ့ စိုးရိမ်စိတ်နဲ့နေရတယ်။ ဒါကိုလည်း စစ်တပ်အာဏာပိုင်တွေကနားလည်ဖို့လိုတယ်။ ကိုယ့်အောက်ခြေကလူတွေက လူထုအပေါ်မှာ ဒီလိုအကြောက်တရားဖြစ်စေတာတွေကို မဖန်တီးအောင် တင်းကျပ်ဖို့လိုတယ်'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းအသက်ဝင်တဲ့ကြေညာပြီးနောက်မှာပဲ ပြည်တွင်းကနေ အိမ်နီးချင်းထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေဆီ ထွက်ခွာမှုတွေက တရားဝင်ရော၊ တရားမဝင်ပါ အများအပြားရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကရင်အမျိုးသားအစည်းအရုံးက KNU ကတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုမလိုက်နာဖို့ပြောထားပြီး ဒီဥပဒေအသက်ဝင်တယ်ဆိုတဲ့အပေါ်မှာလည်း ပြစ်တင်ဝေဖန်ထားပါတယ်။
KNU ကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ပြည်ပကျူးကျော်ရန်ကို ကာကွယ်ဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတာနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေမှာ အကူအညီပေးဖို့ ရည်ရွယ်ထားတဲ့ ဥပဒေဖြစ်တာကြောင့် စစ်ကောင်စီရဲ့ အခုအချိန်မှာ စစ်မှုထမ်းဥပဒေကိုအသက်သွင်းမှုက လက်ခံစရာမရှိဘူးလို့ ပြောထားပါတယ်။
စစ်ကောင်စီဟာ ဥပဒေပြဋ္ဌာန်းပြီး လူငယ်မျိုးဆက်နဲ့ လုပ်သားအရင်းအမြစ်မျိုးဆက်တစ်ခုလုံးကို အတင်းအကျပ်စစ်သားစုဆောင်းကာ စစ်နွံအတွင်း ဆွဲသွင်းတာဖြစ်သလို စစ်အာဏာကို သက်ဆိုးရှည်ဖို့ ကျင့်သုံးတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။











