နျူကလီးယား စစ်ရေးလေ့ကျင့်မှုကြီး လုပ်ခဲ့တယ်လို့ ရုရှားပြော

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားဟာ နျူးကလီယား စစ်ဆင်မှုကြီး တခုကို လေ့ကျင့်ခဲ့ကြောင်း ကရင်မလင်က ပြောပါတယ်။
အဲဒီလေ့ကျင့်မှုထဲမှာ ရန်သူရဲ့ နျူကလီးယား တိုက်ခိုက်မှုကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာလည်း ပါဝင်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဆာဂေ ရွှိုင်ဂူက ပြောပါတယ်။
နိုင်ငံပိုင် ရုပ်မြင်သံကြားပေါ်မှာ သူက သမ္မတ ဗလာဒီမီယာ ပူတင်ကို အစီရင်ခံနေပုံကို ပြသခဲ့ပါတယ်။ နျူကလီးယား ထိပ်ဖူး စမ်းသပ်မှုတွေ မလုပ်ဖို့ ပိတ်ပင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်ကနေ မော်စကိုနုတ်ထွက်ဖို့ ကိစ္စကို ရုရှားပါလီမန်က ထောက်ခံပေးခဲ့ပြီးနောက်မှာ အခုလို လေ့ကျင့်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားရော အမေရိကန် ပြည်ထောင်စုရော နျူကလီးယား အသင့်ဖြစ်မှု လေ့ကျင့်ခန်းတွေကို နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ ရှိပြီး မော်စကိုကတော့ အောက်တိုဘာလကုန်ပိုင်းမှာ အမြဲ လုပ်လေ့ လုပ်ထ ရှိပါတယ်။ အခုနှစ် လေ့ကျင့်ခန်းမှာတော့ ရန်သူ့ နျူကလီးယား တိုက်ခိုက်မှုကို မဟာဗျူဟာမြောက် တိုက်ခိုက်ရေး တပ်ဖွဲ့တွေက ပြင်းထန်တဲ့ နျူကလီးယား စစ်ဆင်မှုနဲ့ တုံ့ပြန်ခြင်း လေ့ကျင့်ခန်းကို လုပ်ခဲ့ကြောင်း မစ္စတာ ရွှိုင်ဂူက သမ္မတ ပူတင်ကို ပြောခဲ့ပါတယ်။
ကရင်မလင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည် ပစ်လွှတ်မှုတွေကို လက်တွေ့ လေ့ကျင့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
Yars လို့ ခေါ်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်ကို ရုရှား အရှေ့ဖျားက စမ်းသပ်ဒေသထဲကနေ ပစ်လွှတ်မှု လုပ်ခဲ့သလို နောက်တစင်းကိုလည်း Barents Sea ပင်လယ်ရေအောက်မှာ ရှိနေတဲ့ နျူကလီးယား ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဒီ စမ်းသပ်ပစ်လွှတ်မှုတွေနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကိုလည်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီလ အစောပိုင်းက မစ္စတာ ပူတင်က ရုရှားဟာ နျူကလီးယား စွမ်းအင်သုံး ခရုဇ်ဒုံးကျည်ကို နောက်ဆုံးအကြိမ် စမ်းသပ်မှု အောင်မြင်ခဲ့ပြီ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။
အဲဒီ စမ်းသပ် ဒုံးကျည်ကို ၂၀၁၈ က စတင် ကြေညာခဲ့ပြီး ဘယ်လို အကွာအဝေးကိုမဆို ရောက်နိုင်မယ့် ဒုံးလက်နက်လို့တောင် ဆိုကြပါတယ်။ ဒါပေမယ့် သမ္မတ ပူတင်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်မျိုး မကြားရသေးပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုနောက်ဆုံး လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေကလည်း မော်စကိုဘက်က အပြည်ပြည်ဆိုင်ရာ နျူကလီးယား စမ်းသပ်မှု ပိတ်ပင်တားဆီးရေး စာချုပ်ကနေ နုတ်ထွက်ချိန်နဲ့ တိုက်ဆိုင်ပြီး အင်အားပြတဲ့ သဘောနဲ့ လုပ်တာ ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဗုဒ္ဓဟူးနေ့ကပဲ စာချုပ်ကနေ နုတ်ထွက်တဲ့ဥပဒေကို ရုရှား ပါလီမန်မှာ အပြီးသတ်ဆွေးနွေးအတည်ပြုပေးခဲ့ကြပါတယ်။
မစ္စတာ ပူတင်က သူ့ ဝန်ကြီးတွေကို CTBT လို့ခေါ်တဲ့ လုံးဝဥဿုံ နျူကလီးယား စမ်းသပ်မှု မလုပ်ရေး သဘောတူ စာချုပ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အနေအထားနဲ့ ပတ်သက်လို့ တုံ့ပြန်ထင်ဟပ်ဖို့အတွက် ဒီအပြောင်းအလဲကို ထောက်ခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က ကမ္ဘာ့ ဘယ်နေရာဒေသမှာ မဆို နျူးကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု သို့မဟုတ် ဘယ် နျူကလီးယား ဖောက်ခွဲမှုမျိုးကိုမှ မစမ်းသပ်ဖို့ အတွက် Comprehensive Nuclear Test Ban Treaty (CTBT) ကို ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်က သဘောတူ လက်မှတ်ထိုးထားပေမဲ့ လိုက်နာဖို့ အတွက် ဥပဒေပြဋ္ဌာန်း တာမျိုးအထိ မလုပ်ထားသေးပါဘူး။
ရုရှားက ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလအတွင်း ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲ ခဲ့ပြီးနောက် နျူကလီးယား စစ်ပွဲ ဖြစ်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ရုရှားက ဘယ်လာရုဇ်ထဲမှာ နျူကလီးယား လက်နက် ပထမသုတ်ကို ချထားခဲ့ပါတယ်။ မစ္စတာ ပူတင်က ရုရှားရဲ့ နယ်နမိတ်ကို ထိပါးလာမှသာ သုံးမယ်လို့ ဖိုရမ်မှာ ပြောခဲ့ပါတယ်။
အမေရိကန် အစိုးရကတော့ ကရင်မလင်ဟာ ယူကရိန်းကို နျူကလီးယား လက်နက်တွေ သုံးပြီး တိုက်ခိုက်မယ့် အရိပ်အယောင် မမြင်ရသေးကြောင်း ပြောပါတယ်။








