နယ်သာလန်နိုင်ငံအရှေ့ပိုင်းမြို့က ညကလပ် ပြန်ပေးဆွဲမှု အဆုံးသတ်

နယ်သာလန်၊ ပြန်ပေးဆွဲမှု၊

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ညကလပ်ပြန်ပေးဆွဲမှု ၆ နာရီနီးပါး အကြာမှာ သံသယတရားခံကို ဖမ်းဆီးလိုက်

နယ်သာလန်နိုင်ငံ အရှေ့ပိုင်း အေဒါမြို့က ညကလပ်တစ်ခုမှာ လူတွေကို ပြန်ပေးဆွဲထားတဲ့ ဖြစ်ရပ် အခုအခါ အဆုံးသတ်သွားပြီဖြစ်ပြီး လူတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

စနေနေ့မနက် လင်းအားကြီးအချိန်မှာ Café Petticoat ညကလပ်ထဲကို အဲဒီလူ ဝင်လာခဲ့ပြီး သူ့ကိုယ်သူ ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ရင်း လူ ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တာလို့ အဲဒီက သတင်းမီဒီယာတွေက ဆိုပါတယ်။

ကနဦးမှာ လူ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အခင်းဖြစ်ချိန်ကစလို့ ၆ နာရီအကြာမှာတော့ စတုတ္ထမြောက် လူ အပြင်ကို ထွက်လာတာ တွေ့ရပါတယ်။

ပြန်ပေးသမား ဘာ့ကြောင့် အခုလို လုပ်တာလဲဆိုတာကို သဲသဲကွဲကွဲ မသိရသေးကြောင်းနဲ့ သူ့ရဲ့ စိတ်ကျန်းမာရေးအခြေအနေ ဘယ်လို ရှိသလဲ ဆိုတာကို စစ်ဆေးနေတယ်လို့ ရဲက ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၅ နာရီ ၁၅ မိနစ်လောက်မှာ ဓားစာခံတွေ ပြန်ပေးဆွဲ ခံထားရဖွယ် ရှိတယ်ဆိုပြီး အာဏာပိုင်တွေထံ အကြောင်းကြားလာခဲ့တာလို့ NOS ဒတ်ချ် သတင်းဌာနက ဆိုပါတယ်။

သတင်းကြားကြားချင်း ၂ မိနစ်အတွင်းမှာပဲ အခင်းဖြစ်ရာ နေရာဆီ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့တယ်လို့ နယ်သာလန်အရှေ့ပိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ အန်း ယန် အွတ်စ်တာ ဟီယာ့တ် က ပြောပါတယ်။

သံသယတရားခံဟာ ကျောပိုးအိတ် အနက်ရောင်ကို လွယ်ထားပြီး သူ့နဲ့ အတူပါလာတဲ့ ဓားအများအပြားကို ဓားစာခံတွေကို ထုတ်ပြခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြန်ပြောပြပါတယ်။

အဲဒီရပ်ကွက်နားက နေအိမ် ၁၅၀ လောက်က လူတွေကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ပြီး မြို့လယ်ကို ပိတ်ထားလိုက်ပါတယ်။

နယ်သာလန်၊ ပြန်ပေးဆွဲမှု၊

ဒီဖြစ်ရပ်ကြောင့် လူအတော်များများကို ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြစ်စေခဲ့တယ်လို့ မြို့တော်ဝန် ရနေး ဗာဟူလ်စ်က ပြောပါတယ်။

ဓားစာခံတွေက ညကလပ် ဝန်ထမ်းတွေဖြစ်ပြီး ပြန်ပေးသမား ဝင်လာချိန်မှာ သန့်ရှင်းရေး လုပ်နေကြတာလို့ သူကပြောပါတယ်။

နောက်ဆုံးကျန်တဲ့ ဓားစာခံ ပြန်လွှတ်ပေးခဲ့အပြီးမှာ မျက်နှာဖုံးဝတ်ထားတဲ့ သံသယ တရားခံက ညကလပ်ထဲကနေ ထွက်လာခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်မှာ သူ့ကို ရဲက လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အခင်းဖြစ်ရာနေရာမှာ ဖောက်ခွဲပစ္စည်း တားဆီးတဲ့ ဌာနက အဖွဲ့ဝင်တွေနဲ့ ရဲတွေကို အကာအကွယ်ဝတ်စုံတွေနဲ့ တွေ့ခဲ့ရပါတယ်။

ရဲအထူးတပ်ဖွဲ့ဝင်အားလုံးနီးပါးကို အဲဒီမှာ နေရာချထားခဲ့တယ်လို့ မစ္စ ယန် အွတ်စ်တာ ဟီယာ့တ် က ပြောပါတယ်။

အေဒါမြို့ အဝင်အထွက် ရထားတွေ အားလုံးကို ဆိုင်းငံ့ထားလိုက်တယ်လို့ NS မီးရထားဌာနရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။