ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့အကြီးဆုံးစိန်ကြီး တစ်လုံးကိုရှာတွေ့ခဲ့တဲ့လူငယ်နှစ်ဦး ဘာဖြစ်သွားပြီလဲ
၂၀၁၇ ခုနှစ်တုန်းကတော့ အဲဒီသတင်းဟာ တကယ့်သတင်းကောင်းဖြစ်ခဲ့ပါတယ်။ ကမ္ဘာတဝန်းက သတင်းစာခေါင်းကြီးပိုင်းတွေကလည်း ဆီယာရာ လီယွန်နိုင်ငံက ‘‘ငြိမ်းချမ်းရေးစိန်တုံးကြီး’’ တွေ့ရှိမှုကို ဖော်ပြခဲ့ကြပါတယ်။
စိန်တွေဟာ သွေးစွန်းမှု၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့အပြည့်လို့ မှတ်ယူခံရတဲ့ အာဖရိကနိုင်ငံ တစ်နိုင်ငံမှာ ဒီစိန်တုံးကနေရရှိတဲ့ချမ်းသာကြွယ်ဝမှုကို ဒေသခံပြည်သူတွေရဲ့ဘဝ တိုးတက်မြင့်မားရာ မြင့်မားကြောင်း အဖြစ်အသုံးပြုခဲ့ကြပါတယ်။
ဒါပေမဲ့ မီဒီယာတွေနဲ့စုပြုံဖော်ပြမှုနောက်မှာတော့ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့လို့ အဲဒီစိန်တုံးကို တွေ့ခဲ့တဲ့ တွင်းတူးသူတွေ အကြောင်းက ရှိနေပါတယ်။
ကွန်ဘာ ဂျွန်ဘူးနဲ့ အန်ဒရူး ဆာဖီယာတို့ဟာ လူ ၅ ဦးပါတဲ့စိန်တူးကြသူတွေအုပ်စုမှာ အငယ်ဆုံးတွေဖြစ်ကြပြီး ဆယ်ကျော်သက်တွေသာ ရှိကြပါသေးတယ်။
မြေကြီးထဲက ကြီးမားတောက်ပနေတဲ့အဲဒီစိန်တုံးကို မြင်တွေ့ရတဲ့အခါမှာတော့ သူတို့အိမ်မက်တွေ အကောင်အထည်ဖော်လာပါတယ်။
ဒါပေမဲ့ ၆ နှစ်ကြာပြီးတဲ့နောက်မှာ သူတို့ရဲ့အံ့သြဘနန်း စိန်တုံးကြီးတွေ့မှုဟာ စိတ်ပျက်စရာဖြစ်လာပါတယ်။
ရှင်သန်ရေး စီစဥ်ရပြီ
ဆာဖီယာဟာ အတန်းထဲမှာ စာတော်တဲ့ကလေးဖြစ်ပေမဲ့ ဆင်းရဲလို့ ကျောင်းထွက်ခဲ့ရသူပါ။ ဂျွန်ဘူးကတော့ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် မိသားစု တကွဲတပြားဖြစ်ခဲ့ရတဲ့သူပါ။
သူတို့နှစ်ယောက်ဟာ ဒေသခံ ခရစ်ယာန်ဓမ္မဆရာတစ်ခုက ထောက်ပံ့မှုနဲ့ စိန်တူးသူ ၅ ဦးပါ အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ သူတို့ လစာမရပေမဲ့ စိန်တူးဖို့သုံးတဲ့အခြေခံကိရိယာတန်ဆာပလာ၊ သူတို့အတွက် စားစရာနဲ့ မိသားစုအတွက် စားစရာတွေ ရပါတယ်။ စိန်တစ်လုံးတွေ့ပြီဆိုရင်တော့ ထောက်ပံ့ပေးသူက ဝေစုအများဆုံးရတဲ့သူတွေ ဖြစ်ပါတယ်။
ရောင်နီစပြီဆိုတာနဲ့ ထန်းလက်မိုးတဲအောက်ကနေ စိန်တွင်းထဲဝင်ပြီး တနေ့လုံးလုပ်ရတဲ့ ပင်ပန်းလွန်းလှတဲ့အလုပ်ချိန်အတိုင်းလုပ်ဖို့ သူတို့ သဘောတူခဲ့ကြပါတယ်။
မျှော်လင့်ချက်ရောင်ခြည်ကတော့ ကျောင်းပြန်တက်နိုင်မယ့်ငွေ လုံလုံလောက်လောက်ရဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်မှာတကယ်ကြုံရတာက စိတ်ချုံးချုံးကျစရာပါ။ ‘‘ကျွန်တော့်အိမ်မက်တွေ ကြေပျက်ကုန်ပြီလို့ ဂျွန်ဘူးကို ကျွန်တော်ပြောခဲ့မိတယ်’’လို့ ဆာဖီယာက ပြောပါတယ်။
သည်းကြီးမည်းကြီးရွာတဲ့မိုးနဲ့ ပူပြင်းလှတဲ့နွေအပူကို သူတို့လို ကျောက်တူးသူတွေ ဖြတ်ကျော်ခဲ့ရတာကိုလည်း ဂျွန်ဘူးတစ်ယောက် မှတ်မိနေပါသေးတယ်။ ‘‘တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်တက်ကြွဖို့ အားပေးစကားပြောခဲ့ကြတယ်။ ဟာသတွေလည်းပြောလို့ပေါ့။ ဘလူးတုလေးနဲ့ သီချင်းလေးတွေတောင် ဖွင့်နားထောင်ကြတယ်။’’
ရုတ်တရက် ချမ်းသာသွားရင် သူတို့ဘာလုပ်ကြမယ်ဆိုတာမျိုးတောင် ဒီလူငယ်တွေ အိပ်မက် မက်ခဲ့ကြပါတယ်။ ဂျွန်ဘူးက နှစ်ထပ်အိမ်တစ်လုံး၊ တိုယိုတာ ခရုဇာကားတစ်စီး လိုချင်ပြီး ဆာဖီယာကတော့ ပညာရေးဆုံးခန်းတိုင်အောင် သင်ယူချင်တာပါ။
စိန်တုံးကြီး
သူတို့ ကံကောင်းတဲ့နေ့ကတော့ တခြားနေ့တုန်းကလိုပဲ စတင်ခဲ့တာဖြစ်ပါတယ်။ မိုင်းတွင်းထဲ မသွားခင်မှာ မနက်စာအတွက် ငှက်ပျောသီးပြုတ်စား၊ တောင်းဆုပြုခဲ့ကြပါတယ်။
စိန်တူးသူတွေဟာ စိန်ကိုရှာဖို့ အချိန်နည်းနည်းပဲ ယူကြပါတယ်။
အဲဒီနေ့ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၃ ရက်မှာတော့ သူတို့အစီအစဥ်က မိုင်းအတွက်ပြင်ဆင်ဖို့ဖြစ်ပါတယ်။ မြေကြီးကိုတူးဆွ၊ တူရွင်းနဲ့မြေကော်ပြီး မိုးရာသီကလည်းရောက်လာပြီဖြစ်လို့ တွင်းထဲ ရေပြည့်နေတာကိုလည်း ဖြေရှင်းရပါတယ်။
အဲဒီနောက်မှာတော့ ဂျွန်ဘူးရဲ့မျက်လုံးတွေက လက်လက်ထနေတဲ့စိန်တုံးကို တွေ့ခဲ့ပါတယ်။
‘‘စီးနေတဲ့ရေကြောင်းအောက်မှာ တလိမ့်လိမ့်ပါလာတဲ့ ဒီစိန်တုံးကို ကျွန်တော်တွေ့ခဲ့တာ။ စိန်တစ်လုံးဆိုတာကို အရင်တုန်းက မမြင်ဖူးဘူးဆိုတော့ စိန်ပဲဖြစ်ရမယ်လို့ မသိစိတ်က စေ့ဆော်ခဲ့တယ်။’’
‘‘အဲဒီစိန်တုံးကို ကျွန်တော် တစ်မိနစ်ကျော်လောက် စိုက်ကြည့်နေခဲ့မိတယ်။ ပြီးတော့ ဦးလေးကို လှမ်းပြောလိုက်တယ်။ အဲဒီကျောက်တုံးက တလက်လက်ထ နေတာပဲ။ ဘယ်လိုကျောက်တုံးမျိုးလဲပေါ့’’
ဂျွန်ဘူးတစ်ယောက် ရေထဲကို လက်နှစ်ချလိုက်ပြီး ကျောက်တုံးကို ကောက်လိုက်ပါတယ်။
‘‘တစ်ကိုယ်လုံးကို စိမ့်နေတာပဲ။ အဲဒီစိန်တုံး ကျွန်တော့်လက်ထဲရောက်ရောက်ရောက်ချင်းမှာပဲ သူက ကျွန်တော့် လက်ထဲက ဆွဲယူပြီး ဒါ စိန်တစ်လုံး’’ လို့ သူက ပြောပါတယ်။
စိန်တုံးဟာ ၇၀၉ ကာရက် အလေးချိန်ရှိပြီး ကမ္ဘာမှာ ၁၄ ခုမြောက် အကြီးဆုံး စိန်ကြီးဖြစ်လာပါတယ်။
စိန်တူးသူတွေဟာ သူတို့ကိုထောက်ပံ့ပေးထားတဲ့ ခရစ်ယာန်ဆရာ အီမန်နျူရယ် မိုမို့ကို အကြောင်း ကြားခဲ့ပြီး သူက အဲဒီစိန်တုံးကို မှောင်ခိုစျေးကွက်မှာရောင်းချတာထက် အစိုးရဆီကို ယူသွားခဲ့တာကြောင့် သမိုင်းဝင်တဲ့သူတစ်ယောက် ဖြစ်သွားပါတယ်။
လေလံတင်ရောင်းချတဲ့အခါမှာတော့ အမေရိကန်ဒေါ်လာ ၆ သန်းခွဲနဲ့ရောင်းထွက်ခဲ့ပါတယ်။
ဆီယာရာ လီယွန်နိုင်ငံက သိန်းနဲ့ချီတဲ့သူတွေဟာ ဂျွန်ဘူးနဲ့ ဆက်ဖီယာလို့ တရားဝင်မိုင်းတွင်းမဟုတ်တဲ့စိန်ရှာတွင်းတွေမှာ အလုပ်လုပ်ကြသူတွေဖြစ်ပါတယ်။ ကံကောင်းတယ်ဆိုရင် စိန်အစွန်းအစလေးကို တွေ့နိုင်ခြေရှိပေမဲ့ အခုလို စိန်တုံးကြီးတစ်တုံးတွေ့ဖို့ကတော့ လူတိုင်း ဒီအလုပ်ဆက်လုပ်ကြဖို့ စိတ်ကူးမိကြတဲ့ စိတ်ကူးအိပ်မက်ဖြစ်ပါတယ်။
စိန်တူးသူတွေက ဝေစုတစ်ခုရမှာဖြစ်ပြီး ရလာတဲ့အကျိုးအမြတ်အချို့ကိုတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဆီကို ရောက်ပါတယ်။
စိန်တူးသူတွေကတော့ ကနဦးငွေအနေနဲ့ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၈၀,၀၀၀ အထိ ရကြပါတယ်။ ဆာဖီယာနဲ့ ဂျွန်ဘူးတို့အတွက်တော့ ဒီငွေပမာဏဟာ သူတို့ပထမဆုံး အလုပ်စလုပ်ချိန်မှာ မျှော်လင့်ထားတာထက် ပိုများပါတယ်။ ဒါပေမဲ့ ဒီလောက်ဝေစုနည်းနည်းပဲရတာကြောင့် သူတို့ဘဝအတွက်တော့ အပြောင်းအလဲကြီးကြီး မားမား ရှိလာမှာမဟုတ်ဘူးလို့ သူတို့ ခံစားမိခဲ့ကြပါတယ်။
‘‘ကျွန်တော်ရတဲ့ ဝေစုငွေကို တစ်ပတ်လောက် ထိတောင် မထိကြည့်မိခဲ့ဘူး။ နောက်တော့မှ ဖရီးတောင်းကိုသွားပြီး အိမ်တစ်လုံးဝယ်လိုက်တယ်’’ လို့ ဂျွန်ဘူးက ပြောပါတယ်။
ဆာဖီယာဟာ ပညာဆက်သင်ဖို့ ကနေဒါကို သွားချင်တာဖြစ်ပါတယ်။ ဂျွန်ဘူးလည်း သူနဲ့အတူ ပညာလိုက်သင်ဖို့ စိတ်အားသန်ခဲ့ပါတယ်။
ခရီးသွားလာဖို့၊ နေထိုင်ဖို့နဲ့ တက္ကသိုလ်ကြေးအတွက် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကို အေးဂျင့်ကို သူတို့ ပေးခဲ့ပါတယ်။ အဲဒီနောက် သူတို့ ဂါနာနိုင်ငံကို ခေါ်ဆောင်ခံရပြီး အဲဒီမှာ ၆ လအထိနေခဲ့ရသလို ရထားတဲ့ငွေအများစုလည်း ကုန်ခဲ့ပါတယ်။
သူတို့လျှောက်တဲ့ဗီဇာ ပယ်ချခံခဲ့ရတာကြောင့် ကျောင်းသွားတက်မယ့် အစီအစဥ်လည်း ပျက်ပြားခဲ့ရပါတယ်။ ဂျွန်ဘူးက ဆီယာရာလီယွန်ကို ပြန်လာပါတယ်။ စိန်ကနေရတဲ့ငွေအတော်များများလည်း ကုန်သွားခဲ့ပြီဖြစ်ပါတယ်။ ဆာဖီယာကတော့ ခရီးသစ်တစ်ခုကို စတင်ပါတယ်။
သူ တတိယနိုင်ငံကို ထွက်ပါတယ်။ သူ့လုံခြုံရေးအတွက် အဲဒီနိုင်ငံရဲ့နာမည်ကိုတော့ မထုတ်ဖော်ထားပါဘူး။ အဲဒီမှာ သူဟာ ယာဥ်မောင်းတစ်ဦးအဖြစ် အလုပ်လုပ်ပြီး ညနေပိုင်းမှာ ကျောင်းတက်နိုင်တယ်ဆိုလို့ သွားခဲ့တာပါ။
ဒါပေမဲ့ ဆာဖီယာတစ်ယောက် အဲဒီကိုရောက်တဲ့အခါ သူ့ကိုပြောထားတာတွေနဲ့ တကယ့်လက်တွေ့က တခြားစီဖြစ်နေခဲ့ပါတယ်။
‘‘မြင်းစောင်းမှာ မြင်းတွေကို ထိန်းရတယ်။ အဲဒီမှာပဲ အိပ်၊ အဲဒီမှာပဲ စားရတယ်။ တခြားအလုပ်သမားတွေ နေစရာ ရနေချိန်မှာ ကျွန်တော်ကတော့ မြင်းစောင်းမှာပဲ အိပ်ရတယ်’’
ဆာဖီယာမျှော်လင့်ခဲ့တဲ့အတိုင်း စိန်စီတဲ့ဘဝ မဟုတ်ခဲ့ရပါဘူး။ နေထိုင်စရာမရှိတဲ့သူ့ဘဝဟာ ကျောမချ၊ ကျောမလုံရတဲ့အခြေအနေပါ။
ဆီယာရာလီယွန်းမှာ သူဝယ်ထားတဲ့ အိမ်ကလွဲရင် သူ့မှာ စိန်ကရတဲ့ပိုက်ဆံမရှိတော့ပါဘူး။ အခုတော့ သူဟာ အိမ်ပြန်ချင်နေပြီဖြစ်ပါတယ်။
အသိအမှတ်ပြုမခံရမှု
စိန်တွေ့တဲ့အမျိုးသားတွေအတွက် အခံရခက်တာက သူတို့ အခုလိုတွေ့ရှိမှုကို လောက်လောက် လားလား အသိအမှတ်ပြုမရှိဘူးလို့ခံစားရတဲ့ ခံစားချက်ပါ။
မီဒီယာတွေကဖော်ပြတဲ့ စိန်တုံးကြီးအကြောင်း သတင်းတွေမှာတော့ သူတို့ကိုထောက်ပံ့တဲ့ ခရစ်ယာန်သင်းအုပ်ဆရာအကြောင်းပဲ အဓိက ထားဖော်ပြတာဖြစ်ပါတယ်။ တကယ်တွေ့ခဲ့တဲ့သူတွေကို နာမည်ဖော်ပြတာ မရှိသလောက်ပါပဲ။ ဆာဖီယာကတော့ ဖယ်ကျဥ်ခံရ၊ ဘေးထွက်ခံရတယ်လို့ ခံစားရပါတယ်။
ဂျွန်ဘူးကတော့ သူ့ငွေတွေကို တစ်မျိုးတစ်ဖုံအသုံးပြုခဲ့ရင်ကောင်းမယ်လို့ ခံစားရပါတယ်။
‘‘ငွေရတုန်းက ကျွန်တော်က အတော်လေး ငယ်သေးတယ်။ ပြန်ပြောင်းကြည့်ရင် အဲဒီအတွက် ခံစားချက်လည်း သိပ်မကောင်းပါဘူး။ အဲဒီတုန်းက လူက ကြွားချင်တယ်၊ ဝတ်ကောင်းစားလှဝတ်ဆင်ချင်တယ်။ အားလုံးပေါ့။ လူငယ်သဘာဝအတိုင်းပေါ့’’
‘‘ပြည်ပထွက်လိုက်ရင် ငွေရှာလို့ရမယ်ဆိုတဲ့အတွေးသာ မတွေးခဲ့မိဘူးဆိုရင် အလဟသကုန်သွားတဲ့ငွေနဲ့ ကျွန်တော် အတော်လေး အလုပ်ဖြစ်ခဲ့မှာ’’
ဒါဟာ သူတို့ မျှော်လင့်ထားတဲ့ဘဝမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျွန်ဘူးကတော့ အလူမီနီယံ ပြတင်းပေါက်ဘောင်တပ်ထားတဲ့ ဖရီးတောင်းက အိမ်မှာ ဘဝကို ရှေ့ဆက်နေပါတယ်။ ပြည်ပမှာလုပ်တဲ့အလုပ်လည်း အဆင်မပြေဘူးဆိုရင် ဆာဖီယာလည်း သူ့ဆီကို လာစေချင်ပါတယ်။
‘‘ကျွန်တော့်ကို မွေးတုန်းက မိဘတွေမှာ အိမ်တောင်မရှိဘူး’’
‘‘ကျွန်တော့်ကလေးတွေဟာ ဖရီးတောင်းက သူတို့အဖေအိမ်မှာ ကြီးပြင်းခွင့်ရပြီ။ ဒါကပဲ အပြောင်းအလဲကြီးပါ။ ကျွန်တော့်ကလေးတွေ ကျွန်တော့်လို ခံစားစရာ မလိုတော့ဘူးလေ။’’