ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား

ဇန်နဝါရီလ ၂၅ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲ နောက်ဆုံးအကျော့မှာ မန္တလေးမြို့က မဲရုံတစ်ရုံမှာ ရေတွက်ပြီးမဲတွေနဲ့အတူ တွေ့ရတဲ့ကြိုတင်မဲစာရွက်တွေဖြစ်ပါတယ်။ စာရွက်တစ်ခုပေါ်မှာဆိုရင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ဦးကိုကိုဦးနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ် ဦးစန်းလွင်တို့ရဲ့နာမည်တွေကို မြင်တွေ့ရပါတယ်။ လက်နှစ်ဖက်ရဲ့ လက်ချောင်းတွေက အဲဒီမဲစာရွက်တွေပေါ်မှာ မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလ ၂၅ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲ နောက်ဆုံးအကျော့မှာ မန္တလေးမြို့က မဲရုံတစ်ရုံမှာ ရေတွက်ပြီးမဲတွေနဲ့အတူ တွေ့ရတဲ့ကြိုတင်မဲစာရွက်တွေဖြစ်ပါတယ်
ဖတ်ရန်အချိန်: မိနစ် ၁၁

ပြီးခဲ့တဲ့ရွေးကောက်ပွဲသုံးပိုင်းလုံးမှာ ကြံ့ခိုင်ရေးပါတီက တစ်ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့အထိ လွတ်လွတ်ကျွတ်ကျွတ်နိုင်ခဲ့ပြီး အဲဒီရလဒ်တွေထဲမှာ ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ပါဝင် ယှဥ်ပြိုင်ခဲ့တဲ့နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ၂ ရက်အကြိုပေးတဲ့ကြိုတင်မဲ၊ မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ ၁၅ နဲ့ ပေးတဲ့ကြိုတင်မဲနဲ့ နိုင်ငံရပ်ခြားရောက်နေသူတွေပေးတဲ့ကြိုတင်မဲဆိုပြီး အမျိုးအစား ၃ မျိုးရှိခဲ့ပါတယ်။

နိုင်ငံပြင်ပရောက်သူတွေပေးတဲ့ ကြိုတင်မဲတွေက ၅ ထောင်ကျော်သာရှိခဲ့လို့ ပါတီတွေရဲ့အနိုင်အရှုံးအပေါ် သက်ရောက်မှုမရှိခဲ့ပေမဲ့ အခြားကြိုတင်မဲတွေကတော့ ကြံ့ခိုင်ရေးအနိုင်ရဖို့ အထောက်အပံ့ဖြစ်ခဲ့ပါတယ်။

ကြိုတင်မဲတွေ ဘယ်လိုရခဲ့သလဲ

ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့က ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ပိုစတာရှေ့မှာ ထီးအပြာဆောင်းထားတဲ့အမျိုးသမီးတစ်ဦး ဖြတ်လျှောက်သွားတာကို မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ကြိုတင်မဲနဲ့ အသိသာဆုံးဖြစ်ခဲ့တာကတော့ တစ်ပြည်နယ်လုံးမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ သုံးမြို့မှာပဲ ကျင်းပနိုင်တဲ့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲတွေမှာ တွေ့ခဲ့ရပါတယ်။

ရေတပ်စခန်းတစ်ခုကလွဲလို့ စစ်အခြေစိုက်စခန်းမရှိတာကြောင့် တပ်ရင်းတပ်ဖွဲ့နဲ့ တပ်မိသားစုဝင်တွေရဲ့ ကြိုတင်မဲတွေ မရှိနိုင်ဘူးလို့ နားလည်ရတဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲတွေမှာ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီက အနိုင်ရခဲ့ပါတယ်။

အမျိုးသားလွှတ်တော်အတွက်တော့ ဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီက အနိုင်ရခဲ့ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ကြိုတင်မဲတွေ မရှိတဲ့အဲဒီမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လုံးဝ မနိုင်ခဲ့ပါဘူး။

ကျောက်ဖြူမှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ လာရောက် မဲပေးတဲ့ မဲရုံမဲအရေအတွက်အရ ရခိုင့်ဦးဆောင်ပါတီက အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ကျောက်ဖြူမှာ စုစုပေါင်း ကြိုတင်မဲ ၂‌ ထောင် ကျော်ရှိခဲ့ပြီး မဲအရေအတွက်အားလုံးနီးပါးကို ကြံ့ခိုင်ရေးက ရရှိခဲ့ပါတယ်။ အဲဒီကြိုတင်မဲတွေကြောင့်ပဲ ကျောက်ဖြူမြို့နယ်အတွက် ကျင်းပတဲ့ လွှတ်တော်သုံးရပ်လုံးမှာ ကြံ့ခိုင်ရေးက အနိုင်ရရှိခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်တဲ့ စစ်တွေမှာ တပ်ရင်းတပ်ဖွဲ့အခြေစိုက် စခန်းတွေရှိလည်းရှိပါတယ်။ ဒါ့အပြင် အေအေက ထိန်းချုပ်ထားလို့ လက်လွှတ်ခဲ့ရတဲ့ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ရင်းတပ်ဖွဲ့တွေကလည်း စစ်တွေမှာ ပူးတွဲအခြေစိုက်ထားပါတယ်။ အစိုးရအဖွဲ့ရုံးစိုက်တဲ့ပြည်နယ်မြို့တော်ဖြစ်လို့ အစိုးရဝန်ထမ်းတွေလည်းရှိတဲ့ မြို့ဖြစ်ပါတယ်။ အဲဒီစစ်တွေမြို့မှာ အစဥ်အဆက် ရခိုင်ပါတီတွေပဲ အောင်ပွဲခံခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရခိုင်ပါတီနှစ်ခုလုံး ကြံ့ခိုင်ရေးကို ရှုံးခဲ့ပါတယ်။

‌ဒေါက်တာအေးမောင်ဝင်ပြိုင်ခဲ့တဲ့ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၃ မဲပေးနိုင်သူ စုစုပေါင်းက ၉၂,၄၃၀ ဦးရှိပါတယ်။ ကြိုတင်မဲအပါအဝင် မဲရရှိမှု စုစုပေါင်း ၄၀,၀၄၄ မဲရှိပြီး အဲဒီအထဲမှာ စစ်တပ်နဲ့ တပ်မိသားစုဝင် ၉,၃၃၉ ဦးပါဝင်ပါတယ်။ စစ်တပ်နဲ့ တပ်မိသားစုဝင်မဲ ၉,၃၃၉ မဲထဲက ၅၀၈၀ ဦးကတော့ ကြိုတင်မဲပေးခဲ့တာလို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

အဲဒီထဲကမဲအားလုံးနီးပါကို ကြံ့ခိုင်ရေးက ရရှိခဲ့တယ်လို့ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် စစ်တွေမှာ ဝင်ပြိုင်တဲ့ ရခိုင်ပါတီ ၂ ခုလုံးက ရတဲ့ မဲစုစုပေါင်းဟာ ကြံ့ခိုင်ရေးပါတီ ရရှိတဲ့မဲ စုစုပေါင်းကို မမီတဲ့အခြေအနေကို ရောက်ခဲ့ပါတယ်။

အဲဒီအမျိုးသားလွှတ်တော်နေရာကို ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်ပါတီနှစ်ခု ဝင်ပြိုင်ခဲ့ပြီး ဒီနှစ်ပါတီ ရတဲ့ စုစုပေါင်းမဲက ၁၃,၃၁၈ မဲအထိရှိပါတယ်။

ဒီအရေအတွက်က ကြံ့ခိုင်ရေး ပါတီက ရတဲ့မဲနဲ့ တစ်သောင်းကျော်ကွာနေသေးပြီး နှစ်ပါတီပေါင်းရင်တောင် မနိုင်တဲ့အခြေအနေ ဖြစ်သွားပါတယ်။

"တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ပြည်ထောင်စုတပ်မတော်ဖြစ်တဲ့အခါမှာ ပါတီကြီးတစ်ခုကို ပေးတာမျိုးထက် တိုင်းရင်းသားပါတီတွေအပါအဝင် ပါတီတွေကို မျှမျှတတလေး၊ အနာဂတ်နိုင်ငံတော်သစ် အတွက်ပေးလိုတဲ့သဘောလည်းရှိနိုင်တယ်ဆိုတာကို စူးစမ်းလိုတာကြောင့် FPTP (အမျိုးသားလွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်ကိုဆိုလို)မှာ ပြိုင်မိတာပါ" လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာလည်း စစ်အခြေစိုက်တပ်ရင်းတပ်ဖွဲ့ တွေရှိတဲ့ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ ကိုကိုးကျွန်းမြို့နယ်တွေမှာ ကြိုတင်မဲ အရေအတွက်ဟာ အခြားမြို့နယ်တွေက ကြိုတင်မဲအရေအတွက်တွေထက် ပိုပြီးများနေတာကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့မဲပေးသူစာရင်းတွေကနေ သိရပါတယ်။

အဲဒီလိုမြို့နယ်တွေမှာ မဲရုံကိုလာရောက်မဲပေးသူ အယောက် ၁၀၀ ရှိတဲ့အချိန်တိုင်း ကြိုတင်မဲက အများဆုံး ဆိုရင် ၂၄ မဲကနေ အနည်းဆုံး ၁၀ မဲလောက်အထိကို ရရှိထာခဲ့ပြီးတဲ့အခြေအနေမျိုးရှိနေတာကို ရွေး‌ကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းတွေ တစ်ဦးချင်းရရှိတဲ့ မဲရုံမဲနဲ့ ကြိုတင်မဲ အသေးစိတ်ထုတ်ပြန်ချက်တွေကို လေ့လာပြီး သိရှိထားရပါတယ်။

"မဲရုံ ၄ ကနေ မဲစာရင်းတွေ ထွက်လာတဲ့အခါကျတော့ ပြန်ကြည့်လိုက်တာ ကျန်တဲ့ပါတီဘယ်ပါတီကိုမှ မဲပေးထားတာမရှိဘဲ ကြံ့ခိုင်ရေးကိုပဲ မဲပေးထားလို့ အရမ်းစိတ်ဝင်စားသွားလို့ အဲဒီမဲရုံကိုပြန်ကြည့်တော့ တပ်ထဲက မဲရုံက မဲပုံးဖြစ်နေတာ" လို့ အဲဒီအခြေအနေကို ကိုယ်တိုင်သိရှိခဲ့သူ ရန်ကုန်တိုင်း တွံ့တေးခရိုင်အတွင်းရှိ မြို့နယ်တစ်ခုက ဒေသခံက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ တပ်အခြေစိုက် စခန်းတွေမရှိတဲ့ လမ်းမတော်လို မြို့နယ်မျိုးမှာဆိုရင်တောင် မဲရုံကိုလူ ၁၀၀ မဲလာပေးပြီးတဲ့ အချိန်တိုင်း ကြိုတင်မဲက ၁၇ မဲအထိ ရရှိနေပြီးသားဆိုတဲ့အခြေအနေမျိုးမှာရှိနေတာကို ရွေး‌ကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ရလဒ်တွေအရ တွက်ချက်လေ့လာသိရှိထားရပါတယ်။

အဲဒါအပြင် ကျေးရွာ၊ ရပ်ကွက်အချို့မှာ မဲပေးမယ့်နေ့မှာ ခရီးသွားစရာရှိတယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ ရွေးကောက်ပွဲနေ့မတိုင်ခင် ကြိုတင်မဲပေးခဲ့တဲ့ဝန်ထမ်းတွေလည်းရှိတယ်လို့ မဲရုံမှာ ရှိနေတဲ့စောင့်ကြည့်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကြိုတင်မဲတွေနဲ့အနိုင်ရဖို့ ဗျူဟာကျကျ သုံးခဲ့သလား

ရွေးကောက်ပွဲအနိုင်ရဖို့ ကြံ့ခိုင်ရေးပါတီဟာ ကြိုတင်မဲတွေကို အသုံးချပြီး မသမာမှုလုပ်ခဲ့တယ်လို့ ပြောလို့ရလောက်တဲ့သက်သေ အထောက်အထားမျိုး ပေါ်ပေါ်ထင်ထင်တော့ မတွေ့ရဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ မဲထွက်ပေးသူ အလွန်နည်းခဲ့တာ၊ ဦးကိုကိုကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစိုင်းအိုက်ပေါင်းစတဲ့ ကျန်ဒီမိုကရက်အင်အားစုပါတီတွေက မဲတွေကို ခွဲဝေယူရသလိုဖြစ်လို့ ထောက်ခံသူ အင်အားစု ပမာဏတစ်ခုကို အခိုင်အမာရရှိထားတဲ့ကြံ့ခိုင်ရေးပါတီ မဲရလဒ်ကိုမကျော်လွှားနိုင်ခဲ့ဘူးလို့ ပါတီတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီလိုမဲကွဲမှုတွေအကြား နေရာတချို့မှာ မဲရုံမဲနဲ့ တခြားပါတီတစ်ခုခုက နိုင်နေပေမဲ့ ကြိုတင်မဲတွေ ဖွင့်ဖောက်ရေတွက်ချိန်မှာတော့ ကြံ့ခိုင်ရေးပဲ ပြန်နိုင်သွားပြန်ပါတယ်။ နောက်ပြီး ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေနဲ့ စစ်ဘေးရှောင်ရလို့ ဒေသခံ(မဲပေးရမယ့်သူတွေ)မရှိသလောက်ဖြစ်နေတဲ့ဒေသတွေ ဖြစ်တဲ့ ကနီ၊ ဆားလင်းကြီး၊ ဗန်းမော်၊ ကော့ကရိတ်၊ ဖာပွန်လို နေရာတွေမှာ ကြိုတင်မဲတွေက မဲရုံမဲထက် ထောင်နဲ့ချီများပြားနေပြီး အဲဒီမဲတွေ အားလုံးနီးပါးကို ကြံ့ခိုင်ရေးပါတီကပဲ ရခဲ့ပါတယ်။

ဒါကြောင့် ဒီအကြောင်းအချက်တွေ ပေါင်းစုလိုက်ရင် ဒီရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနိုင်ဖို့ ကြိုတင်မဲဟာ အဓိကကျခဲ့ပြီး အဲဒီကြိုတင်မဲတွေကိုရအောင်လည်း ကြံ့ခိုင်ရေးပါတီက လူအင်အား ငွေကြေး တောင့်တင်းတာကြောင့် ကျန်ပါတီတွေထက် ဝိရိယရှိရှိကြိုးစားနိုင်ခဲ့တယ် လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

"ကြံ့ခိုင်ရေးကို ထပ်ပြီးကံကောင်းစေတာက ကြိုတင်မဲတွေ ဖွင့်ဖောက်ရေတွက်မယ်ဆိုပြီး ပါတီတွေကို အကြောင်းကြားတဲ့အခါ သွားနိုင်တဲ့ပါတီရှိတယ်။ မသွားနိုင်တဲ့ပါတီတွေရှိတယ်။ နောက်တစ်နိုင်ငံလုံး ဝင်ပြိုင်တွေပါတီတွေထဲမှာတောင် ကြံ့ခိုင်ရေးကလွဲလို့ ကျန်ပါတီတွေဟာ မဲရုံတွေမှာ မဲရုံမှူးအကုန် မထားနိုင်ဘူး။ ကျွန်တော်တို့ပါတီဆို ရွေးကောက်ပွဲနေ့မှာ မဲရုံတွေမှာ မဲရုံမှူးတစ်ယောက်မှမထားနိုင်ခဲ့ဘူး။ အဲဒီတော့ မဲရုံတွေမှာ ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်ခွင့်၊ သိရှိခွင့်၊ မျက်မြင်တွေ့ရှိခွင့် ဆုံးရှုံးသွားတယ်" လို့ ပါတီတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒါကြောင့်လည်း ကိုယ်စားလှယ်တွေမရှိတဲ့မဲရုံတွေက အဖြစ်အပျက်တွေကို တစ်ဆင့်စကားနဲ့ တိုင်တန်းလို့ မရကြတာ၊ တိုင်ကြားဖို့လည်း ခက်ခဲသွားသလို အခြားပါတီတွေက ကြံ့ခိုင်ရေးပါတီလောက် လူအင်အားတောင့်တင်းမှု မရှိတာမျိုးတွေက ကြံ့ခိုင်ရေးအနိုင်ရနိုင်ဖို့ အခွင့်ကောင်းတွေဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကြိုတင်မဲနဲ့ ကြံ့ခိုင်ရေးက ရွေးကောက်ပွဲနိုင်ဖို့ ဗျူဟာကျကျ လုပ်ခဲ့တာမရှိပေမဲ့ ကြိုတင်မဲတွေနဲ့ ကြံ့ခိုင်ရေးအဓိက နိုင်သွားတဲ့အချက်သုံးချက်ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က ပြောပါတယ်။

"အဓိက အကျဆုံးနောက်ထပ်အချက်ကတော့ မဲပေးမှု နှုန်းနိမ့်တာပေါ့။ ဒါ မဲကတော့ တစ်မဲချင်းစီကတန်ဖိုး ကတော့အတူတူပါပဲ။ ဒါပေမယ့် ဒီကြိုတင်မဲကို ကျော်လွှားနိုင်ဖို့ ကောင်းတယ်ပေါ့။ မဲသာထွက်ပေးကြမယ် ဆိုရင် မဲပေးဖို့ကိုလည်း ပါတီတွေအနေနဲ့ လှုံဆော်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ အခုဟာက တတိယအကျော့ဆိုရင် ပိုဆိုသလိုဘဲ မဲပေးတဲ့သူ တော်တော်ကို နိမ့်တာ" လို့ ဦးထက်အောင်ကျော်က ပြောပါတယ်။

မဲကွဲတာတွေကြောင့် ကြံ့ခိုင်ရေးဟာ အနိုင်ရခဲ့ပေမယ့်လည်း ကျန်တဲ့နိုင်ငံရေးပါတီတွေရရှိခဲ့တဲ့ မဲစုစုပေါင်းဟာ ကြံ့ခိုင်ရေးရရှိတဲ့မဲအရေအတွက်ထက် များပြားတာကို တွေ့ရတယ်လို့ သူကဆက်ပြောပြပါတယ်။

အလားတူ ရွေးကောက်ပွဲမတိုင်မီ ကောက်ယူတဲ့ အရပ်ကြိုတင်မဲတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ခွဲ တာဝန်ရှိသူတွေက တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြတာပါ။

ရွေးကောက်ပွဲတစ်ခုကို ဦးဆောင်ကျင်းပတဲ့အစိုးရနဲ့ နီးစပ်တဲ့ပါတီတွေဆိုလို့ရှိရင် အစိုးရဝန်ထမ်းတွေက ကြောက်ရတာမျိုး ရှိသလို ကြိုတင်မဲတွေကို ခန့်မှန်းတွက်ချက်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပြပါတယ်။

"အများစုက အစိုးရဝန်ထမ်းက ကြိုတင်မဲထည့်ရတယ်။ ကြိုတင်မဲ ၇၀ ရာခိုင်နှုန်းက ဝန်ထမ်းတွေဆီက လာမယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေဆီကလာမယ်ဆိုတာ ခန့်မှန်းလို့ ရနေတယ်" လို့ သူက ပြောပါတယ်။

အဲဒီလိုကြိုတင်မဲတွေ၊ ပါတီတွေက လိုက်လံစောင့်ကြည့်နိုင်တာမျိုးမရှိတဲ့နေရာတွေက ကြိုတင်မဲတွေဟာ ရွေးကောက်ပွဲတိုင်းအတွက် မေးခွန်းထုတ်စရာဖြစ်နေသလို အဲဒီလို ကြိုတင်မဲတွေကို ပြင်ဆင်ဖို့ကိုသူက ထောက်ပြပါတယ်။

"ပါတီတွေကတော့ တွက်မှာပဲ တိုက်ခန်းတွေမှာ သက်ကြီးရွယ်အိုတွေ ထွက်မပေးနိုင်ဘူး။ သူတို့တွေထဲမှာ ဘယ်ကိုထောက်ခံတဲ့အုပ်စုဆိုတာကို ရပ်ကျေးအုပ်ချုပ်ရေးက မြေပြင်အဖြစ်မှန်ကိုသိတယ်။ သူတို့ဘက်ကို အားသာမယ့်အုပ်စုဘက်က ကြိုတင်မဲကို အမိအရ ယူတယ်။ မထောက်ခံတဲ့ဘက်က သူတွေဆို ကြိုတင်မဲ ပေးချင်တာ မပေးရဘဲ ကျန်ခဲ့တာတွေလည်းရှိတယ်" လို့ ကြိုတင်မဲကောက်ယူမှုအပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ထောက်ပြပါတယ်။

မဲပေးနှုန်းနည်းတာကလည်း ဒီရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ အထောက်အကူပြုခဲ့ပါတယ်။

အခုတစ်ခေါက် စစ်တပ် ရွေးကောက်ပွဲ အပိုင်းလိုက် ကျင်းပမှုတွေကို အများပြည်သူရုံးပိတ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့တွေမှာ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရက်တွေမှာ ကျေးရွာ၊ ရပ်ကွက်အချို့မှာ ခရီးသွားစရာရှိတယ်ဆိုပြီး ကြိုတင်မဲပေးခဲ့ကြသူတွေထဲ ဝန်ထမ်းတွေလည်း ပါဝင်တာကိုတွေ့ခဲ့ရတယ်လို့ အဲဒီကြိုတင်မဲပေးတဲ့အချိန်စောင့်ကြည့်ခဲ့တဲ့ နိုင်ငံရေးပါတီတစ်ခုက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တပ်က ပေးတဲ့ ကြိုတင်မဲတွေကို ဖွင့်ဖောက်တဲ့အခါ ကြံ့ခိုင်ရေးနည်းတူ တခြားနိုင်ငံရေးပါတီတွေလည်း ကြိုတင်မဲရတာတွေ ရှိခဲ့ပေမဲ့ ကြံ့ခိုင်ရေးပါတီရတဲ့မဲကို မယှဥ်နိုင်ခဲ့ပါဘူး။

တချို့ ကြိုတင်မဲတွေမှာဆိုရင် ကြံ့ခိုင်ရေးက မဲရုံတစ်ရုံမှာ မဲ ၃၀၀ လောက်ရနေချိန် ကျန်ပါတီတွေက တစ်ပါတီကို ၁၀ မဲ၊ ၃၀ မဲ စသဖြင့် မဆိုစလောက်အရေအတွက် ရခဲ့တာမျိုးရှိတယ်လို့ ကြိုတင်မဲရေတွက်မှုကို စောင့်ကြည့်ခွင့်ရသူတစ်ဦးကလည်း ဘီဘီစီကိုပြောပါတယ်။

ဒါက ကြိုတင်မဲနဲ့ပတ်သက်လို့ တပ်ထဲကလည်း ကြံ့ခိုင်ရေးတစ်ခုတည်းကိုမဟုတ်ဘဲ တခြားပါတီတွေကိုလည်းပေးပါတယ်ဆိုတဲ့ ဖြန့်ကြက်ပြီး မဲပေးမှုကို တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။