လူသားချင်းစာနာမှုအကူအညီ ၆ဝ ရာနှုန်း ဖြတ်တောက်ခံရတယ်လို့ WFP ပြော - စက်တင်ဘာ ၁၂ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ရန်ပုံငွေ ထိုးကျလာမှုဟာ ကမ္ဘာတလွှားက သန်းနဲ့ချီရှိသူတွေမှာ အငတ်ဘေးနဲ့ကြုံရနိုင်တယ်လို့ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် WFP က သတိပေးလိုက်ပါတယ်။

လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် အကြီးအကျယ် တိုးနေချိန်မှာ အလှူငွေ လျော့ကျမှုဟာ သမိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ကြုံရတာပဲလို့ ကုလအေဂျင်စီက ပြောပါတယ်။

အခုနှစ်အတွင်း ရန်ပုံငွေလျော့ကျသွားတာဟာ ၆ဝ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ကုလက ခန့်မှန်းပါတယ်။

အာဖဂန်နစ္စတန် ၊ ဆိုမာလီ ၊ ဆီးရီးယားနဲ့ ဟေတီ အပါအဝင် သူတို့အကူအညီပေးနေတဲ့ နိုင်ငံတော်တော်များများမှာ လူသားချင်းစာနာမှု ထောက်ပံ့ပေးတာ ရုတ်တရက် ဖိအားပေး ဖြတ်တောက်မှုနဲ့ ကြုံနေရတယ်လို့ WFP ကပြောပါတယ်။

တရုတ်တောင်ပိုင်း ရေကြီးမှု မိကျောင်းအကောင် ၇၀ လွတ်သွား

တရုတ်နိုင်ငံမှာ မိုးကြီး ရေလျှံမှု ဖြစ်ပြီးနောက် နိုင်ငံတောင်ပိုင်း မွေးမြူရေးစခန်းက မိကျောင်း အကောင် ၇၀ ကျော် လွတ်သွားပါတယ်။

အဲဒီအထဲက တချို့ကတော့ ပစ်ခတ်သတ်ဖြတ် ခံခဲ့ရပေမယ့် အများစုက အနားက ရေကန်တဝိုက်မှာ လွတ်နေဆဲပါ။

ကွမ်ကျိုးပြည်နယ် မောင်မင်းမြို့က အာဏာပိုင်တွေကတော့ ဒေသခံတွေကို အိမ်ထဲမှာ နေကြဖို့ သတိပေးနေပါတယ်။

အခုထိတော့ မိကျောင်းအန္တရာယ်ကြောင့် တစုံတရာ ထိခိုက်မှု မကြားရသေးပါဘူး။

တရုတ်နိုင်ငံမှာ မိကျောင်းတွေ မွေးပြီး အသားကိုစား၊ အရေခွံကို အသုံးအဆောင်ပစ္စည်းမှာ အသုံးချကြတာ ဖြစ်ပါတယ်။

ပျောက်နေတဲ့ ဗန်ဂိုး ပန်းချီကား နယ်သာလန်ရဲ ပြန်တွေ့ပြီ

နာမည်ကျော် ပန်းချီဆရာ ဗန်ဂိုးရဲ့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ပြတိုက်က အခိုးခံရတဲ့ ပန်းချီကားကို နယ်သာလန် ရဲတွေ ပြန်တွေ့ခဲ့ပါတယ်။

"Parsonage Garden at Nuenen in Spring" ဆိုတဲ့ ပန်းချီကားကို ကိုဗစ်လော့ခ်ဒေါင်းကာလမှာ သူခိုးတွေက မှန်တံခါးတွေကို တူနဲ့ ရိုက်ခွဲ ခိုးသွားကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြစ်မှုထင်ရှားသူတယောက်ကို လွန်ခဲ့တဲ့ ၂ နှစ်က အရေးယူနိုင်ခဲ့ပေမယ့် ပန်းချီကားကတော့ ဘယ်ရောက်နေမှန်းမသိ ဖြစ်ခဲ့တာပါ။

အိုင်ကီယာ စတိုးက အိတ်အပြာနဲ့ ထည့်ထားတဲ့ ပန်းချီကားကို ပြန်ရခဲ့တယ်လို့ အမှုစုံစမ်းတဲ့အထဲပါတဲ့ စုံထောက် အာသာ ဘရန်းဒ် ကတော့ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ပူတင်နဲ့တွေ့ဖို့ ကျည်ကာရထားနဲ့သွား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ရုရှား သမ္မတပူတင်နဲ့ တွေ့ဆုံဖို့ ရုရှားကို ရောက်နေပါတယ်။

ဒါဟာ ၄ နှစ်အတွင်း မစ္စတာကင်မ်ရဲ့ ပထမဆုံး ပြည်ပခရီးပါ။

ကင်ဂျုံအွန်းနဲ့ ဗလာဒီမီယာ ပူတင်တို့ဟာ အရှေ့ဖျားစီးပွားရေးဖိုရမ်ကျင်းပနေတဲ့ ဗလာဒီဗော့စတော့မြို့မှာ တွေ့မယ်လို့ ယူဆခဲ့ကြပေမဲ့ အခုအခါမှာတော့ ရုရှားရဲ့ အာကာသစင်တာရှိရာ ဗော့စတော့ချနီ ကော့စမိုဒရုန်းမှာ တွေ့နိုင်ဖွယ်ရှိတယ်လို့ အာရှဒေသတွင်းနဲ့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

သူနဲ့အတူ မြောက်ကိုရီးယားစစ်တပ်က အရာရှိတွေလည်း လိုက်ပါသွားပါတယ်။

မြောက်ကိုရီးယားက သူတို့လက်နက်နဲ့ နည်းပညာတွေကို ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ရောင်းပြီး ရိက္ခာနဲ့ လဲလှယ်သွားဖွယ် ရှိပါတယ်။

အမေရိကန်ကတော့ မြောက်ကိုရီးယားကို လက်နက် အရောင်းအ၀ယ် မလုပ်ဖို့ တိုက်တွန်းထားပါတယ်။