တိုက်တန်ရေငုပ်သင်္ဘော - ဘာတွေ မှားသွားခဲ့သလဲ

ပျောက်ဆုံးရေငုပ်သင်္ဘော တိုက်တန်ရဲ့ အပျက်အစီးအပိုင်းအစတွေကို သမုဒ္ဒရာကြမ်းပြင်မှာ တွေ့ခဲ့ကြရပြီးနောက်မှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကနေ ဘာတွေဘယ်လို ဖြစ်ခဲ့သလဲဆိုတာ အဖြေရှာတဲ့ လုပ်ငန်းတွေ ဖြစ်သွားခဲ့ပါတယ်။
အမေရိကန် ရေတပ်ဗိုလ်ချုပ် ဂျွန် မိုဂါကတော့ သူတို့တွေ့ခဲ့ရတာတွေက အင်မတန် ပြင်းထန်တဲ့ ပေါက်ကွဲမှု တခုနဲ့ ကိုက်ညီနေတယ်လို့ ဆိုပါတယ်။
ဒါကလည်း သူတို့တွေ့ခဲ့ရတဲ့ အပိုင်းအစ ၂ ခုကြောင့်ပါ။ တခုက တိုက်တန်ရဲ့ ကန်တော့ပုံ အမြီးပိုင်း ဖြစ်ပြီး နောက်တခုက ယာဥ်ရဲ့ဒေါက် ဖြစ်နေတာကို ကြည့်ပြီး ရေငုပ်သင်္ဘောဟာ တစစီ ဖြစ်အောင် ပေါက်ကွဲသွားခဲ့တာ ဖြစ်မယ်လို့ ယူဆကြတာပါ။
ဘာကြောင့် ဒီလို ဖြစ်ခဲ့ရသလဲ၊ ဒီလို မဖြစ်ဖို့ ဘယ်လို ကြိုတင် ကာကွယ်မှုတွေ လုပ်ခဲ့သင့်သလဲ ဆိုတာတွေကို အဖြေရှာနိုင်ဖို့ အတွက် အာဏာပိုင်အနေနဲ့ ရနိုင်သမျှ အပျက်အစီး အပိုင်းအစ မှန်သမျှကို ရှာဖွေ စုဆောင်းရမယ်လို့ အရင်တော်ဝင်ရေတပ်ရဲ့ ရေငုပ်သင်္ဘော ရေယာဉ်မှူး ဖြစ်တဲ့ ရိုင်ယန် ရမ်ဆီက ပြောပါတယ်။
လေယာဉ်တွေမှာလို ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ ဘလက်ဘောက်စ် လည်း ပါမသွားတော့ ဒီရေငုပ်သင်္ဘောရဲ့ နောက်ဆုံး အချိန်တွေ လှုပ်ရှားမှုတွေကို ခြေရာခံနိုင်မှာ မဟုတ်ဘူး၊ ဒီတခုကလွဲလို့ ကျန်တဲ့ စုံစမ်းအဖြေရှာမှုတွေက လေယာဉ်တစင်းပျက်ကျရင် အဖြေရှာ စုံစမ်းစစ်ဆေးမှုတွေနဲ့ သိပ်ကွာခြားမှာ မဟုတ်ဘူးလို့ပြောပါတယ်။
သေးငယ်လွန်းသော အက်ကြောင်းများ
အပျက်အစီး အပိုင်းအစတွေကို ရေပေါ်ကို ဆယ်ယူလာခဲ့ပြီးရင် သင်္ဘောကိုယ်ထည် တည်ဆောက်ထားတဲ့ ကာဘွန် ဖိုင်ဘာထဲက အက်ကွဲနေတဲ့ နေရာကို ရှာကြရမှာ ဖြစ်ပါတယ်။ အဲဒီအရာဟာ ရေငုပ်သင်္ဘောမှာ နောက်ဆုံး ကြုံခဲ့ရတဲ့ အခြေအနေတွေကို သိနားလည်ရေးမှာ အရေးပါတယ်လို့ ဆိုပါတယ်။
အပိုင်းအစတိုင်းကို အဏုကြည့်မှန်ပြောင်းနဲ့ အသေးစိတ် ကြည့်ပြီး ကာဘွန်ဖိုင်ဘာ နန်းကြိုးမျှင်တွေ ဘယ်လိုဘယ်ပုံ သွယ်တန်းနေသလဲ ဆိုတာကို လေ့လာမှာပါ။ အဲဒီကမှတဆင့် သင်္ဘောကိုယ်ထည် ဘယ်နေရာက စပြီး အက်ကွဲခဲ့သလဲ ဆိုတာကို ပြနိုင်တဲ့ နန်းကြိုးမျှင် ပြတ်တောက်မှုတွေကို ရှာမှာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စုံစမ်းစစ်ဆေးသူတွေက သင်္ဘောကိုယ်ထည် တည်ဆောက်ပုံ အားနည်းလို့ ဒီလို ဖြစ်ခဲ့ရသလား ဆိုတဲ့ မေးခွန်းကြီးအတွက် အဖြေထုတ်နေကြတာ ဖြစ်ပါတယ်။ အဲဒီလိုသာ တကယ်ဖြစ်ခဲ့မယ် ဆိုရင်တော့ ဒီရေငုပ်သင်္ဘော ခံခဲ့ရတဲ့ ဖိအားက အင်မတန် ကြီးမားပြီး ပြင်သစ်က အက်ဖဲလ် မျှော်စင်ကြီးရဲ့ အလေးချိန်နဲ့ ညီမျှတယ်လို့ ဆောက်သ်ဟမ်တန် တက္ကသိုလ်က ပါမောက္ခ ဘလဲ သောန်တန်က ပြောပါတယ်။
ရေငုပ်သင်္ဘောရဲ့ ပင်မကိုယ်ထည်ဟာ ပြင်ပဖိအားကြောင့် အင်မတန် ကြီးမားပြင်းထန်စွာ ပေါက်ကွဲသွားခဲ့တာလို့ သူကဆိုပါတယ်။
တကယ်လို့ ဒီလို ကြုံခဲ့ရတယ်ဆိုရင် မေးစရာ ဖြစ်လာတာက ကျွမ်းကျင်သူ တချို့ ပြောနေကြသလို သေသေချာချာ စမ်းသပ်မှုတွေ မလုပ်ခဲ့ဘူးလား ဆိုတာ ဖြစ်ပါတယ်။
လန်ဒန်မြို့ အင်ပီရီယဲလ် ကောလိပ်က ပါမောက္ခ ရော့ဒရစ်ခ် အေ စမစ်က ကာဘွန်ဖိုင်ဘာဟာ အတွင်းပိုင်းမှာ အားနည်းချက်ရှိတဲ့အခါ ကျိုးပဲ့တတ်တယ်လို့ ပြောပါတယ်။ သင်္ဘောရဲ့ ကာဘွန်ဖိုင်ဘာနဲ့ တိုင်တေနီယံ ဆက်စပ်နေတဲ့ နေရာတွေကို အဓိကထား စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် ဖြစ်ပျက်ပုံ ကွင်းဆက်ကို အဖြေထုတ်ဖို့ အရေးဟာ အင်မတန်မှာ ခက်ခဲမှာ ဖြစ်တယ်။ ဒါကြောင့် အပျက်အစီးတွေ ရနိုင်သမျှ ဆယ်ယူပြီး အသေးစိတ် ကြည့်ရှုဖို့ လိုမယ်လို့ သူက ပြောပါတယ်။
လတ်တလောမှာတော့ ဒီလို ရေငုပ်သင်္ဘော ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေ မရှိသေးတဲ့အတွက် အခု စုံစမ်း စစ်ဆေးမှုတွေကိုလည်း ဘယ်အဖွဲ့အစည်းက ဦးဆောင်မလဲ ဆိုတာ မသိရသေးပါဘူး။
အမေရိကန် ရေတပ်ဗိုလ်ချုပ် မိုဂါ ကတော့ ဒီဖြစ်ရပ်က ဝေးလံတဲ့ သမုဒ္ဒရာ တနေရာမှာ ဖြစ်ခဲ့သလို မတူတဲ့နိုင်ငံတွေက လူမျိုးစုံလည်း ပါသွားတော့ ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် လတ်တလော ရှာဖွေ ကယ်ဆယ်ရေးတွေကို ဦးဆောင်နေတာက အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စုံစမ်းစစ်ဆေးမှုတွေကိုလည်း သူတို့ပဲ အဓိက နေရာကနေ ဆက်လက် ဆောင်ရွက်သွားမယ့် သဘောရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တိုက်တန် ပေါက်ကွဲမှုနဲ့ နောက်ဆုံး သိထားသမျှ
အမေရိကန် ရေတပ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်တန် ရေငုပ်သင်္ဘောနဲ့ အဆက်အသွယ်ပြတ်ပြီး မကြာခင်မှာပဲ တိုက်တန်းနစ် သင်္ဘောပျက်ကြီး ရှိရာ ရေပြင်ဘက်က ပေါက်ကွဲမှုတွေက ထွက်လာတဲ့ အသံမျိုးတွေ ဖမ်းယူရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေကို ကြာသပတေးနေ့မှသာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဘာကြောင့် ပေါက်ကွဲခဲ့သလဲ
တိုက်တန်ရဲ့ ကိုယ်ထည်ဟာ အင်မတန် ကြီးမားတဲ့ ရေထု ဖိအားကြောင့် ကျွံဝင်ပြိုဆင်းကာ ပေါက်ကွဲထွက်သွားခဲ့တာလို့ ယူဆကြပါတယ်။ ရေငုပ်သင်္ဘောကို ဒီလို ဖိအားမျိုးကို ခံနိုင်အောင် တည်ဆောက်ထားတာကြောင့် ဘယ်နေရာမှာ မှားခဲ့သလဲ ဆိုတာကို အပျက်အစီး အပိုင်းအစတွေကနေ ခြေရာကောက်ဖို့ ကြိုးစားနေကြပါတယ်။
တိုက်တန်ဟာ အဆက်အသွယ်တွေ ပြတ်သွားချိန်မှာ ရေအောက် အနက် မီတာ ၃၅၀၀ လောက်ကို ရောက်နေပြီလို့ ယူဆကြပါတယ်။
အင်မတန် နက်ရှိုင်းနေပြီ ဖြစ်တဲ့အတွက် သူ့အပေါ်က ရေထုဖိအားက အက်ဖဲလ် မျှော်စင်တမျှလေးတဲ့ တန်ချိန်သောင်းနဲ့ချီပြီး ရှိနေပြီ ဖြစ်ပါတယ်။ အထဲမှာတော့ ကိုယ်ထည်အတွင်းက ဖိအားနဲ့ ခရီးသည်တွေကို အန္တရာယ်မဖြစ်စေဖို့ ကာကွယ်ပေးထားပါတယ်။ ဒါပေမယ့် သင်္ဘောကိုယ်ထည်ရဲ့ တနေရာမှာ အက်ကြောင်းပေါ်လာပြီ ဆိုတာနဲ့ ပြင်ပ ဖိအားဟာ ရှိပြီးသားထက် အများကြီး ပိုပြင်းထန်လာမှာ ဖြစ်ပါတယ်။
ကျွံဝင် ပေါက်ကွဲမှု
ရေထု ဖိအားကြောင့် ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်ဟာ တစက္ကန့်ကို ပေ ၂၂၀၀ နှုန်းနဲ ကျွံဝင်သွားနိုင်တယ်လို့ အရင် အမေရိကန် ရေတပ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေ့ဗ် ကော်လီကို ပြောပါတယ်။
သင်္ဘောကိုယ်ထည် တခုလုံး ကျွံဝင် ပြိုလဲသွားဖို့ ၁ စက္ကန့်ရဲ့ ၁၀၀၀ ပုံ ၁ ပုံ ဖြစ်တဲ့ ၁ မီလီစက္ကန့်လောက်ပဲ ကြာပါတယ်။
လူ့ဦးနှောက်ဟာ အလိုအလျောက် တုံ့ပြန်မှု လုပ်ဖို့ ၂၅ မီလီစက္ကန့် ကြာတယ်လို့ မစ္စတာ ကော်လီက ပြောပါတယ်။ လူသားတွေဟာ သိရှိချိန်နဲ့ အမြန်ဆုံး ကျိုးကြောင်းသင့် တုံ့ပြန်မှု လုပ်ဖို့အတွက်ဆို ၁၅၀ မီလီစက္ကန့် ကြာပါတယ်။
ရေငုပ်သင်္ဘောရဲ့ အတွင်းထဲက လေထုထဲမှာ ဟိုက်ဒရိုကာဘွန် အငွေ့တွေလည်း အများအပြားရှိနေတာကြောင့် ကိုယ်ထည် ကျွံဝင်လာတဲ့အခါမှာ အလိုအလျောက် မီးတောက်ပြီး ပေါက်ကွဲထွက်သားတာ ဖြစ်ကြောင်း မစ္စတာ ကော်လီက ပြောပါတယ်။ တချိန်တည်းမှာပဲ အထဲမှာ ပါလာကြတဲ့ လူတွေရဲ့ ခန္ဓာကိုယ်တွေဟာလည်း ချက်ခြင်းဆိုသလို မီးလောင် ပြာကျသွားရတယ်လို့ ဆိုပါတယ်။
ဘယ်လို စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမလဲ
ဒီစုံစမ်းစစ်ဆေးမှုတွေကိုတော့ တိုက်တန်ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည် အလယ်ပိုင်းက ကာဘွန် ဖိုင်ဘာနဲ့ လုပ်ထားတဲ့ အပိုင်းကို အဓိက လေ့လာကြမှာ ဖြစ်ပါတယ်။ ဖိအားများတဲ့ နေရာတွေကို ဆင်းတဲ့ ယာဉ်တွေကို များသောအားဖြင့် ကြံ့ခိုင်တဲ့ တိုက်တေနီယံလို သတ္တုတွေကို သုံးပြီး စက်လုံးပုံ တည်ဆောက်ကြတာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဖိအားတွေ ခရီးသည်ခန်းရဲ့ ပြင်ပမှာ အညီအမျှ ပြန့်ထွက်သွားစေဖို့ ဒီလို တည်ဆောက်ထားတာပါ။
ဒါပေမယ့် အိုးရှင်းဂိတ်ကတော့ ခရီးသည် များများ သယ်နိုင်ဖို့ စက်လုံးပုံကနေ စလင်ဒါပုံပြောင်းပြီး တည်ဆောက်ထားပါတယ်။ တိုက်တေနီယံ ထိပ်ဖူးနဲ့ အမြီး ပါပေမယ့် အလယ်က ပင်မကိုယ်ထည်ကို ကာဘွန်ဖိုင်ဘာ ကျည်တောက်နဲ့ ဆက်ပေးထားတာပါ။ ကာဘွန်ဖိုင်ဘာဟာ အင်မတန် ကြံ့ခိုင် မာကြောပြီး ရေယာဉ်ပျံတွေနဲ့ ပြိုင်ကားတွေ တည်ဆောက်ရာမှာ သုံးကြပါတယ်။ ဒါပေမယ့် ပင်လယ်ရေမျက်နှာပြင်ထက်က လေထုဖိအားထက် အဆ ၃၀၀ မက များတဲ့ ရေနက်ပိုင်းက ရေထုရဲ့ ဖိအားကြောင့် နဂိုက အားနည်းချက်တွေ ပေါ်လာခဲ့သလား၊ တကြိမ်မက သွားလာနေခဲ့တာကြောင့် ကြံ့ခိုင်မှုပါ အားနည်းသွားသလား ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။
ဒီ ကာဘွန်ဖိုင်ဘာနဲ့ ပတ်သက်လို့ အားနည်းချက် ရှိ မရှိကို ဘယ်လို စမ်းသပ် စစ်ဆေးခဲ့ကြသလဲ ဆိုတာလည်း စစ်ဆေးသွားကြမှာ ဖြစ်ပါတယ်။ လေယာဉ်ပျံတွေမှာတော့ ဒီလို ကာဘွန်ဖိုင်ဘာ ပစ္စည်းတွေမှာ အက်ကြောင်းလိုက်လာသလား၊ အလွှာတွေ စပြီး ကွာလာသားဆိုတာက အစ ပုံမှန် အသေးစိတ် စစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။
သမုဒ္ဒရာ ကြမ်းပြင်မှာ ရှိနေတဲ့ တိုက်တန် ရေငုပ်သင်္ဘောက အပိုင်းအစတွေကို ဓာတ်ပုံတွေ ရိုက်ပြီး ရေပေါ်ကို ဆယ်ယူပြီးရင် ဓာတ်ခွဲလေ့လာမှုတွေ လုပ်ကြမှာပါ။ အင်ဂျင်နီယာတွေက ပြင်းထန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားစေလောက်အောင် ရေငုပ်သင်္ဘော ကိုယ်ထည်ရဲ့ ကြံ့ခိုင်မှုဟာ ဘယ်နေရာမှာ အားနည်းသွားလဲဆိုတာ အဖြေရှာကြမှာ ဖြစ်ပါတယ်။








