ဖင်လန် နေတိုးအဖွဲ့ဝင်ဖြစ်ပြီ - ဧပြီ ၄ရက် နောက်ဆုံးရ နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေတိုးခေါ် မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့ က အဖွဲ့ဝင်သစ်ကို တရားဝင် ကြိုဆိုတဲ့ ပွဲကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပဖို့ ရှိနေပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဖင်လန်က သူရဲ့ ကာလကြာ ရပ်တည်လာတဲ့ ကြားနေဝါဒကို စွန့်လွှတ်လိုက်ပြီး နေတိုးအဖွဲ့ဝင်သစ် ဖြစ်လာတာ ဖြစ်ပါတယ်။
နေတိုးအဖွဲ့ခေါင်းဆောင် ယန်စတိုဂျင်ဘတ် (Jens Stoltenberg)က ပြီးခဲ့တဲ့နှစ်တွေက ဒါမျိုး မတွေးမိသလို ဒါက သမိုင်းဝင်နေ့လို့ ပြောပါတယ်။
ဖင်လန် သမ္မတ ဆောင်လီ နီနစ်စတာက နေတိုး ဌာနချုပ်မှာ ကျင်းပမယ့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပြီး ဖင်လန်ရဲ့အလံကို တခြားအဖွဲ့ဝင် နိုင်ငံ ၃ဝရဲ့ အလံဘေးမှာ လွင့်ထူ သွားမှာဖြစ်ပါတယ်။
ဖင်လန်နိုင်ငံမြို့တော် ဟယ်လ်ဆင်ကီ( Helsinki)မှာရှိတဲ့ ပြည်သူတစ်ဦးက နေတိုး အဖွဲ့ဝင် ဖြစ်လာတဲ့ အပေါ် အခုလို ပြောပါတယ်။
‘ဖင်လန်က နေတိုးအဖွဲ့ဝင်ဖြစ်သွားတာ ကောင်းတယ်လို့ ခံစားရတယ်၊ ရုရှားနဲ့ ဘေးချင်းကပ် နှစ်ပေါင်းများစွာနေလာတဲ့အတွက် ဒါမျိုးက ဖြစ်လာတာလို့ ထင်ပါတယ်၊ ကျွန်မ အဖေက ရုရှားနဲ့ စစ်ပွဲမှာ ပါဝင်နေပါတယ်၊ ဒါက ပုဂ္ဂိုလ်ရေးဆန်ပါတယ်’လို့သူက ပြောသွားတာပါ။
ဖင်လန်က နေတိုးအဖွဲ့ဝင် ဖြစ်လာတဲ့အပေါ် တုံ့ပြန်တဲ့နေနေနဲ့ ဒေသတွင်းမှာ စစ်ရေး တိုးချသွားမယ်လို့ ရုရှားက တုံ့ပြန်ပါတယ်။
ဆွီဒင်ကလည်း နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ လျောက်ထားခဲ့ပေမဲ့ တူရကီက ကန့်ကွက်ထားပါတယ်။
ခရိုင်နှစ်ခုမှာ ရွှေ့ဆိုင်းထားတဲ့ ရွေးကောက်ပွဲပြန်ကျင်းပဖို့ ပါကစ္စတန် ဗဟိုတရားရုံးချုပ် အမိန့်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန် ဗဟိုတရားရုံးချုပ်က ရွေးကောက်ပွဲကော်မရှင်က တရားမဝင်ဘူးဆိုပြီး ရပ်ဆိုင်းထားတဲ့ ခရိုင် နှစ်ခုမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ကျင်းပဖို့ အမိန့်ပေးလိုက်ပါတယ်။
ပါကစ္စတန် အခြေခံဥပဒေမှာ ရွေးကောက်ပွဲက ရက် ၉ဝ အတွင်း ကျင်းပဖို့ သတ်မှတ်ထားပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ဘဏ္ဍာရေးနဲ့ လုံခြုံရေးအကန့်အသတ်ကြောင့် မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးဆိုပြီး ရွေ့ဆိုင်းထားတာ ဖြစ်ပါတယ်။
ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းရဲ့ PTI ပါတီက ကြိုဆိုလိုက်ပြီး ပါကစ္စတန်နိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက် အောင်မြင်မှုလို့ ပြောပါတယ်။
ပန်ဂျပ်နဲ့ ခိုင်ဘာ ပသုန်ဝါ (Khyber Pakhtunkhwa) ပြည်နယ်တွေမှာရှိတဲ့ အုပ်ချုပ်သူတွေက ဇန်နဝါရီလက ရာထူးကနေ ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ထောက်ခံသူတွေလို့ ဆိုပါတယ်။
တရားရင်ဆိုင်ဖို့ ဒေါ်နယ်ထရမ့် ရှေ့နေတွေနဲ့ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)က နယူးယောက်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဒီကနေ့ ရုံးချိန်းနဲ့ပတ်သက်ပြီး ရှေ့နေတွေနဲ့ ဆွေးနွေးနေပါတယ်။
သူဟာ ရာဇဝတ်မှုနဲ့ တရားရင်ဆိုင်ရတဲ့ ပထမဆုံး အမေရိကန် သမ္မတဟောင်းဖြစ်လာပါတယ်။
သူနဲ့ ဇာတ်လမ်း ဖြစ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အပြာမင်းသမီးတယောက်ကို ရွေးကောက်ပွဲမတိုင်မီ နှုတ်ပိတ်ခ ငွေပေးခဲ့တယ်ဆိုပြီး စွဲဆိုခံနေရတာ ဖြစ်ပါတယ်။
ဒီလိုလုပ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ထရမ့်က ငြင်းဆိုထားပြီး ဒီအမှုက နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
တရားရုံးမှာလည်း ရုပ်သံ ကင်မရာတွေကို တရားရုံး ပြင်ပ ကော်ရစ်ဒါမှာပဲ ခွင့်ပြုမယ်လို့ တရားသူကြီးက ဆုံးဖြတ်ထားပါတယ်။
တရုတ်အိန္ဒိယ နယ်စပ်က နေရာတချို့ တရုတ်က နာမည်သစ်ပေးတာကို အိန္ဒိယ ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အရွန်နာချာ ပရာဒက်ချ်(Arunachal Pradesh) ပြည်နယ်မှာ တရုတ်က ပိုင်တယ်ဆိုပြီး ပြောဆိုထားတဲ့ နေရာတချို့ကို နာမည်ပြောင်းဖို့ ကြိုးစားတာကို အိန္ဒိယက ပယ်ချလိုက်ပါတယ်။
တရုတ်နဲ့ အိန္ဒိယ အငြင်းပွားနေတဲ့ ဟိမဝန္တ ာနယ်စပ်တလျောက်မှာရှိတဲ့ နေရာ ၁၁ကို တရုတ်က အမည်ပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒီပြည်နယ်ဟာ အိန္ဒိယနဲ့ ဘယ်လိုမှ ခွဲလို့မရဘူးလို့ ဒေလီမှာရှိတဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီအပေါ် တရုတ်ဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။
အိန္ဒိယကို ဗြိတိန်တွေက အုပ်ချုပ်နေစဉ်မှာ ဒီနှစ်နိုင်ငံ နယ်စပ်ကို သတ်မှတ်ပေးခဲ့ပြီး တရုတ်က ဒီနယ်စပ်မျဉ်းသတ်မှတ်ချက်ကို ငြင်းဆိုထားတာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားရင် အပြစ်ပေးတဲ့ ဥပဒေ ပယ်ဖျက်ဖို့ မလေးရှားစီစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုယ့်ကိုယ်ကိုယ် သတ်သေတာကို ရာဇဝတ်မှုလို့ သတ်မှတ်တာကို ဖျက်သိမ်းဖို့ မလေးရှားက စီစဉ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေရင် တစ်နှစ်ထောင်ဒဏ် ကျခံဖို့ မလေးရှားက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီဥပဒေကို မပယ်ဖျက်သေးသရွေ့ ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ စွဲဆိုခံထားရတဲ့ အမှုတွေ စိစစ်နေတာကို ရပ်ဆိုင်းထားဖို့လည်း အစိုးရက ဆိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ဘူးဆိုရင် ဒီလို လုပ်ဆောင်ဖို့ ကြိုးစားတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာရှိတဲ့သူတွေက တရားစွဲဆိုတာကို ကြောက်စရာ မလိုဘဲ အကူအညီ ရယူနိုင်မယ်လို့လည်း တာဝန်ရှိသူတွေက ယုံကြည်နေ ပါတယ်။
ဧပြီ ၃ ရက်နေ့က ရာဇဝတ်မှု ၁၁ မှုအတွက် မဖြစ်မနေ သေဒဏ်ပေးတဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်တဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။








