ထိုင်ဝမ်မှာ အင်အားကြီး ခိုင်ကွေ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်-စက်တင်ဘာလ ၃ ရက် ညပိုင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ်ကျွန်းစုမှာ ၄ နှစ်တာကာလအတွင်း အကြီးမားဆုံး မုန်တိုင်းအဖြစ် ခိုင်ကွေ တိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ်တောင်ပိုင်းကို ဖြတ်ကျော် တိုက်ခတ်နေပြီ ဖြစ်ပါတယ်။
ခိုင်ကွေ တိုင်ဖွန်းကြောင့် မိုးသည်းနေပြီး တစ်နာရီကို ၁၉၀ ကီလိုမီတာနှုန်းနဲ့ လေပြင်းတွေတိုက်နေပါတယ်။
ကမ်းရိုးတန်းမြို့အတော်များများမှာ သစ်ပင်တွေနဲ့ လျှပ်စစ်မီးကြိုးတွေ လဲကျ ပြတ်တောက်ကုန်ပါတယ်။
လူနေအိမ်ခြေ ၇ သောင်းကျော်နဲ့ စျေးဆိုင်တွေမှာ လျှပ်စစ်မီး ပြန်ရနိုင်ဖို့ အစိုးရပိုင် Taiwan Power Companyက ကြိုးစားလုပ်ဆောင်နေပါတယ်။
လေယာဉ်ခရီးစဉ်ပေါင်း ၂၅၀ နီးပါးကို ဆိုင်းငံ့ထားလိုက်တယ်လို့ ထိုင်ဝမ် ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ကျေးလက်ဒေသတွေမှာ နေထိုင်နေကြတဲ့ လူ ထောင်ပေါင်းများစွာကို အရေးပေါ်စခန်းတွေဆီ ရွှေ့ပြောင်းထားပါတယ်။
တောင်တန်းထူထပ်တဲ့ ခရိုင်ဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက သတိပေးထားပါတယ်။
အစ္စရေးနိုင်ငံထဲ ခိုးဝင် ရောက်ရှိနေသူ အီရစ်ထရီးယန်းလူမျိုး ရာပေါင်းများစွာကို ဌာနေပြန်ပို့ဖို့ အစ္စရေးအစိုးရ စီစဉ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးနိုင်ငံ တဲလ်ဗီဗ်မြို့က ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရွှေ့ပြောင်း ခိုလှုံခွင့်တောင်းသူ အီရစ်ထရီးယန်း လူမျိုးတွေကို နေရပ်ဌာနေ ပြန်ပို့ဖို့ စဉ်းစားနေတယ်လို့ အစ္စရေး အစိုးရက ပြောပါတယ်။
အဲဒီထိပ်တိုက်ရင်ဆိုင်မှုတွေကို အစ္စရေးရဲက ကျည်ဆန်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ရာမှာ လူ ၁၆၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။
အစ္စရေးရဲတွေကတော့ အီရစ်ထရီးယားအစိုးရကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူ ပြိုင်ဘက်အုပ်စုတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုကို ဖြိုခွဲဖို့ ကြိုးစားခဲ့ကြတာလို့ ဆိုပါတယ်။
စနေနေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မြင်ကွင်းတွေဟာ လက်ခံနိုင်စရာမရှိလောက်အောင် ဘောင်ကျော်သွားခဲ့ပြီ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နက်တာညာဟုက ပြောပါတယ်။
အစ္စရေးနိုင်ငံထဲမှာ ဆက်ကျန်နေသေးတဲ့ တရားမဝင် ခိုးဝင်လာသူတွေ အားလုံးကို ဖယ်ရှားပစ်ရေး အစီအစဉ်သစ်တစ်ခု ချမှတ်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
လက်ျာစွန်းဝါဒီ လုံခြုံရေး ဝန်ကြီး အီတာမာ ဘန် ဂဗီယာ ကလည်း ဒီဆူပူမှုမှာ ပါဝင်ခဲ့သူ အီရစ်ထရီးယန်းလူမျိုး ရာပေါင်းများစွာကို အစုလိုက်အပြုံလိုက်ဖမ်းဆီးခွင့် ပြုနိုင်မယ့် ဥပဒေကြမ်းတစ်ခု အဆိုပြုဖို့ သူ့အနေနဲ့ စီစဉ်ထားကြောင်းနဲ့ အဲဒီလူတွေကို အစ္စရေးနိုင်ငံထဲကနေ နှင်ထုတ်နိုင်မယ့် အရေးယူမှုတွေကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ကက်သလစ်ခရစ်ယာန်အသင်းတော်ဟာ ကမ္ဘာ့နိုင်ငံတွေအတွက်အန္တရာယ် မရှိဘူးလို့ ပုပ်ရဟန်းမင်းကြီး ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ်က တရုတ်ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေကို နိုင်ငံသားကောင်း ပီသအောင် နေကြဖို့ တိုက်တွန်းရင်း သူ့ရဲ့ မွန်ဂိုလီးယားနိုင်ငံခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ဟာ မွန်ဂိုလီးယားနိုင်ငံရဲ့ လူနည်းစု ရိုမင်ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေကို အားပေးတဲ့အနေနဲ့ သွားရောက်တာ ဖြစ်ပေမဲ့ ကက်သလစ်ခရစ်ယာန်အသင်းတော်က ဘာခြိမ်းခြောက်မှု အန္တရာယ်ကိုမှ မပြုနိုင်ပါဘူးဆိုတာကို တရုတ်အစိုးရ စိတ်ချမှုရှိစေကြောင်း ပြသဖို့ ရည်ရွယ်သွားရောက်ပုံ ရပါတယ်။
တရုတ်အစိုးရကို တိုက်ရိုက်ရည်ညွှန်းတာမျိုး မရှိပေမဲ့ ပုပ်ရဟန်းမင်းကြီး က ကက်သလစ် ခရစ်ယာန်အသင်းတော်အနေနဲ့ နိုင်ငံရေး ရည်ရွယ်ချက်မျိုး မရှိတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စိုးရိမ်စရာ မလိုကြောင်း အစောပိုင်းက ပြောသွားခဲ့ပါတယ်။
တရုတ် ကွန်မြူနစ် ခေါင်းဆောင်တွေကတော့ တကယ်လို့ တရုတ်နိုင်ငံမှာ ကက်သလစ် ခရစ်ယာန်အသင်းတော်က သြဇာလွှမ်းမိုးမှုတွေ များလာခဲ့ရင် သူတို့ရဲ့ ထိန်းချုပ်မှုကို ထိခိုက်လာနိုင်ဖွယ် ရှိတယ်ဆိုပြီး ဟိုးကတည်းက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ဖေ့စ်ဘွတ်ခ်ပေါ် ပြန်တက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဆိုင်းငံ့ပစ်ဖို့ တောင်းဆိုမှုကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက လက်မခံ ပယ်ချခဲ့အပြီး တစ်ရက်အကြာမှာပဲ ဟွန်ဆန် ဖေ့စ်ဘွတ်ခ် ပေါ် ပြန်တက်လာပါတယ်။
သူ့အပေါ် တရားမျှတစွာ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဟွန်ဆန်က သန်းနဲ့ချီတဲ့ သူ့ဖော်လိုဝါတွေကို ပြောခဲ့ပါတယ်။
သူ့ရဲ့ အတိုက်အခံတွေကို ရိုက်နှက်ထိုးကြိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုတစ်ခုကို ဟွန်ဆန်က တင်ခဲ့တဲ့အတွက် သူ့အကောင့်ကို ဆိုင်းငံ့ပစ်ဖို့ ဖေ့စ်ဘွတ်ခ် ကြီးကြပ်ရေးဘုတ်အဖွဲ့က အကြံပြုခဲ့တာပါ။။
ဒါပေမဲ့ ဖေ့စ်ဘွတ်ခ် မန်နေဂျာတွေကတော့ လူသိများထင်ရှားသူ တစ်ဦးရဲ့ အကောင့်ကို ထိန်းချုပ်ကန့်သတ်တာတွေ မလုပ်လိုတဲ့အတွက် ဒီအကြံပြုချက်ကို အကောင်အထည်မဖော်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး သူ့ရဲ့ သားဖြစ်သူ ဟွန် မနိုက်ကို ရာထူးလွှဲပြောင်းပေးခဲ့ပါတယ်။








