ကေအိုင်အိုရဲ့ မြေရှားလုပ်ကွက် ဒေသခံတွေကန့်ကွက်လို့ ရပ်နားပေးခဲ့တယ်လို့ ပြော

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဒိန်ဆိန်းပါနဲ့ ဆက်စပ်ဒေသတွေကမြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ အဲဒီကဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဧပြီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်း ၁နာရီလောက်မှာ ဒေသခံတစ်ထောင်ကျော်နဲ့ ကေအိုင်အို ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးအင်ဘန်လှက တွေ့ဆုံခဲ့ပြီးအခုလိုကြေငြာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေတွေထဲပါတဲ့ မံစီမြို့နယ်၊ ဒိန်ဆိန်းပါဒေသတွေဘက်မှာ မြေရှားသတ္တုတူးဖော်ဖို့အတွက် ကုမ္ပဏီတွေက ၂၀၂၂ ခုနှစ် စက်တင်ဘာလောက်ကစပြီး စတင်စမ်းသပ်မှုတွေပြုလုပ်ခဲ့တာပါ။

မြေရှားသတ္တု စီမံကိန်းနဲ့ပတ်သက်ပြီး အင်ဘာပါနဲ့ ဒိန်းဆိန်းပါက ပြည်သူထောင်ချီကလည်း တူးဖော်ဖို့ စတင်အကောင်အထည်ဖော်ကတည်းက ဆန္ဒပြတာ၊ ဆုတောင်းတာတွေအထိ လုပ်ဆောင်ကန့်ကွက်လာကြ တာဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်ပြီးနောက် အခုဧပြီလ ၁၅ရက်နေ့မှာ ဒေသခံတွေကို ကေအိုင်အို ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လှ ကလက်ခံတွေ့ဆုံ ပြီး ကန့်ကွက်မှုတွေအတွက်ဆွေးနွေးလာခဲ့ပါတယ်။

“ပြည်သူတွေက လုံးဝမလိုလားတာအခုက ဒိန်းဆင်းကျေးရွာ ခပရာကျေးရွာ ရွာ၄ရွာလောက်ရှိတယ်။ အဲနားတဝိုက်မှာ ဒိန်းဆင်းဇုံးနယ်ပေါ့။ အခုတော့ ဥက္ကဋ္ဌပြောတဲ့ လုံးဝရပ်ဆိုင်းလိုက်တဲ့အကြောင်း ဟုတ်ပါတယ်။ ထာဝရ လုံးဝရပ်ဆိုင်းလိုက်တာပါ။လုံးဝမလုပ်တော့ဘူး” လို့ ကေအိုင်အို ဥက္ကဋ္ဌနဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ဒိန်ဆိန်းပါ ဒေသခံတစ်ယောက်က ဘီဘီစီကိုပြောပါတယ်။

အဓိက ဒေသခံပြည်သူ ထောင်ချီကန့်ကွက်ရတာဟာအဲ့ဒီဒေသဘက်မှာ ကြံနဲ့အသီးအနှံ စိုက်ပျိုးရေးလုပ်ငန်း အများစုလုပ်ကိုင်စားသောက်ကြတဲ့အပြင် သဘာဝတောတောင်အမွေအနှစ် ပျက်စီး ထိခိုက်မှာကိုလဲ စိုးရိမ်တာဖြစ် ပြီး မြေရှားသတ္တူတူးဖော်ရင် ရေညစ်ညမ်းသွားစေတဲ့အကြောင်းအရာတွေလဲ ပါတာဖြစ်လို့ ကန့်ကွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ မြေရှားသတ္တူတူးဖော်မှုတွေကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ကချင် အထူးဒေသ(၁) အုပ်ချုပ်တဲ့ နေရာတွေဖြစ်တဲ့ ပန်ဝါနဲ့ချီဖွေမြို့နယ်တွေဘက်မှာ တူးဖော်နေတာ ဒီကနေ့ အချိန်ထိဖြစ်ပါတယ်။

အဲဒီဒေသတွေက မြေရှားတွေကိုတော့ တရုတ်ဘက်ကို တင်ပို့တာဖြစ်ပါတယ်။ အဲဒီက တူးဖော်မှုတွေနဲ့ ပတ်သက်ပြီး အဲဒီဘက်ကလက်နက်ကိုင်တွေရဲ့ ဖိအားပေး ခြိမ်း‌ခြောက်မှုတွေကြောင့် ဒေသခံတွေက ကန့်ကွက်ပြောဆိုရဲတာမျိုးမရှိကြဘူးလို့ ပြောကြပါတယ်။

လျှပ်စစ်မော်တော်ယာဉ်တွေ၊ လေအားလျှပ်စစ်ထုတ်ပေးတဲ့ လေရဟတ်တွေမှာ အသုံးပြုတဲ့ အမြဲတမ်းသံလိုက်များ ထုတ်လုပ်ရာမှာ လေးလံတဲ့ မြေရှားသတ္တုဒြပ်စင်တွေကို အသုံးပြုရတာကြောင့် ယင်းတို့ကစိမ်းလန်းတဲ့ စွမ်းအင်ကဏ္ဍ အကူးအပြောင်းအတွက် အလွန်အရေးကြီးတယ်လို သိထားရပါတယ်။

၂၀၁၄ ခုနှစ်ကဆိုရင် ကချင်ပြည်နယ်အတွင်းက မြေရှားသတ္တု အမေရိကန်ဒေါ်လာ ၁.၄ သန်းဖိုးသာ ထုတ်ယူခဲ့ပေမယ့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နှစ်အရောက်မှာတော့ ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၇၈၀ ဖိုးအထိကို ထုတ်ယူခဲ့တယ်လို့ Global Witness ရဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ထုတ်အစီရင်ခံစာအရသိရပါတယ်။

ကချင်ပြည်နယ်အတွင်း မြေရှားထုတ်ယူနေတဲ့နေရာတွေဟာ ပြန့်ကျဲများပြားလာပြီး ထုတ်ယူတဲ့နေရာဟာ စင်ကာပူနိုင်ငံအရွယ် အစားလောက်ရှိလာတယ်လို့ Global Witness က သူတို့ရရှိထားတဲ့ ကောင်းကင် ဓာတ်ပုံအကိုး အကားတွေအရ ထောက်ပြပြောဆိုထားပါတယ်။

ဒေသခံတွေပြောကြတဲ့ ကေအိုင်အိုဥက္ကဋ္ဌက ရပ်ဆိုင်းပေးဖို့ သဘောတူတယ်ဆိုတဲ့ပြောဆိုချက်အပေါ် ကေအိုင်အို ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနက ဗိုလ်မှူးကြီးနော်ဘူကတော့ သူ့အနေနဲ့ ဆွေးနွေးမှု အဖြေကို အတိအကျမသိရသေးသလို၊ ဆွေးနွေးဖို့သွားကြတဲ့ခေါင်းဆောင်အဖွဲ့လည်း ပြန်ရောက်တာမျိုးမရှိသေးလို့ တိတိကျကျမသိရသေးဘူးလို့ ဘီဘီစီကိုအကြောင်းပြန်ပါတယ်။