ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်စတီးရီးယားပိုးသင့် မစ်ရှိတ်သောက်မိလို့ လူ ၃ ဦးသေဆုံး
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်ထဲမှာ လက်စတီးရီးယား ဘက်တီးရီးယားပိုးသင့်နေတဲ့ မစ်ရှိတ်တွေ သောက်မိလို့ လူ ၃ ဦးသေဆုံးပြီး နောက်ထပ် ၃ ဦးဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေကတော့ တာကိုမာမြို့မှာ နာမည်ကြီးတဲ့ ဘာဂါနဲ့မစ်ရှိတ်စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Frugals က ရေခဲမုန့်စက်တွေမှာ အဲဒီပိုးကိုတွေ့ခဲ့တာပါ။
စားသောက်ဆိုင်ဘက်ကတော့ စားသုံးသူတွေ ဆုံးပါး နာမကျန်းဖြစ်ရကြတဲ့သတင်းကိုကြားပြီး ''အတော်လေး ဝမ်းနည်းရပါတယ်'' လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
လက်စတီးရီးယားပိုးဟာ ပိုးသင့်အစားအသာကို စားသုံးပြီး ရက်ပေါင်း ၇၀ ကျော်အထိ စားသုံးသူအပေါ် သက်ရောက်မှုနိုင်ပါတယ်။
အမေရိကန်ကျန်းမာရေးအာဏာပိုင်တွေကတော့ တာကိုမာမြို့စားသောက်ဆိုင်ထဲက ရေခဲမုန့်စက်တွေဟာ သန့်ရှင်းရေးပြည့်ပြည့်ဝဝမလုပ်တာကြောင့် အခုလို အစားအသောက်တွေမှာမြင်ရတဲ့ပိုးကူးစက်မှုဖြစ်ခဲ့တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်ကနေ ဇူလိုင်လ ၂၂ ရက်အတွင်း လူ ၆ ဦး ဆေးရုံတင်ခဲ့ရတယ်လို့ ဝါရှင်တန်ပြည်နယ် ကျန်းမာရေးဌာနက ပြောပါတယ်။ မျိုးဗီဇဆိုင်ရာခြေရာကောက်တဲ့အခါမှာ မစ်ရှိတ်ထဲက ဘက်တီးရီးယားဟာ လစ်စတီးရီးယားပိုးဆိုတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
လူနာ ၆ ဦးစလုံးဟာ ကိုယ်ခံစွမ်းအားစနစ်တွေ ယုတ်လျော့နေခဲ့ပြီး အသက် ၄၀ ကနေ ၇၉ နှစ်အရွယ်ကြားတွေဖြစ်ပါတယ်။
လူနာ ၃ ဦးထဲက ၂ ဦးကတော့ ရောဂါကနေ ရုန်းထွက်ခဲ့ပေမဲ့ ရောဂါလက္ခဏာတွေ မခံစားရခင်မှာ အလားတူ စားသောက်ဆိုင်ကနေပဲ မစ်ရှိတ်သောက်ခဲ့တာဖြစ်တယ်လို့ပြောထားပါတယ်။
ထုတ်ပြန်ချက်မှာတော့ Frugals ကုမ္ပဏီဘက်က ''ကျွန်တော်တို့လုပ်ရပ်ကြောင့် ဖြစ်ခဲ့တဲ့ထိခိုက်မှုကို နောင်တရမိသလို နှလုံးလည်းကြေကွဲရပါတယ်'' လို့ ပြောပါတယ်။
''လုပ်ငန်းလည်ပတ်မှုစံနှုန်း အမြင့်ဆုံးကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့နဲ့ နောင် ဒီလိုဖြစ်ရပ်မျိုးထပ်မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်သွားဖို့ ကတိကဝတ်ပြုပါတယ်'' လို့လည်းဆိုပါတယ်။
အခုတော့ အဲဒီလုပ်ငန်းဟာ တာကိုမာမှာ မစ်ရှိတ်ရောင်းချတာတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး မစ်ရှိတ်ရောင်းချတဲ့ပစ္စည်းတွေကိုလည်း သန့်ရှင်းရေးနဲ့ပြန်လည်စစ်ဆေးမှုတွေလုပ်နိုင်အောင် သီးခြားအဆောက်အအုံတစ်ခုကို ရွှေ့ပြောင်းလိုက်ပြီလို့ သိရပါတယ်။
ကြိုတင်သတိရှိတဲ့အနေနဲ့ Frugals ဟာ တခြားအရပ်တွေမှာလည်း မစ်ရှိတ်ထုတ်လုပ်တာကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး စင်တာတွေကတော့ အမေရိကန်ပြည်ထောင်စုမှာ လက်စတီးရီးယားပိုးကူးစက်မှုဟာ နှစ်စဥ် အယောက် ၁၆၀၀ ရှိပြီး အဲဒီထဲက ၂၆၀ နီးပါးသေဆုံးတယ်လို့ ပြောပါတယ်။
ဒီပိုးကြောင့်ဖြစ်တဲ့ လက္ခဏာတွေထဲမှာ အဖျားတက်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းလျှောတာဖြစ်နိုင်ပြီး ပိုးဟာ အာရုံကြောစနစ်ထဲကို ရောက်ရှိမယ်ဆိုရင် ရောဂါလက္ခဏာတွေဟာ ပိုဆိုးရွားလာနိုင်ပြီး ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ တက်တာ၊ ကိုယ်ဟန်ချက်မထိန်းနိုင်တာတွေလည်း ဖြစ်နိုင်ပါတယ်။
အလားတူပိုးသင့် အစားအသောက်ကို စားမိသူတိုင်းတော့ နာမကျန်းဖြစ်တာမဟုတ်ဘူးလို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်ခံအားကျဆင်းနေသူတွေကတော့ သတိထားသင့်တယ်လို့ ဆိုပါတယ်။
တခြား Frugals စားသောက်ဆိုင်တွေမှာတော့ ဒီပို မရှိနိုင်ဘူးလို့ ယူဆရတဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ Frugals က မစ်ရှိတ်အကောင့်သောက်ပြီးတဲ့နောက် သေဆုံးမှုမဖြစ်ခင် လက်မောင်းနဲ့ လည်ပင်း နာကျင်မှုတွေ ခံစားခဲ့ရတယ်ဆိုပြီး သေဆုံးအမျိုးသားတစ်ဦးရဲ့ အမျိုးသမီးဖြစ်သူက တိုင်တန်းမှုတစ်ခုပြုလုပ်ထားတယ်လို့ သတင်းဖော်ပြပါတယ်။
ချားလ်စ် ရော်ဘာဆန်မိသားစုအတွက် ရှေ့နေလိုက်ပေးနေတဲ့ စားသောက်ကုန်ဘေးကင်းမှုဆိုင်ရာ ရှေ့နေ ဘေလ် မာလာကတော့ '' တကယ့်ကို ဝမ်းနည်းစရာအခြေအနေပါ။ ကျွန်တော့် အမှုသည် ဇနီးမောင်နှံဆို လက်ထပ်ထားတာ ၄၅ နှစ်တောင်ရှိနေပြီလေ'' လို့ ပြောပါတယ်။
''သေသွားတာကိုတော့ ဘယ်လိုမှ အသက်ပြန်သွင်းလို့မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ကိုယ်လုပ်နိုင်တာက ဝမ်းနည်းစရာ ဒီဖြစ်ရပ်တွေ နောက်မဖြစ်အောင် ဒီဖြစ်ရပ်ကနေ သင်ယူနိုင်သလို အရာအားလုံးကို ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်နိုင်ပါတယ်'' လို့ သူက ပြောပါတယ်။