ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာ - အစာရေစာပြတ်ပြီး လူနာတွေပြည့်နေတဲ့ ခန်ယွန်းနစ်မြို့
- ရေးသားသူ, ရက်ရှ်ဒီအာဘူအာလွတ်ဖ်
- ရာထူးတာဝန်, ဘီဘီစီသတင်းထောက် ၊ ခန်ယွန်းနစ်မြို့
ဒီလှိုင်းလို လူအုပ်လိုက်ကြီး ခန်ယွန်းနစ်မြို့ဆီ လိမ့်တက်လာပါတယ်။
ဂါဇာကမ်းမြောက်ပိုင်းမှာနေထိုင်သူတွေ သယ်နိုင်သမျှပစ္စည်းတွေကို ယူ၊ လောင်စာဆီရှိတဲ့သူက ကားနဲ့ မြင်းလှည်းရှိသူက မြင်းလှည်းနဲ့ ဘာမှမရှိသူက ခြေကျင်လျှောက်ပြီး တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်လာကြတာပါ။
တကယ်တမ်း သူတို့ထွက်ပြေးလာတဲ့ ခန်ယွန်းနစ် မြို့ကိုရောက်လာတဲ့အချိန်မှာတော့ ဒီမြို့ဟာ နှစ်ညဆက်ခရီးနှင် ထွက်ပြေးလာတဲ့ လူဦးရေ ထောင်သောင်းချီအတွက် လုံလောက်တဲ့ ပြင်ဆင်မှု မရှိထားပါဘူး။
အိမ်ခန်းတွေတိုင်း၊ လမ်းကြိုလမ်းကြားတိုင်း၊ လမ်းမကြီးတွေမှာလည်း အထုပ်အပိုးတွေသယ်ထားတဲ့ အမျိုးသား ၊ အမျိုးသမီးတွေ၊ လူငယ်တွေ နဲ့ ကလေးတွေက အပြည့်ပါပဲ။ သူတို့မှာ ဘယ်မှလည်း သွားစရာမြေ မရှိတော့ပါဘူး။
အစ္စရေးက ဂါဇာမြောက်ပိုင်းမှာနေထိုင်သူ လူ ၁ ဒသမ ၁ သန်းကို အဲဒီနယ်မြေကနေ ထွက်ခွာခိုင်းပြီးတဲ့နောက် လူဦးရေ လေးသိန်းဟာ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ဂါဇာမြောက်ပိုင်း ကနေ တောင်ပိုင်းဆီကို ဦးတည်သွားကြတယ်လို့ ပါလက်စတိုင်းလက်နက်ကိုင် ဟားမတ်စ်အဖွဲ့က ပြောထားပါတယ်။
ကျွန်တော်လည်း ဒီလိုထွက်ပြေးလာတဲ့သူတွေထဲက တစ်ဦးပါ။ နှစ်ရက်စာ အစားအစာနဲ့ ဇနီး နဲ့ ကလေး သုံးယောက်ကိုခေါ်ပြီး ထွက်လာတာပါ။
ဟားမတ်စ်သေနတ်သမားတွေကြောင့် အစ္စရေးမှာ လူပေါင်း ၁၃၀၀ သေဆုံးခဲ့ပြီးတဲ့နောက် ဂါဇာမြောက်ပိုင်းကို အစ္စရေးက ဗုံးကြဲတာတွေနဲ့ ဂါဇာကို ဝင်ဖို့ပြင်နေတဲ့ ခြိမ်းခြောက်မှုကြောင့် ဟားမတ်စ်တွေ ဆက်နေခိုင်းပေမဲ့ ဂါဇာမှာရှိတဲ့လူအများစုကတော့ ဆက်မနေဝံ့ဖြစ်နေကြတာပါ။
ဒါပေမဲ့ ဒီလိုကျဥ်းမြောင်းတဲ့ ကမ်းမြောင် နယ်မြေကိုမှ ပိတ်ဆို့မှုတွေက အဘက်ဘက်မှာ ရှိနေတာပါ။ ကမ္ဘာကြီးရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရပြီး ရပ်တည်ရေးအကန့်အသတ်တွေက ရှိနေပါတယ်။ ဘေးကင်းလုံခြုံရေးအတွက်လည်း အာမခံချက် မရှိပြန်ပါဘူး။
တဖက်မှာလည်း အိမ်ဗုံးကြဲခံထားရတဲ့ ဂါဇာမှာနေသူတွေ လက်ဗလာ ဖြစ်ကုန်ပါတယ်။
အားလုံးဆုံးရှုံးခဲ့သလို ကြောက်ရွံ့မှုတွေကလည်း အပြည့်ပါပဲ။ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်မလဲဆိုတာလည်း မသိနိုင်ကြပါဘူး။ အခုတော့ ဒီ ခန်ယွန်းနစ်မြို့မှာ ဒီလိုလူတွေ အားလုံးလာ စုမိကြပါတယ်။
ပုံမှန်အားဖြင့် လူဦးရေ လေးသိန်းကျော်နေထိုင်တဲ့ဒီမြို့ဟာ အခုတော့ နေ့ချင်းညချင်း လူဦးရေ တစ်သန်းကျော်သွားပါပြီ။ မြောက်ပိုင်းတင်မက ၂၀၁၄ အစ္စရေး - ဂါဇာ စစ်ပွဲ ကို အဆိုးရွားဆုံးကြုံခဲ့ရတဲ့ အရှေ့ပိုင်းက လည်းလူတွေလည်း ရောက်လာတာပါ။
အခုတော့ သူတို့တစ်ဦးချင်းစီမှာ နေစရာ အမိုးအကာ၊ စားနပ်ရိက္ခာလိုနေပါတယ်။ ဒီအခြေအနေက ဘယ်လောက်ကြာမလဲဆိုတာတောင် ဘယ်သူမှ မသိနိုင်ပါဘူး။
အရာအားလုံး တစတစနဲ့ ပျက်လာနေပါတယ်။
စားနပ်ရိက္ခာတွေလည်း သိပ်မကြာခင်မှာ ပြတ်တောက်လု ဖြစ်နေပါပြီ။ မြို့ကလည်း သန်းနဲ့ချီနဲ့လူတွေရဲ့ ဝန်ကို ပိုးထားရလို့ ခြေကုန်လက်ပန်း ကျနေပါပြီ။ ဒီရေပမာ တလိမ့်လိမ့်ဝင်လာတဲ့ လူလှိုင်းက များလွန်းလို့ ဝန်နဲ့အား မမျှတဲ့မြို့ ဖြစ်နေပါတယ်။
နာမကျန်းသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကိုကုသပေးတဲ့ အဓိက ဆေးရုံကြီးမှာ မရှိမဖြစ်လိုအပ်တဲ့အရာတွေ လျော့ပါးကုန်ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ဆေးရုံတင်မဟုတ်တော့ဘဲ ဒုက္ခသည်တွေရဲ့ ခိုလှုံရာပါ ဖြစ်နေပါပြီ။
ဒုက္ခသည်တွေက ဆေးရုံရဲ့ စင်္ကြံလျှောက်လမ်းမှာ စီတန်းနေပြီး ဆရာဝန်တွေကလည်း အသစ်ထပ်ရောက်လာတဲ့ အစ္စရေးရဲ့ ဗုံးဒဏ်သင့် လူနာတွေကို ဆေးကုသပေးနေရတာပါ။ သူ့ထက် ငါ အကူအညီမြန်မြန်ရရေး အော်ပြောသံတွေလည်း အဆက်မပြတ်ကြားနေရပါတယ်။
ဒီကိုလာတဲ့ သူတွေကို အပြစ်တင်လို့မရပါဘူး။
နိုင်ငံတကာဥပဒေအရဆိုရင် ဆေးရုံဆိုတာက စစ်ပွဲအတွင်းမှာ လုံခြုံမှုအရှိဆုံးနေရာပဲလေ။ အခုထိတော့ ဒီလူတွေက တခြားသူတွေထက် ကံကောင်းနေသေးတယ်ပဲ ပြောရမှာပါ။
အသစ်ရောက်လာမယ့် ဒဏ်ရာရလူနာတွေကို ကုသပေးနိုင်ဖို့ ဘာမှမရှိတော့သလောက်ပဲလို့ ဆရာဝန်တွေကပြောပါတယ်။ လူနာတစ်ဦးကို ရေ ၃၀၀ မီလီလီတာနဲ့ အချိုးကျပဲ ရပါတယ်။ ဒုက္ခသည်တွေကတော့ ဘာမှကို မရတာပါ။
နောက်ထပ် အသစ်ရောက်လာသူတွေက နေရာတိုင်းမှာရှိနေပါတယ်။ ခန်ယွန်းနစ်မှာ လူတွေ ကျပ်ကျပ်တည်းတည်းနဲ့ နေထိုင်ကြရတယ်။ အခုဆိုရင် သူတို့ချင်း ကြပ်ညပ် ကပ်သပ်ပြီး နေထိုင်ကြရပါတယ်။
တိုက်ခန်း ကျဥ်းကျဥ်းလေးတွေထဲ သက်တောင့်သက်သာ နေနိုင်တာထက်ကျော်လွန်ပြီး လူ ၅၀ ၊ ၆၀ လောက် နေထိုင်နေကြရတယ်။ ဘယ်သူမှ အဲဒီလိုအခြေအနေကို အကြာကြီး မနေနိုင်ကြပါဘူး။
ကျွန်တော့်မိသားစုကတော့ နောက်ထက် လူ လေးယောက်နဲ့ အိပ်ခန်း နှစ်ခုပါတဲ့ တိုက်ခန်းတစ်ခုမှာ မျှပြီးနေကြတယ်။ ကျွန်တော်တို့အတွက် ကိုယ်ပိုင်နေရာလေးတွေလည်းရှိပါတယ်။ အများထဲမှာတော့ ကျွန်တော်တို့ ကံကောင်းတယ်လို့ပဲ ယူဆပါတယ်။
စစ်ပွဲကနေ လွတ်ဖို့ ရှောင်ကြတဲ့သူတွေ မြို့ထဲက ကျောင်းတွေထဲမှာ သောင်းနဲ့ချီတဲ့ မိသားစုတွေနဲ့ ပြည့်နေပါတယ်။ ဘယ်လောက်ရှိနေလဲတောင် ဘယ်သူသိနိုင်မလဲ။ ကျောင်းထဲကလူတွေကို လိုက်ရေတွက်ရင် ဘယ်တော့မှမဆုံးနိုင်အောင်ကို လူတွေ ပြည့်သိပ်နေတာပါ။
ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေးအေဂျင်စီ UNRWA က ဦးစီးထားတဲ့ ကျောင်းတစ်ကျောင်းမှာဆို စာသင်ခန်းတိုင်း လူတွေနဲ့ပြည့်နေပြီး ဝရန်တာ နေရာတိုင်းမှာ သူ့နေရာ ကိုယ့်နေရာကို အဝတ်တန်းတွေကာထားကြတယ်။
ကျောင်းအနောက်ဘက် ပန်းခြံခုံနေရာတွေပေါ်မှာ အမေတွေ နဲ့ အဖွားက ရှိတာတွေ ချက်ပြုတ်နေကြပြီး ဗိုက်ဆာနေတဲ့ကလေးတွေကလည်း စိတ်မရှည်စွာ စောင့်ဆိုင်းနေကြပါတယ်။
အခန်းလွတ်တွေ မရှိတော့တာကြောင့် နောက်ထပ်ရောက်လာတဲ့လူတွေက လမ်းမတွေပေါ်ရောက်လာကြပြီး လမ်းမပေါ်မှာလည်း လူတွေပြည့်နေပါတယ်။ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေ၊ အပျက်အစီးတွေကြားမှာ အိပ်စက် ရင်း ဒီထက်ကောင်းတဲ့နေရာတခု ရဖို့ မသေချာတော့ပေမဲ့ ရများရဦးမလားဆိုပြီး စောင့်မျှော်နေကြပပါတယ်။
ခန်ယွန်းနစ်မှာ အစားအစာနည်းနည်း နဲ့ လောင်စာဆီ နည်းနည်း ရှိပါတော့တယ်။ ဆိုင်တွေမှာ သောက်စရာရေလည်း မရှိတော့ပါဘူး။ ရေပေးဝေရေးစခန်းတွေက သူတို့အတွက် အကောင်းဆုံးမျှော်လင့်ချက်ဖြစ်တယ်။ အဲဒါက တကယ့်ကို ကပ်ဘေးဆိုက်နေတဲ့ အခြေအနေပါပဲ။
နောက်ပြီးတော့ ဒီမြို့ကလည်း ဘေးဥပါဒ်ကနေ မလွတ်ကင်းနိုင်တဲ့မြို့ပါပဲ။ မကြာခဏ ဗုံးကြဲခံရလေ့ရှိပြီး စစ်ပွဲဇုန်ထဲမှာ ရှိနေသေးတာပါပဲ။ ပြိုကျနေတဲ့ အဆောက်အဦတွေ နဲ့ အပျက်အစီးတွေကလည်းလမ်းမတွေပေါ်မှာ အမှိုက်ပုံလို ပြိုလဲကျနေပါတယ်။
ဟားမတ်စ်တွေက အစ္စရေး အထဲကို ဆက်လက်ပစ်ခတ်နေတာကြောင့် ဆေးရုံအနီးကလာတဲ့ ရော့ကတ်ဒုံးကျည်ပစ်လိုက်တဲ့အသံကို ကျွန်တော်ကြားလိုက်ရပါတယ်။ ဒါဟာ တစ်ဖက်ကို လက်တုံ့ပြန်ဖို့ ပွင့်ပွင့်လင်းလင်းဖိတ်ခေါ်နေတာပါပဲ။
အစ္စရေး ရဲ့ မောင်းသူမဲ့ လေယာဥ်ကလည်း ပစ်မှတ်ကိုရှာဖွေနေပါတယ်။
အဲဒါတွေပြီးတော့ ဗုံးတွေကျလာပြီး အဆောက်အဦတွေ ပြိုလဲပါတယ်။ ဆေးရုံမှာလည်း အလောင်းတွေနဲ့ လူတွေ ပိုများလာပါတယ်။
ဒီနေ့ မနက်ကဆို ကျွန်တော့်မိသားစုနေတဲ့ တိုက်ခန်းအနီးမှာ ဗုံးတစ်လုံးကျသွားတယ်။ တယ်လီဖုန်းဝန်ဆောင်မှုအားလုံးပြတ်တောက်သွားခဲ့လို့ ကျွန်တော့်သားကို ဆက်သွယ်ဖို့ မိနစ် ၂၀ လောက်ကြာခဲ့ပါတယ်။
ကျွန်တော်ရဲ့ အိမ်ရှိတဲ့ ဂါဇာက စစ်ပွဲ လေးကြိမ် ကို ကျွန်တော်သတင်းယူဖူးပါတယ်။ တခါမှတော့ ဒီလိုအဖြစ်မျိုးတွေကိုမမြင်ခဲ့ဖူးဘူး။
ရှေ့က စစ်ပွဲတွေ ဘယ်လိုပဲဆိုးရွာပါစေ အစာငတ်သေတာ၊ ရေငတ်သေတာ မမြင်ဘူးခဲ့ဖူး။ ဒါပေမဲ့ အခုတော့ တကယ် အဲဒီလိုဖြစ်လာနိုင်ချေ ရှိနေပါတယ်။
ဂါဇာကထွက်နိုင်ဖို့ အီဂျစ်ကိုဖြတ်သန်းနိုင်တဲ့ ရာဖာဂိတ်ကို အခုအထိ ပိတ်ထားဆဲဖြစ်ပါတယ်။ ဒီဂိတ်ကို ဖွင့်လိုက်ရင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးသင့် နေရာသစ်တစ်ခု ဖြစ်သွားလိမ့်မယ်လိုဆိုတာကို ကိုင်ရိုအစိုးရက သိနေပါတယ်။
အခုဆို ဂါဇာကစစ်ရှောင် ဒုက္ခသည်တစ်သန်းဟာ ရာဖာရဲ့ ကီလိုမီတာ ၂၀ အကွာမှာ စောင့်ဆိုင်းနေကြပါတယ်။ အဲဒီဂိတ်သာဖွင့်လိုက်ရင် ဒုက္ခသည်တွေနဲ့ ကသောင်းကနင်း ဖြစ်သွားမှာပါ။
ဒါမျိုးကို ၂၀၁၄ ဂါဇာစစ်ပွဲကလည်း သောင်းနဲ့ချီတဲ့ လူတွေက စစ်ပွဲကနေ လွတ်မြောက်ဖို့ ကြိုးစားကြတာမျိုး ကျွန်တော်မြင်ဖူးပါတယ်။ ဒါကိုပဲ အီဂျစ်အစိုးရကကြောက်နေတာပါ။
ဒုက္ခသည် လူသားလှိုင်းလုံးကြီးဟာ နယ်စပ်ကို ဖြတ်ကျော်သွားတဲ့အခါ နောက်ကပ်ဆိုးတွေနဲ့ အတူ ပရမ်းပတာအဖြစ်ကို ကြုံကြရဖို့လည်း ရှိနေပါတယ်။