ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
“၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်ဖို့အတွက် တကယ့်ကို အဆုံးအဖြတ် step (အဆင့်) တခုကို သွားမယ့် နှစ်တနှစ်ဖြစ်တယ်”
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဘီဘီစီတို့ လန်ဒန်မြို့က စတူဒီယိုမှာ တွေ့ဆုံမေးမြန်းခဲ့ကြပါတယ် ။
NUG က ၂၀၂၃ ကိုတော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်လို့ ဘာလို့ပြောနိုင်တာလဲ၊
စစ်တပ်ရဲ့ အသာစီးယူလေကြောင်းတိုက်ခိုက်မှုကို ဘယ်လိုတုံ့ပြန်နိုင်မလဲ၊
နိုင်ငံတကာက ပေးနေတဲ့အကူအညီတွေက ဘယ်လိုဘယ်အတွက်ရနေသလဲ၊
အာဆီယံ ဘုံသဘောတူညီချက် ငါးခုကို လက်ခံတယ်ဆိုရင် အဲဒီမှာပါတဲ့အတိုင်း စစ်တပ်နဲ့ဆွေးနွေးမှုတွေဖြစ်လာနိုင်လား စတဲ့ မေးခွန်းတွေကို ဒေါ်ဇင်မာအောင်က ဖြေကြားထားပါတယ်။
ဘီဘီစီ။ ။ဒီနှစ် ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်လို့ NUG ခေါင်းဆောင် အတော်များများက ပြောကြပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်တာပါလဲ။
ဒေါ်ဇင်မာအောင်။ ။(၁) အချက် လူထုရဲ့ အခြေအနေပေါ့။ ပြီးခဲ့တဲ့ ၂ နှစ်တာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ ကာလအတွင်းမှာ အားလုံးသိတဲ့အတိုင်းပဲ ပြည်သူလူထုက လုံးဝအုပ်ချုပ်ခွင့်မရဆိုတဲ့အတိုင်း စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကို လက်မခံဘူးဆိုတာကို တင်းတင်းရင်းရင်း ရသမျှနည်းနဲ့ ပြသခဲ့ပြီးဖြစ်တယ်။ အဲဒီလိုပြသခဲ့တဲ့နေရာမှာလည်းပဲ ပြည်သူလူထုက သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အရင်းအနှီး ကြီးကြီးနဲ့ ပြသခဲ့ရတာဖြစ်တယ်။ ဒါ (၁) အချက်ပေါ့။ နောက်ထပ် ဒီ ၂၀၂၃ ခုနှစ်မှာလည်းပဲ စစ်ကောင်စီက သူတို့ကိုယ်သူတို့ တရားဝင်မှုရအောင်လို့ အသည်းအသန် ကြိုးစားနေတဲ့ နှစ်ကာလဖြစ်တယ်။ ဥပမာ ရွေးကောက်ပွဲကို အတင်းဇွတ်လုပ်မယ်ဆိုတာမျိုးတွေ၊ အခုလုပ်မယ် ပြောလိုက် မလုပ်ဘူးပြောလိုက်၊ ဒါက ဘာကို ပြနေလဲဆိုတော့ သူတို့မှာ တရားဝင်မှုမရှိဘူး။ ဒီကာလမှာ သူတို့ကလည်း တရားဝင်မှုရအောင် ဇွတ်လုပ်ယူမယ့် သဘောမျိုးတွေကို တွေ့ရတယ်။ အဲတော့ ဒီအခြေအနေအရကော၊ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ နစ်နာနေတာတွေကိုလည်း ကျွန်မတို့က ရပ်တန့်ရမှာ ဖြစ်သလို တော်လှန်ရေးက သိပ်ကြာလာတာနဲ့အမျှ ဒီတော်လှန်ရေးအောင်မြင်ရေးက စိန်ခေါ်ချက်တွေ ကြီးလာနိုင်သလို လူထုရဲ့ ခံစားရမှုတွေကလည်း မြင့်မားလာနိုင်တယ်။ ဒါကြောင့်မို့လို့ ၂၀၂၃ ခုနှစ်ဟာ လက်ရှိပေးထားတဲ့ အခြေအနေတွေအရရော၊ လိုအပ်ချက်အရရော၊ လူထုရဲ့ အနေအထားတွေအရရော ကျွန်မတို့ တော်လှန်ရေးဟာ အဓွန့်ရှည်လို့ မရဘူးပေ့ါ။ ပြောရမယ်ဆိုရင်တော့ ကျွန်မတို့က မြန်နိုင်သလောက် အမြန်ဆုံး ပြတ်အောင်လို့ ဖြတ်ရမယ့် တာဝန်ရှိတယ်။ အဲဒီအတွက်ကိုလည်း ပေးထားချက်တွေက ထိုက်သင့်တဲ့ ပေးထားချက်တွေနဲ့ ညီညွတ်နေပြီလို့ ကျွန်မတို့ ယူဆတယ်။ ဒါကြောင့် ဒီ ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်ဖို့အတွက် တကယ့်ကို အဆုံးအဖြတ် step (အဆင့်) တခုကို သွားမယ့် နှစ်တနှစ်ဖြစ်တယ်လို့ ကျွန်မတို့ဘက်က သံန္ဒိဌာန်ချပြီးတော့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဘီဘီစီ။ တော်လှန်ရေးနဲ့ ပတ်သက်ရင် တချို့ကတော့ စစ်ရေးအောင်နိုင်မှ တော်လှန်ရေးလည်း အောင်နိုင်မယ်လို့ လက်ခံထားကြတာတွေ ရှိပါတယ်။ NUG အစိုးရအနေနဲ့ရော ဘယ်လို မူဝါဒမျိုး ထားရှိပါလဲ။
ဒေါ်ဇင်မာအောင်။ စစ်ရေးလို့ ပြောတဲ့အခါမှာ အစိုးရတရပ်အနေနဲ့ရော တော်လှန်ရေးတရပ် အနေနဲ့ရော ဟန်ချက်က အရေးကြီးတယ်လို့ ကျွန်မတို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ စစ်ကောင်စီကို ခုခံတွန်းလှန်ဖို့ self-defence ပေါ့နော်၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထူထောင်ခဲ့ကြတာဟာ ငါတို့ဟာ ကျန်တဲ့ နိုင်ငံရေး နည်းလမ်းတွေ၊ ငြိမ်းချမ်းတဲ့နည်းတွေကို စွန့်လွှတ်ပြီးတော့ ဒီနည်းနဲ့ပဲ သွားမယ်ဆိုပြီး ရွေးချယ်ခဲ့ကြတာ မဟုတ်ဘူး။ ကျွန်မတို့ ရှိပြီးသား နိုင်ငံရေး နည်းလမ်းတွေ၊ အကြမ်းမဖက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဒီအချက်အလက်တွေအပေါ်မှာ နိုင်ငံရေး နည်းနာအပေါ်မှာလည်း ခုနက ပြောသလို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရရော ဒီစစ်တပ်ဟာ အကြမ်းဖက်စစ်တပ် ဖြစ်သွားပြီ။ သူတို့ကို ပြုပြင်ပြောင်းလဲမှ ရတော့မယ်။ ဒါကို လူထုက လုပ်ပြရတော့မယ်။ ဆိုတော့ ဒီလိုအပ်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာ ပေါ်ပေါက်လာတာ ဖြစ်ပြီးတော့ ကျွန်မတို့ဟာ တဖက်စောင်းနင်း စစ်ရေးနဲ့ပဲ သွားမယ်၊ ကျန်တာတွေကို လက်လွှတ်လိုက်မယ် ဆိုပြီးတော့ သွားခဲ့ကြတာ မဟုတ်ဘူး။ နောက်ထပ် ထပ်ပြီး ပိုအားကောင်းအောင်လို့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး တခြားသော နည်းနာတွေအားလုံး လူထုလှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီးတော့ တော်လှန်ရေးကို ပိုပြီးတော့ အားကောင်းလာအောင်လို့ ရွေးချယ်လိုက်တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ စစ်ရေးပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ လူထုလှုပ်ရှားမှုပဲ ဖြစ်ဖြစ်၊ သံတမန်ရေးပဲ ဖြစ်ဖြစ် ဒါတွေအားလုံးဟာ interconnected အပြန်အလှန် ဆက်နွယ်ထားတယ်။ ဟန်ချက်ညီမှသာလျှင် ဒီတော်လှန်ရေးဟာ အောင်မြင်မယ်ပေါ့နော်။ ဘယ်အရာမှ တဖက်စောင်းနင်းသွားလို့ရတဲ့ အနေအထားမရှိဘူး။ အဲတော့ ဒီဟန်ချက်တွေကို ညီအောင်လို့ ကျွန်မတို့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဘီဘီစီ။ စစ်ရေးဆိုတဲ့နေရာမှာ စစ်ပြေမြင်မှာကျတော့ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်တာတွေရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီအနေနဲ့က လေကြောင်းအင်အားမှာ အားသာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်လာတာ တွေ့ရတယ်။ ဆိုတော့ အဲဒီလေကြောင်းအင်အားကို ဘယ်လိုနည်းနဲ့ ယှဥ်နိုင်မှာပါလဲ။ NUG ဘက်ကရော ဘာတွေပြင်ဆင်ထားလဲ။
ဒေါ်ဇင်မာအောင်။ လုံခြုံရေးနဲ့ပတ်သက်နေတဲ့ ကိစ္စဆိုတော့ ပြောလို့ရသလောက် ပြောကြည့်ပါမယ်။ အားလုံးသိတဲ့အတိုင်းပါပဲ ပြည်သူလူထုက စတင်ခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်မှာတုန်းက ခုန လက်နက်ကိုင်နည်းလမ်းကို ရွေးရင် ဒီစစ်တပ်က ဘယ်လောက်အင်အားကြီးတယ်၊ အင်အားတွေ ဘယ်လောက်ရှိတယ်၊ ဘတ်ဂျတ်တွေ ဘယ်လောက်သုံးထားတယ် ဆိုပြီးတော့ နိုင်နိုင်ခြေ မရှိဘူးဆိုပြီး ပြောခဲ့ကြတာတွေ ရှိတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်းက ဒီတပ်က ပျက်နေတဲ့ တပ်။ ကျင့်ဝတ်လည်း ပျက်နေတယ်။ ဖွဲ့စည်းပုံလည်း ပျက်နေတယ်။ ခြစားမှုတွေနဲ့ ပျက်နေတဲ့ တပ်ဖြစ်တယ်ပေါ့။ ၁ အချက် အဲတော့ ကျင့်ဝတ်ပျက်ရင် အကုန်ပျက်တယ်ပေ့ါနော်။ ဆိုတော့ ဒီတပ်ရဲ့ အနေအထားက နောက်ဆုံး အခုဘာဖြစ်လဲဆိုတော့ မြေပြင်ပေါ်မှာ ဘယ်လိုမှ တိုက်လို့ မနိုင်တော့ဘူး။ လူထုထောက်ခံမှုလည်း မရှိဘူး။ နောက်တခု defector (ဘက်ပြောင်းခိုလှုံသူတွေ)ရဲ့ အခန်းကဏ္ဍပေါ့။ ဒီစစ်သားတွေကိုယ်တိုင် တပ်မတော်သားတွေကိုယ်တိုင် တပ်ကို စွန့်ခွာလာနေကြတယ်။ ဒါက ဘာကိုပြလဲဆိုတော့ သူတို့ မြေပြင်မှာရော အတွင်းမှာရော သူတို့ကိုယ်သူတို့ ပြန်ထိန်းဖို့ ခက်ခဲတယ်။ စိန်ခေါ်မှု ကြီးကြီးမားမားကြုံတွေ့နေရတယ်ဆိုတာ တွေ့ရတယ်။ အဲတော့ သူတို့ အားသာချက်က လေကြောင်းနဲ့ပဲ။ လူနဲ့မလာရဲတော့ဘူး။ လေကြောင်းနဲ့ပဲ တိုက်ခိုက်မယ်။ လေကြောင်းနဲ့ တိုက်ခိုက်တဲ့အခါမှာလည်း တခါတခါ ကိုယ့်တပ်ပေါ်တောင် ကိုယ်ကြဲတာမျိုးတွေ ရှိသလို အရပ်သားတွေ၊ ကျေးရွာတွေ၊ ဆေးရုံတွေ ပြောရလို့ရှိရင်တော့ စစ်ဘက် အရပ်ဘက် ပစ်မှတ်ရယ်လို့ မခွဲခြားတော့ပဲနဲ့ လုပ်လာတာ တွေ့ရတယ်။ ဒါက ဘာကိုပြနေလဲဆိုတော့ စည်းပျက်ကမ်းပျက် တပ်မတော်တခုရဲ့ ကြန်အင်လက္ခဏာတွေလို့ ပြောလို့ရတယ်။ ပြောရလို့ရှိရင် ဒါကို ဘယ်လိုတိုက်မလဲပေါ့။ နိုင်ငံတကာကလည်း ဒါကြီးကို ပေါ်ပေါ်တင်တင်ကြီး ဝင်ပြီးတော့ ယူကရိန်းတို့လို လုပ်လို့မရတဲ့အခါမျိုးမှာ ကျွန်မတို့က ဘယ်လို ပုံစံမျိုးနဲ့ သွားလဲဆိုတော့ Early Warning System ကြိုတင်သတိပေးတဲ့ စနစ်မျိုးတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ ဘယ်လိုမျိုး လုပ်ကြမလဲ။ သတင်းအချက်အလက် ဦးအောင်ရရင် ဘယ်လို လုပ်ကြမလဲ။ နောက်တခုက အခုဆိုရင် ဗုံးခိုကျင်းတွေ တူးထားတာမျိုးပေါ့။ သတင်းဦးတယ် လေကြောင်းတွေ ပြန်တက်သွားပြီဆိုတာနဲ့ တပြိုင်နက်တည်း သတိပေးပြီးတော့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲပေါ့။ ဒီလိုပုံစံမျိုးနဲ့တော့ ကျွန်မတို့ သွားနေတာ ရှိတယ်။ ခုနကပဲ သတင်းထူးတခု ကြားရတယ်။ ရတဲ့နည်းနဲ့ပဲ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဥ်တစီးကို ပစ်ချနိုင်ခဲ့တဲ့ အနေအထားမျိုးတွေလည်း တွေ့ရတယ်ပေ့ါနော်။ ဆိုတော့ ပြောရရင်တော့ Homegrown (ပြည်တွင်းဖြစ်) ပေါ့နော်။ ဒီလူထုတော်လှန်ရေးက ပြည်တွင်းမှာလည်းပဲ လက်နက် ထုတ်လုပ်ရေးကနေပြီးတော့ တဆင့် ဒါကို ကာကွယ်ဖို့ ကြိုးစားနေကြတာတွေ ရှိတယ်။ ခုနပြောသလို Early Warning System ကြိုတင်သတိပေးတဲ့စနစ်မျိုးတွေကနေ တဆင့်လည်း ဆောင်ရွက်နေကြတာတွေ ရှိတယ်။ ဒါတွေကိုတော့ ကာကွယ်ပြီးတော့ သွားနေကြတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။
ဘီဘီစီ။ အခုဆိုရင် NUG ကိုထောက်ခံအားပေးလာကြတဲ့ နိုင်ငံတွေ အထူးသဖြင့် အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ စတဲ့ အနောက်နိုင်ငံတွေက ထောက်ခံအားပေးလာကြတာ တွေ့ရတယ်။ ဒီနေရာမှာ အဲဒီနိုင်ငံတွေကရော ကူညီတာတွေ ရှိနေပါသလား။ ကူညီပေးဖို့ ရှိတယ်လို့ကော မျှော်လင့်လို့ရပါလား။
ဒေါ်ဇင်မာအောင်။ ဥပဒေတွေအရရော ဥပမာ အမေရိကန် ပြည်ထောင်စုဆိုရင်လည်း NDAA ထဲမှာ Burma Act ကို ထည့်သွင်းလာတဲ့ ထူးခြားချက်တွေ ရှိတယ်ပေ့ါနော်။ ပြောရရင်တော့ ကျွန်မတို့ လိုနေတာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အရင်လိုမျိုးကြီး ထုံးနည်းစံကျလိုမျိုး သွားတာမျိုးမဟုတ်ဘဲနဲ့ လက်ရှိ မြေပြင်အခြေအနေမှာ လိုအပ်ချက်အရ သွားနိုင်ဖို့ထိကို ထိထိရောက်ရောက် practical terms (လက်တွေ့ကျကျ) နဲ့ အကူအညီပေးဖို့ကို ကျယ်ကျယ်လောင်လောင်နဲ့ ကျွန်မတို့ အကူအညီတောင်းခံနေတာတွေ ရှိပါတယ်။ ဆိုတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက်ပေးနိုင်ရင်ကိုပဲ ကျွန်မတို့ ပြည်သူလူထု ခံစားနေရတဲ့ ဒီဒုက္ခတွေက ခုသာခံသာ ဖြစ်မှာ ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် ဥပဒေကြောင်းအရပေးတယ်။ ကြေညာချက်တွေနဲ့ပေးတယ်။ နိုင်ငံရေးအရ ပေးတယ်။ ဒါပေမဲ့ ပေးကားပေး၏ မရဆိုတာမျိုးတွေ မြေပြင်မှာ မရောက်နိုင်တဲ့ အနေအထားမျိုးလေးတွေလည်း ရှိတယ်။ ဒီနှစ်မှာတော့ အဲဒီခွင့်ပြုချက်တွေကနေပြီးတော့ အဲဒီပြီးခဲ့တဲ့နှစ်တုန်းက ပေါ်လစီတွေချပြီးတော့ မရခဲ့တဲ့ဟာတွေ၊ မထိရောက်ခဲ့တဲ့ဟာတွေကိုပဲ ထိထိရောက်ရောက်ဖြစ်အောင်လို့တော့ ဥပမာ အမေရိကန် အစိုးရနဲ့ပဲ ဖြစ်ဖြစ် အီးယူတို့ ယူကေတို့ တာဝန်ရှိတဲ့ လူတွေနဲ့ပဲ ဖြစ်ဖြစ် ကျွန်မတို့ အကြံပြု ဆွေးနွေးသွားပြီးတော့ အထူးအားဖြင့်တော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရင်ကို ကျွန်မတို့ ပြည်သူလူထုအတွက်ကော တော်လှန်ရေးအတွက်ကော အတော်လေး ခုသာခံသာ ဖြစ်မယ့် အနေအထားမျိုး ရှိပါတယ်။ ဒါကို ထပ်လောင်းပြီးတော့ လက်တွေ့ကျကျ အကူအညီပေးဖို့ တောင်းဆိုလိုတယ်။ ဆက်လက်ပြီးတော့လည်း တိုက်တွန်းသွားမယ်။ တောင်းဆိုသွားမယ့် အနေအထား ရှိပါတယ်။
ဘီဘီစီ။ လက်ရှိမြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ နိုင်ငံတွေထဲမှာ ရုရှားတို့ တရုတ်တို့လည်း ပါဝင်နေတယ်ဆိုတော့ အဲဒီနိုင်ငံတွေနဲ့ NUG ရဲ့ ဆက်ဆံရေးကကော နောက်ဆုံး ဘယ်လိုရှိပါသလဲ။
ဒေါ်ဇင်မာအောင်။ ဒီမှာ နှစ်ပိုင်းပြောလို့ရတယ်ပေ့ါနော်။ ရုရှားနဲ့ တရုတ်နဲ့က ပထဝီအနေအထားနဲ့ကတော့ ထပ်တူထပ်မျှတော့ မကျနေဘူးပေါ့။ ကျွန်မတို့အတွက် ဘာပဲပြောပြော ထည့်သွင်းစဥ်းစားရတာက ကျွန်မတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ရပ်တည်ချက် အခန်းကဏ္ဍ အရေးကြီးပါတယ်။ အထူးအားဖြင့် ခုနက ပြောတဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တဲ့ အိမ်နီးနားချင်းနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေး၊ နောက် သူ့ရဲ့ ကျွန်မတို့တော်လှန်ရေးနဲ့ ကျွန်မတို့ ပြည်သူလူထုရဲ့ ရုန်းကန်မှုအပေါ် နားလည်လက်ခံနိုင်စွမ်းဟာ အရမ်းကို အရေးကြီးတယ်လို့ ကျွန်မတို့ မြင်တယ်။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံအနေနဲ့ ကျွန်မတို့ရဲ့ နွေဦးတော်လှန်ရေး၊ လူထုရဲ့ လှုပ်ရှားမှုအပေါ်မှာ တမျိုးအဓိပ္ပာယ် မဖွင့်ဆိုဖို့လို့ အရင်တုန်းက နားလည်ခဲ့တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ပိုမိုပြီးတော့ မှန်မှန်ကန်ကန်နဲ့ နားလည်နိုင်ဖို့လို့ ကျွန်မတို့ Engagement (ထိတွေ့ဆက်ဆံမှု) လုပ်ပြီးတော့ ကျွန်မတို့ဘက်ကတော့ ရှင်းလင်းဆွေးနွေးဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါကတော့ (၁) အချက်ပေါ့။ နောက် ရုရှားပေ့ါ။ ရုရှားကိုလည်း ဒီအတိုင်းပဲ။ ကျွန်မတို့ စပြီးတော့ စစ်ကောင်စီက အာဏာသိမ်းကတည်းက ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စာရေးသားပေးပို့ခဲ့တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးကို ပို့သလိုပဲ ရုရှားနိုင်ငံကိုလည်း ပေးပို့ပြီးတော့ Engagement လုပ်ခဲ့တာ ရှိတယ်။ သို့သော်လည်းပဲ ကံဆိုးစွာနဲ့ပဲ ရုရှားဘက်က တုံ့ပြန်မှုကတော့ မြင်တဲ့အတိုင်းပဲပေါ့နော်။ သိပ်ပြီးတော့ အဆင်မပြေဘူး။ နောက်ပြီးတော့ ရုရှားနဲ့ မြန်မာစစ်တပ်ရဲ့ ဆက်ဆံရေးက အစောကြီးကတည်းက ရှိတယ်။ အရမ်းကြီးပါတယ်။ ဒီဟာတွေကလည်းပဲ ကျွန်မတို့အတွက် နည်းနည်း အခက်အခဲပေါ့နော်။ ရုရှားနဲ့ ဆက်ဆံဆောင်ရွက်ရေးမှာတော့ အခုအချိန်ထိ အခက်အခဲရှိနေတုန်းပဲ ဖြစ်တယ်။ အိမ်နီးနားချင်းဖြစ်တဲ့ တရုတ်နဲ့တော့ ကျွန်မတို့ ဘာပဲပြောပြော အရင့်အရင် တော်လှန်ရေးကာလတွေနဲ့ မတူတဲ့ အခြေအနေမျိုးတော့ ရှိနေတယ်လို့ ပြောလို့ရပါတယ်။
ဘီဘီစီ။ ဒေါ်ဇင်မာအောင်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ တခြားနိုင်ငံတွေကိုလည်း သွားပြီး အစိုးရတွေကို တွေ့ဆုံတယ်။ လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံတာတွေ ရှိတယ်။ ဒီလို ဆွေးနွေးတွေ့ဆုံတဲ့နေရာမှာ ကိုယ့်အနေနဲ့ အားရကျေနပ်မှု ရှိတဲ့ အနေအထားတွေလည်း ရှိမယ်။ အားမရတဲ့ အနေအထားတွေကော ရှိမယ်။ အဲဒါတွေကိုကော ပြောလို့ရသလောက် ပြောပြနိုင်မလား။
ဒေါ်ဇင်မာအောင်။ တချို့တွေ့ဆုံဆွေးနွေးမှုတွေက ကျွန်မတို့ အစောပိုင်းတုန်းကဆိုရင် ကျွန်မတို့နဲ့ တွေ့ဆုံရမှာကို၊ သတင်းထုတ်ပြန်ရမှာကို ကြောက်တယ်ပေါ့နော်။ ပြောရလို့ရှိရင် တွေ့ဆုံမှုကိုမှ Public (လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု) မလုပ်ရဲတဲ့ Engagement (ထိတွေ့ဆက်ဆံမှု)တွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်မတို့ဟာ ပြည်သူလူထု ထောက်ခံထားတဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါ (၁) အချက်။ နောက် ဒုတိယတခုအနေနဲ့ကကျတော့ ဒီရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တင် မဟုတ်ဘူး။ တခြားနည်းနဲ့ သူ့လူ့အသိုင်းအဝိုင်းနဲ့ လူမျိုးစုတွေကို ကိုယ်စားပြုနေတဲ့ ခေါင်းဆောင်တွေနဲ့ရော စုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ အစိုးရ တရပ်လည်း ဖြစ်တယ်။ ဆိုတော့ ဒီအပေါ်မှာ ဘာကြောင့် ကျွန်မတို့နဲ့ ဆက်ဆံတဲ့အခါမှာ တွန့်ဆုတ်နေရတာလဲဆိုပြီး အားမလို အားမရ ဖြစ်ခဲ့တာတွေတော့ အများကြီး ရှိပါတယ်။ ဒါကလည်းပဲ Power Politics (သြဇာအာဏာအားပြိုင်တဲ့ နိုင်ငံရေး) တွေပါမယ်။ ဒေသတွင်း ပထဝီနိုင်ငံရေး ချိန်ဆမှုတွေလည်း ပါတယ်။ နောက်တချက်ကလည်း ဒီတော်လှန်ရေး နိုင်ပါ့မလားဆိုပြီးတော့လည်း နိုင်ငံတကာကလည်း သံသယရှိခဲ့ကြတယ်။ ဒါပေမဲ့ အခုပိုပြီးတော့ ကျယ်ကျယ်လောင်လောင်နဲ့ ထောက်ခံလာကြတယ်။ ပြောဆိုလာကြတယ်။ ဒါက ကျွန်မတို့ ပြည်သူ့တော်လှန်ရေးရဲ့ အောင်မြင်မှုလို့ပဲ ကျွန်မတို့ ပြောချင်တယ်။ ဒါ NUG ရဲ့ အောင်မြင်မှု မဟုတ်ဘူး။ ဒါ ပြည်သူလူထုရဲ့ အောင်မြင်မှု ဖြစ်တယ်။ ဒီတော်လှန်ရေးရဲ့ အောင်မြင်မှု ဖြစ်တယ်။ ပြောချင်တာက ပြည်သူလူထုရဲ့ ရုန်းကန်မှုကို၊ resilience (ခံနိုင်ရည်စွမ်းရှိရှိနဲ့) တွန်းလှန်မှုကို၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကို အာသာငန်းငန်းဖြစ်မှုကို သူတို့ အသိအမှတ်ပြုလာရတဲ့သဘောလို့ ကျွန်မကတော့ ဒီလိုပဲ နားလည်တယ်။ ဒါကို ဆက်လက်ထိန်းသိမ်းပြီးတော့ ဆက်ဆံရေးကောင်းတွေကို တည်ဆောက်သွားဖို့လို့ ကျွန်မတို့ တော်လှန်ရေးအတွက် ဘာပဲပြောပြော ခွန်အားအဖြစ်နဲ့ ပြောင်းလဲနိုင်ဖို့လို့ ကျွန်မတို့ ကြိုးစားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ မြန်မာ့လက်ရှိနိုင်ငံရေးအခြေအနေကို ဖြေရှင်းဖို့ရာအတွက်ဆိုရင် အာဆီယံရဲ့ ဘုံသဘောတူညီမှု ငါးရပ်ကို NUG အစိုးရအနေနဲ့ လက်ခံထားတယ်လို့ သိထားတယ်ပေါ့နော်။ အဲဒီထဲမှာ အားလုံးတွေ့ဆုံဆွေးနွေးဖို့ ဆိုတာလည်း ပြောထားပါတယ်။ ပြီးတော့ ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံနိုင်ငံတွေကလည်း နိုင်ငံရေးထွက်ပေါက်ရဖို့ ဆိုလို့ရှိရင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သင့်တယ်လို့ ပြောထားတာ ရှိတယ်။ အဲဒီတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ဆိုတာကကော ဖြစ်လာနိုင်ပါလား။
ဒေါ်ဇင်မာအောင်။ အဲဒါက Precondition (ကြိုတင်သတ်မှတ်ချက်) တွေရှိဖို့လိုတယ်။ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ဟာ တကယ်ကကျ မလုံလောက်ဘူး။ မလုံလောက်ပေမဲ့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်မယ်လို့ မူအားဖြင့် ကျွန်မတို့ လက်ခံထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲမှာ ဘာတွေပါလဲဆိုတော့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ပါတယ်။ ဆိုတော့ အဲဒီထဲမှာ ပါတဲ့ အဓိက အချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေကို စတင်ပြီးတော့ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်မှု မရှိဘဲနဲ့ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲပေါ့။ ဒါ အခုအချိန်ထိ မရပ်သေးဘူး။ နေ့စဥ်နဲ့အမျှ ဒီအကြမ်းဖက်မှုတွေက ကျူးလွန်နေတုန်းပဲ ဖြစ်တယ်။ ဒါဟာ အာဆီယံဘုံဘဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက နားမထောင်ပဲနဲ့ မတုံ့ပြန်ပဲနဲ့ ကျွန်မတို့က ဆွေးနွေးမှာလား၊ မဆွေးနွေးဘူးလား၊ အဆင့်သင့်ဖြစ်ပါပြီ သွားပြောရလောက်အောင် ကျွန်မတို့မှာ အဲဒီအခြေအနေမှာတော့ ရှိမနေဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်။ အဲတော့ ဒီလိုမျိုး Dialogue (တွေ့ဆုံဆွေးနွေးမှု) တို့ Conversation (စကားပြောဆိုမှု) တို့ဆိုတာ ကြိုတင်လုပ်ရမယ့် အခြေအနေတွေ လိုတယ်။ နောက် Conducive Environment လို့ခေါ်တဲ့ ဒီ တွေ့ဆုံဆွေးနွေးပွဲတွေကို အားပေးတဲ့ ပတ်ဝန်းကျင်တခုကို မတည်ဆောက်နိုင်သေးပဲနဲ့ ကျွန်မတို့က စကားပြောမှာလား၊ မပြောဘူးလားလို့ ပြောဖို့က စောလွန်းတယ်လို့ ကျွန်မကတော့ မြင်တယ်။ ပြောရရင် မူအားဖြင့် ထောက်ခံတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုတွေ မရပ်သေးဘဲနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ မရပ်သေးဘဲနဲ့ ကျွန်မတို့ ဆက်ပြီးတော့ စကားပြောမလား၊ မပြောဘူးလားဆိုတာကတော့ ကျွန်မတို့ ဒီအချိန်မှာ ဖြေဖို့ စောလွန်းသေးတယ်လို့တော့ ကျွန်မ မြင်ပါတယ်။
ဘီဘီစီ။ လတ်တလောအချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့တလည်း နှစ်နှစ်ပြည့်ခဲ့တဲ့ အချိန်ဖြစ်တယ်။ ဒီအချိန်မှာပဲ စစ်ကောင်စီဘက်က အရေးပေါ်ကာလကို သက်တမ်းတိုးတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေကို ပြင်ဆင်တာတွေလည်း ရှိတယ်။ နောက် မကြာသေးခင်ကပဲ စစ်အုပ်ချုပ်ရေး နယ်မြေတွေကို တိုးချဲ့လိုက်တာတွေ ရှိတယ်ပေ့ါနော်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ NUG ဘက်က ဘယ်လိုများ တုံ့ပြန်ပါမလဲ။
ဒေါ်ဇင်မာအောင်။ ပထမတချက်ကတော့ စစ်အုပ်ချုပ်ရေးကို တိုးချဲ့လိုက်တာဟာ ဘာပြလဲဆိုတော့ သူတို့အုပ်ချုပ်လို့မရဘူးဆိုတဲ့ နေရာတွေကို ပြတာပဲ ဖြစ်တယ်ပေ့ါနော်။ ပြောရမယ်ဆိုရင်တော့ သူတို့ရှုံးနေတာပေါ့လေ။ ဒီဒေသတွေမှာ သူတို့အုပ်ချုပ်လို့မရဘူးဆိုတာ ဝန်ခံလိုက်တာလို့ ကျွန်မကတော့ မြင်တယ်။ နောက် ဒုတိယတချက်ကတော့ ကျွန်မတို့ မျှော်လင့်ထားပြီးသားပါ။ သူတို့က ဘာလုပ်မလဲဆိုတော့ အကြမ်းဖက်မှာပဲ။ ပိုပြီးတော့ အကြမ်းဖက်ဖို့လို့ သက်တမ်းတိုးလိုက်တယ်လို့ နားလည်လို့ရပါတယ်။ ၁ အချက် သူတို့ရှုံးနေတယ်ဆိုတာကို တဖက်လှည့်နဲ့ ဝန်ခံလိုက်တာ ဖြစ်တယ်။ နောက် ဒုတိယတချက် ဒီနေရာတွေမှာ ပြည်သူလူထုကို သူတို့ အငြိုးတကြီးနဲ့ အကြမ်းဖက်ဖို့လို့ ပြင်ဆင်တဲ့ ပြင်ဆင်ချက်လို့ပဲ ကျွန်မတို့ နားလည်လို့ရပါတယ်။
ဘီဘီစီ။ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို တာဝန်ခံစေဖို့ဆိုပြီး တချို့နိုင်ငံတွေမှာ တိုင်တန်းတာ၊ တရားစွဲဆိုတာတွေ လုပ်ထားတာ သိရပါတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဒေါ်ဇင်မာအောင်။ စစ်ကောင်စီက အာဏာသိမ်းမှုစကတည်းက ဒီတခေါက်မှာတော့ ဒီရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ကင်းလွတ်ခွင့်ပေးနေသရွေ့ ဒီလို ဆိုးကြော့သံသရာကြီးက ကျွန်မတို့ မြန်မာနိုင်ငံကြီးမှာ ဆက်လက်ပြီးတော့ လည်ပတ်နေမှာပဲဖြစ်တယ်။ Impunity (ပြစ်ဒဏ်ကင်းလွတ်ခွင့်) ပေါ့နော်။ ဒီတခေါက်က ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလို့မရဘူးလို့ ကျွန်မတို့မြင်တယ်။ တရားမျှတမှုကို အာမခံနိုင်ရမယ်။ နောက် အသွင်ကူးပြောင်းတဲ့ ကာလရောက်ရင်လည်း အသွင်ကူးပြောင်းမှုကာလ တရားမျှတမှု (Transitional Justice) ဆိုတာမျိုးတွေက လုပ်ကို လုပ်ရမယ့် နယ်ပယ်တွေလို့ ကျွန်မတို့ ဒီလိုပဲ နားလည်တယ်။ အခုကတည်းက ကျွန်မတို့က ပြင်ဆင်ထားတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အသတ်ခံရတဲ့သူတွေ ၃၀၀၀ ကျော်သွားပြီ။ ဒီအနေအထားတွေ ရှိတယ်။ ဒါ ရေတွက်လို့ ရသလောက်ပဲ ရှိသေးတယ်ပေါ့နော်။ ကျွန်မတို့ မှတ်တမ်းမတင်နိုင်တဲ့နေရာတွေက မီးရှို့ခံရတာ၊ ရက်ရက်စက်စက် အသတ်ခံရတာတွေ၊ ဗုံးကြဲပြီး သေသွားတာတွေ ကျွန်မတို့ မရေတွက်နိုင်တာတွေလည်း အများကြီး ရှိဦးမယ်။ ပြောရမယ်ဆိုရင်တော့ ဒီရာဇဝတ်မှုတွေကို တောက်လျှောက်ကျူးလွန်ခဲ့တာ။ အခုမှ မဟုတ်ပါဘူး။ တိုင်းရင်းသား ဒေသတွေမှာဆိုရင် တောက်လျှောက်ကျူးလွန်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ဒီတခေါက်မှာတော့ အနီးစပ်ဆုံး သမိုင်းဖြစ်တယ်။ ဒီရဲ့ တရားမျှတမှုကို ဖော်ဆောင်နိုင်မှ ဖြစ်မယ်ဆိုပြီးတော့ အခု အိုင်စီစီ နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားတာ ရှိတယ်။ အိုင်စီဂျေ (အပြည်ပြည်ဆိုင်ရာတရားရုံး) တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ရှိရင်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒါ့အပြင်ကိုလည်းပဲ တချို့ သက်ဆိုင်ရာ နိုင်ငံတွေအလိုက်ပေါ့နော်။ Universal Jurisdiction (ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့်)ကို လက်ခံထားတဲ့ နိုင်ငံတွေမှာလည်း ဒီရာဇဝတ်မှုတွေကို ကျူးလွန်တဲ့သူတွေ၊ စစ်ရာဇဝတ်မှုကို ကျူးလွန်ထားတဲ့သူတွေကို သွားလို့လာလို့မရအောင်၊ နောက် အရေးယူလို့ရအောင်ဆိုပြီးတော့ နိုင်ငံအလိုက်လည်းပဲ Universal Jurisdiction အောက်ကနေပြီးတော့ တရားစွဲဆိုမှုတွေမှာ ကျွန်မတို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါကတော့ Justice And Accountability (တရားမျှတမှုနဲ့ တာဝန်ခံမှု)က ကျွန်မတို့ NUG ရဲ့ ဖော်ဆောင်မယ့် နယ်ပယ်တခုလည်း ဖြစ်တယ်။ အသွင်ကူးပြောင်းရေးကာလအတွက်လည်း အရေးကြီးတဲ့ နယ်ပယ်တခုလည်း ဖြစ်ပါတယ်။
ဘီဘီစီ။ အဲတော့ စွဲဆိုထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ကော နောက်ဆုံး ဘာတွေများ တိုးတက်မှုရှိတာ ပြန်သိရပါလဲ။
ဒေါ်ဇင်မာအောင်။ လုပ်ဆောင်နေဆဲပါ။ တကယ့်တကယ်တော့ အိုင်စီစီတို့ အိုင်စီဂျီတို့က အရမ်း နှစ်ပေါက်အောင်ကြာတဲ့ တရားရုံးတွေပေါ့နော်။ တရားမျှတမှုကို ဖော်ဆောင်တဲ့အခါမှာ။ လုပ်ဆောင်နေတယ်။ အချက်အလက်ရှာဖွေစုဆောင်းတဲ့ IIMM (မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား) လိုမျိုး အဖွဲ့အစည်းတွေကနေရော ကျွန်မတို့ လူ့အခွင့်အရေးဝန်ကြီးဌာန အပါအဝင် မြေပြင်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကနေရော အချက်အလက်ကောက်ယူမှုတွေ မှတ်တမ်းပြုစုတာတွေ၊ သက်သေခံအထောက်အထား ပြုစုတဲ့အပိုင်းတွေကတော့ ကျွန်မတို့ စဥ်ဆက်မပြတ် ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်။ ဒါတွေက အိုင်စီစီ အိုင်စီဂျေ မသွားခင်ကိုပဲ ခုနကပြောသလို ကုလသမဂ္ဂတို့ လူ့အခွင့်အရေးကောင်စီလို ကိစ္စမျိုးတွေမှာလည်း အရေးယူမှုတွေ ဖြစ်နိုင်ဖို့အတွက်ကို အများကြီး အထောက်အပံ့တွေ ဖြစ်ပါတယ်။
ဘီဘီစီ။ အာဏာရှင်စနစ် ဖြုတ်ချရေး ကြိုးစားနေတဲ့နေရာမှာ လက်တွေ့ဦးဆောင်ပါဝင်နေတဲ့ သူတွေရော သာမန်ပြည်သူလုထုအနေနဲ့ရော အောင်မြင်ဖို့ ဆန္ဒတွေ ပြင်းပြနေတာ တွေ့ရတယ်။ အသံတိတ်သပိတ်အောင်မြင်တာကို ကြည့်လို့ရှိရင်လည်း သိနိုင်တယ်လို့ ပြောရမှာပေါ့နော်။ ဆိုတော့ တော်လှန်ရေးက ဘယ်အချိန် ဘယ်ကာလမှာ အောင်မြင်မယ်လို့ NUG က ပြောပြနိုင်လဲ။ လူထုကို ပြောပြနိုင်တာ ရှိပါသလား။
ဒေါ်ဇင်မာအောင်။ ပထမဆုံး မေးခွန်းမှာ ပြန်ချိတ်ရမယ်လို့ ထင်တယ်ပေ့ါနော်။ ဒီ ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်ဖို့အတွက်ကို အဆုံးအဖြတ်နှစ်ဖြစ်အောင် ကြိုးစားအားထုတ်မယ်ဆိုတာလိုမျိုးပဲ၊ ကျွန်မတို့ရဲ့ ညီညွတ်မှုက အရေးကြီးတယ်။ အထူးအားဖြင့်တော့ ပြင်ပကမ္ဘာဆိုတာက ကျွန်မတို့ ကိုယ်တိုင်ရုန်းမှ သူတို့က ထောက်ခံတာ၊ လိုက်ပါလာတာ။ ကျွန်မတို့ ရုန်းနေရဲ့ တန်းလန်းနဲ့တောင်မှ ရှုံးနိုင်တယ် ဆိုလို့ရှိရင် သူတို့ ရပ်ချင်မှ ရပ်မှာပေါ့နော်။ ပြောချင်တာက လူထုနဲ့ ကျွန်မတို့တွေနဲ့ တသားတည်း ရှိနေသရွေ့၊ လူထုလို့ ပြောတဲ့နေရာမှာ ဗမာလူထုတင် မဟုတ်ဘူးပေါ့နော်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံး၊ မတူကွဲပြားတဲ့ အုပ်စုတွေ၊ မတူကွဲပြားတဲ့ ဘာသာရေးတွေ ရှိမယ်။ လူမျိုးစုတွေ ရှိမယ်။ တကယ့်နိုင်ငံသူ နိုင်ငံသားအားလုံးတွေရဲ့ စုစည်းမှု။
နောက်တခုက မျိုးဆက်အလိုက်ပေါ့နော်၊ ဒီတော်လှန်ရေးက ထူးခြားတယ်။ ကျွန်မမြင်တာကတော့ နှစ်ပေါင်း ၇၀ လောက် တိုက်ခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေရော၊ နောက်ပြီးတော့ ၈၈၊ ၂၀၀၇ အစရှိသည်ဖြင့် ရှေ့ပိုင်းက မျိုးဆက်တွေရော၊ အားလုံးပေါင်းစုံပြီးတော့ ဒီတော်လှန်ရေးက အခု နောက်ဆုံးမျိုးဆက်ဆိုရင် Generation Z တွေပေ့ါနော်၊ ဒီပေါင်းစပ်မှုနဲ့ သွားတဲ့ Unity ( စည်းလုံးညီညွတ်မှု) ပေါ့။ နောက်ပြီးတော့ စစ်တပ်တခုတည်းတင် ပြောင်းလဲဖို့တင် မကဘူး။ ဒီတော်လှန်ရေးက ကျွန်မမြင်တာကတော့ တချို့ Rational (ဆင်ခြင်တုံတရားကို အခြေခံမှု) မဟုတ်တဲ့ လူမှုနှုန်းစံတွေကိုပါ စိန်ခေါ်တဲ့ တော်လှန်ရေး ဖြစ်တယ်ပေါ့နော်။ ဒီတော်လှန်ရေးရဲ့ အားကောင်းမှုက အတွေးအခေါ် ပိုင်းဆိုင်ရာအရ အပြောင်းအလဲကိုပါ ဦးတည်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီတော်လှန်ရေးက အောင်ကို အောင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်။ ဒီစည်းလုံးညီညွတ်မှုကို ကျွန်မတို့ ဆက်လက်ပြီးတော့ ထိန်းထားနိုင်မယ်၊ နိုင်ငံတကာကလည်း ဒါကို ဟန်ချက်ညီညီနဲ့ လူထုဘက်က ရပ်ပြီးတော့ ကူညီမယ်ဆိုတဲ့ ဆုံချက်တခုကို ရောက်သွားရင်တော့ ကျွန်မတို့ လိုချင်တဲ့ အပြောင်းအလဲဟာ သေချာပေါက် အမြန်ဆုံး ရောက်လာမယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။