အင်တာနက်ပေါ်မှာအရှက်ခွဲခံရတဲ့ အမျိုးသမီးတွေ ဘယ်လိုတုံ့ပြန်ကြသလဲ

အမျိုးသမီးအဖွဲ့အစည်းမှာ ပါဝင်သူတွေကိုယ်တိုင် တိမ်းရှောင်နေကြရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးအဖွဲ့အစည်းမှာ ပါဝင်သူတွေကိုယ်တိုင် တိမ်းရှောင်နေကြရ

အများမမြင်သင့်တဲ့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ နှစ်ကိုယ်တူချစ်တင်းနှောတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အင်တာနက်လူမှုကွန်ရက်တွေမှာ မထင်မှတ်ဘဲပေါ်လာခဲ့ရင် ဘယ်လိုခံစားရမလဲ။

ရှက်ရွံ့စိတ်၊ မိသားစုတွေ သိသွားမလား စိုးရိမ်စိတ်၊ ဘယ်သူ့ကို အကူအညီတောင်းရမလဲဆိုတာ မသိတဲ့ အားကိုးရာမဲ့တဲ့ စိတ်တွေနဲ့ ရူးသွားမလောက် ခံစားခဲ့ကြရတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတွေက ပြောပါတယ်။

ဒီလိုအရှက်ခွဲသူတွေကလည်း သူစိမ်းတွေမဟုတ်ဘဲ အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ ချစ်သူတွေဖြစ်နေကြတာမျိုးကြုံရတဲ့အခါ နှစ်ဆ ပိုနာကျင်ရပါတယ်။

နောက်တစ်မျိုးကျတော့လည်း လူမှုကွန်ရက်ပေါ်တင်ထားတဲ့ ကိုယ့်အလှဓာတ်ပုံတွေကို ရုပ်သံဗီဒီယိုတွေထဲမှာ ဖြတ်၊ ညှပ်၊ ကပ် ပြီး အသုံးခံရတာပါ။

ဒီလိုမျိုး အွန်လိုင်းပေါ်မှာ အရှက်ခွဲခံရတဲ့ မိန်းကလေးတချို့နဲ့ ဘီဘီစီက မေးမြန်းပြီးတဲ့နောက် သူတို့တွေဟာ စိုးရိမ်ကြောက်ရွံ့စိတ်တွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့အထိ ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။

အခုလိုဖြစ်ရပ်တွေကြုံလို့ အကူအညီလာတောင်းတဲ့ အရှက်ခွဲခံရသူ မိန်းကလေး ၉၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ကိုယ်သူတို့ အဆုံးစီရင်ဖို့အထိ ပြောလာကြတယ်လို့ ASV အဖွဲ့ ရဲ့ တာဝန်ရှိသူ ကိုအောင်ဇဗ္ဗူကျော်ဟိန်းက ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဆန့်ကျင်ရေးအဖွဲ့ (Against Sexual Violence-ASV) ဟာ အင်တာနက်ပေါ်မှာ အရှက်ခွဲခံရတဲ့ မိန်းကလေးတွေဘက်ကနေရပ်တည်ပြီး အကြမ်းဖက်တာတွေ ရပ်တန့်အောင် ကူညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အရှက်ခွဲခံရတဲ့အပြင် အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရ

မက်ဆင်ဂျာကနေ စာပို့ပြီး ခြိမ်းခြောက်ခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မက်ဆင်ဂျာကနေ စာပို့ပြီး ခြိမ်းခြောက်ခံရပါတယ်။

ASV စတည်ထောင်တဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ နှစ်ကုန်အထိ ငါးနှစ်အတွင်း အကြမ်းဖက် အရှက်ခွဲခံရလို့ အကူအညီလာတောင်းတဲ့ မိန်းကလေးပေါင်း အယောက် ၁,၀၀၀ ဝန်းကျင်လောက်ရှိနေတယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အများစုကတော့ အသက် ၁၈ နှစ်ကနေ အသက် ၃၀ ဝန်းကျင်အတွင်း အမျိုးသမီးတွေ ဖြစ်ပါတယ်။

ဒီအထဲမှာ အသက် ၁၅ နှစ်ဝန်းကျင်အရွယ်တွေပါ ကြုံတွေ့နေကြရတာကိုလည်း ASV Team မှာ အကူအညီတောင်းတဲ့ ပိုစ့်တွေမှာ တွေ့ရပါတယ်။

မယုဟာ ချစ်သူက အကြမ်းဖက်တာခံရတဲ့ အမျိုသမီးတွေထဲက တစ်ယောက် ဖြစ်ပါတယ်။

သူက သူ့လုပ်ငန်းခွင်ထဲမှာ ရာထူးကြီးပိုင်းနေရာ တာဝန်ယူနေတဲ့၊ ကိုယ့်ဘဝကိုယ် အားကိုးအားထား ပြုနိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ယောက်ပါ။

ညဘက် လူသွားလူလာ နည်းပါးချိန် ရန်ကုန်မြို့က ကားလမ်းမဘေးမှာ ချစ်သူကို စိတ်ကောက်မိတာကြောင့် လမ်းဘေးမှာပဲ ရိုက်နှက်ခံခဲ့ရပါတယ်။

"သူချော့တာကို စိတ်ကောက်မပြေလို့တဲ့၊ အရိုက်ခံရတာ မျက်လုံးတစ်ဖက် ဖွင့်မရတော့ဘူး၊ မျက်နှာတစ်ခြမ်းလည်း ရောင်ကိုင်းနေတာ၊ နောက်ပိုင်း သူက မလုပ်တော့ပါဘူးဆိုပြီး ပြန်ချော့တယ်။ ကိုယ်ကလည်း ပြုပြင်လို့ရဦးမလားဆိုတဲ့ သူ့ကိုချစ်တဲ့စိတ်နဲ့ ထပ်တွဲမိခဲ့တယ်"လို့ သူက ပြောပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်းတွေမှာ စိတ်အခန့်မသင့်တိုင်း သူ့ချစ်သူက ရိုက်နှက်နေလို့ လမ်းခွဲဖို့ ပြောလိုက်ပါတယ်။

နောက်ရက်မှာပဲ အင်တာနက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူ့ချစ်သူနဲ့ အတူနေခဲ့ပြီးချိန် အဝတ်အစားလဲတဲ့ပုံတွေ၊ သူအိပ်ပျော်နေတုန်း ခိုးရိုက်ခံထားရတဲ့ ဓာတ်ပုံတွေနဲ့အတူ သူ့ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတွေကိုပါ အတင်ခံလိုက်ရပါတယ်။

"လုံးဝအံ့အားသင့်သွားတယ်။ ဒီဖုန်းကိုဆက်ပြီး ဒီမိန်းမကိုခေါ် ညအိပ်လို့ရတယ်ဆိုပြီး တင်တာ၊ အဲဒီလိုအတင်ခံရပြီး ဖုန်းခေါ်ပြီး ဈေးမေးခံရတယ်၊ အလုပ်မှာရှိတဲ့သူတွေကိုလည်း ကျွန်မဓာတ်ပုံတွေ အကုန်လိုက်ပို့တယ်၊ ကျွန်မလည်း မျက်နှာပူ၊ ရှက်တာနဲ့ အလုပ်ပါထွက်ခဲ့ရတယ်"လို့ မယုက ပြောပါတယ်။

ဒါနဲ့တင် မပြီးသေးဘဲ အကောင့်သစ်တွေ ဆက်တိုက်ဖွင့်ပြီး Messenger ကနေ ကြမ်းတမ်းတဲ့ဆဲနည်းပေါင်းစုံတွေနဲ့အတူ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်စာတွေ ပို့လာပါတယ်။

"ပွဲက အခုမှစတာ သေဖို့ပြင်ထားနော်" ဆိုတဲ့ စာသားတွေကြောင့် သူ့ရည်းစားဟောင်းရဲ့ မိဘတွေကို အသိပေးပေမဲ့လည်း သူတို့ကမနိုင်လို့ လွှတ်ထားရတဲ့ပုံစံမျိုး တုံ့ပြန်လာခဲ့တဲ့အတွက် မယုတစ်ယောက် စိတ်ဓာတ်တွေ ကျဆင်းခဲ့ပါတယ်။

လက်ရှိနေတဲ့ နေရာကနေ တခြားနေရာကို ပြောင်းရွှေ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အခုချိန်မှာ အပြင်လည်းမထွက်ဝံ့တော့သလို အလုပ်လည်း မလုပ်နိုင်သေးပါဘူး။

sex chat တွေ လိုင်းပေါ်အတင်ခံရ

sex chat တွေ လိုင်းပေါ်အတင်ခံရ
(သရုပ်ဖော်ပုံ)

ဓာတ်ပုံ ရင်းမြစ်, Getty Images

နောက်တစ်ယောက်ကတော့ အသက် ၂၇ နှစ်အရွယ် မသုသုပါ။

သူက ပြည်ပမှာ အလုပ်လုပ်နေရင်း သူ့မွေးရပ်ဌာနေမှာ ငယ်ငယ်ကတည်းက မျက်မှန်းတန်းမိထားတဲ့သူနဲ့ အွန်လိုင်းကနေ ချစ်ကြိုက်မိခဲ့ပါတယ်။

အနေဝေးရတဲ့ ချစ်သူရည်းစားတွေဖြစ်ကြလို့ Video နဲ့ စကားပြောရင်း အွန်လိုင်းကတဆင့် (sex chat) ပြောရင်း လိင်စိတ်ဖြေခဲ့ကြပါတယ်။

ဒါတွေကို တစ်ဖက်ကနေ (Screen Record - မျက်နှာပြင်မှတ်တမ်း) ယူထားလိမ့်မယ်လို့ မသုသု လုံးဝမတွေးခဲ့မိပါဘူး။

တစ်နေ့မှာ သူ့ချစ်သူအကောင့်နဲ့ Tag တွဲထားတဲ့ အမျိုးသမီးအကောင့်တစ်ခုကို မြင်လိုက်ချိန်မှာ အဲဒီအမျိုးသမီးနဲ့ သူ့ချစ်သူနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို တွေ့လိုက်ရပါတယ်။

"နင်က လူပျိုလူလွတ် မဟုတ်ဘူးလား၊ နင်က အိမ်ထောင်နဲ့လားမေးတော့မှ သူ ဝန်ခံတယ်။ ကျွန်မက ဒါဆိုတော့ မဖြစ်ဘူး၊ ငါ နင်အိမ်ထောင်ရှိရင် လက်မခံနိုင်ဘူးပြောတော့ သူက ကွာရှင်းတော့မှာမို့လို့ စောင့်ပေးပါဆိုပြီး ပြောခဲ့တာ"လို့ မသုသုက ပြောပါတယ်။

သူများအိမ်ထောင်ရေး ပျက်စီးစေမယ့် တစ်စိတ်တစ်ပိုင်းမှာ ကိုယ်တိုင်ပါဝင်လာမှာကို မသုသု စိတ်မလုံခဲ့လို့ လမ်းခွဲဖို့ ပြောခဲ့ပါတယ်။

ရက်ပိုင်းမှာပဲ (sex chat) ဗီဒီယိုတွေကို မသုသုနာမည် အကောင့်အသစ်နဲ့ အတင်ခံရပါတော့တယ်။

ပြန်ဖျက်ပေးဖို့တောင်းဆိုတော့ သူ့ကိုပြန်လက်ခံခိုင်းလို့ မသုသုက လက်မခံခဲ့ပါဘူး။

ဒီလိုနဲ့ သူ့အမျိုးသမီးကို ကြားခံအချိတ်အဆက်တွေနဲ့ ဆက်သွယ်ပြီး ဖျောင်းဖျပေးဖို့ အကူအညီတောင်းခဲ့ပေမဲ့ ပိုပြီးစိတ်ပျက်စရာစကားတွေပဲ ကြားခဲ့ရပါတယ်။

''သူ့အမျိုးသမီးပြောတာက ကျွန်မအပြင် နောက်ထပ်မိန်းကလေးတွေပါ ရှိနေသေးတယ်တဲ့၊ ကျွန်မနဲ့အဆင်မပြေလာတိုင်း သူအရိုက်ခံရတယ်၊ သူလည်း မကူညီပေးနိုင်လို့ပါဆိုပြီးပြောတယ်" လို့ မသုသု ရင်ဖွင့်ပါတယ်။

မျက်နှာကိုတည်းဖြတ်ပြီး လိင်အသားပေးရုပ်သံ အတင်ခံရ

လိင်အသားပေး ဗွီဒီယို ဓာတ်ပုံတွေက တယ်လီဂရမ်မှာ ဖြန့်ဝေတာများကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိင်အသားပေး ဗွီဒီယို ဓာတ်ပုံတွေက တယ်လီဂရမ်မှာ ဖြန့်ဝေတာများကြပါတယ်။

ဆိုရှယ်မီဒီယာမှာ ကိုယ့်ရဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ စိတ်ခံစားချက်တွေနဲ့အတူ ဓာတ်ပုံ၊ ဗီဒီယိုတွေ တင်တယ်ဆိုတာ လက်ရှိခေတ်မှာ ပုံမှန်ပါပဲ။

ဒီမထူးဆန်းတဲ့ကိစ္စကို အခွင့်အရေးယူသူတွေကြောင့် မနန္ဒာ စိတ်ပျက်ခဲ့ရပါတယ်။

သူ့ရဲ့ အလှဓာတ်ပုံတွေကို ပုံမှန်အတိုင်း တင်မိတာကနေ တယ်လီဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်မှာ သူ့မျက်နှာနဲ့ လိင်အသားပေးဗီဒီယိုတွေ ပျံ့လာတာကို အသိမိတ်ဆွေတွေက ပြောလာကြပါတယ်။

သူ့အနေနဲ့ ဒီလိုပုံစံမျိုး တစ်ကြိမ်တခါမှ တင်တာ မရှိခဲ့သလို သင်ကြားရေးဆရာမတစ်ယောက်ဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေကပါ မေးလာတဲ့အတွက် အရှက်ရခဲ့ပါတယ်။

ဗီဒီယိုတင်တဲ့အကောင့်ကို ဆက်သွယ်ပြီး ပြန်ဖျက်ပေးဖို့ ပြောတဲ့အချိန်မှာ ငွေကျပ် ဆယ်သိန်း တောင်းပါတယ်။

''ကျွန်မလုပ်တဲ့ ကိစ္စလည်းမဟုတ်ဘူးလေ။ တစ်ခါတောင်းလို့ပေးရင် နောက်ထပ်တောင်းမှာသိလို့ မပေးဘူး။ လာမေးတဲ့ ကျောင်းသားမိဘတွေကိုလည်း ကိုယ်မဟုတ်တဲ့အကြောင်း ရှင်းပြလိုက်တယ်"လို့ မနန္ဒာက ကြုံခဲ့ရတဲ့ အရှက်ခွဲခံရတာကို ပြန်ပြောပြပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း နောက်ထပ်အသိပေးလာသူတွေ ဆက်တိုက်ရှိလာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိပြီး "ဒါက ငါမှမဟုတ်တာ"ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကို ပြန်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။

စိတ်ထိခိုက်ခဲ့ကြရတဲ့ အမျိုးသမီးတွေ

အရှက်တကွဲ ဖြစ်လာတဲ့အခါမှာ အမျိုးသမီးတွေဟာ အခန်းထဲကနေ အပြင်မထွက်ရဲတဲ့အထိ စိတ်ဓာတ်တွေ ကျခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရှက်တကွဲ ဖြစ်လာတဲ့အခါမှာ အမျိုးသမီးတွေဟာ အခန်းထဲကနေ အပြင်မထွက်ရဲတဲ့အထိ စိတ်ဓာတ်တွေ ကျခဲ့ကြပါတယ်။

မနန္ဒာကတော့ ကိုယ်မဟုတ်ရင် ဂရုမစိုက်ဘူးဆိုပြီး ခပ်မာမာ ခပ်တင်းတင်းနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ မယုနဲ့ မသုသုတို့ကတော့ သူတို့ကိုယ်သူတို့ ဒီလိုလူတွေနဲ့ ပတ်သက်မိတယ်ဆိုတဲ့ စိတ်နဲ့ ယူကြုံးမရ ဖြစ်နေခဲ့ကြပါတယ်။

ဒါတင်မကပါဘူး၊ ပတ်ဝန်းကျင်ကလည်း သူတို့တွေကို စူးစိုက်ကြည့်သွားတာတွေ၊ သူတို့အတင်ခံရတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေအောက်မှာ ညစ်ညမ်းတဲ့ မှတ်ချက်တွေ၊ ကျူးလွန်သူထက် နစ်နာသူကို အပြစ်တင်တဲ့စကားလုံးတွေကလည်း သူတို့အတွက် အရိပ်မည်းတစ်ခုလို စိတ်ထဲမှာ စွဲနေကြပါတယ်။

"ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်းမသိဘူး။ မိဘ၊ ဆွေမျိုးတွေကြားထဲမှာလည်း ဒီဓာတ်ပုံတွေပျံ့ကုန်တော့ ရှက်လည်းရှက်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းက ငါ့ကိုယ်ငါ အဆုံးစီရင်မှ ပြီးမှာလားဆိုပြီးတော့လည်း တွေးမိတော့တယ်"လို့ မသုသုက ပြောပါတယ်။

ASV Team ကို အကူအညီလာတောင်းတဲ့၊ အရှက်ခွဲခံရတဲ့ မိန်းကလေး ၉၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ကိုယ်သူတို့ အဆုံးစီရင်ဖို့အထိ ပြောလာကြတယ်လို့ ဆိုပါတယ်။

"ကြုံခဲ့တာတွေအတွက် သူတို့အမှားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြင်းအထန် အပြစ်ပေးဖို့ ကြိုးစားကြတယ်၊ အိမ်တွင်းအောင်းပြီး သိမ်ငယ်စရာမလိုဘူး။ ရင်းနှီးသူရဲ့ စည်းဖောက်မှုကြောင့်ဖြစ်တာ ကိုယ့်အမှားမဟုတ်ဘူး၊ ဒီလိုဖြစ်တာနဲ့ ကိုယ့်ဘဝကြီး ပြီးဆုံးသွားတာမဟုတ်ဘူးဆိုပြီး ပြန်အားပေးရတယ်"လို့ ကိုအောင်ဇဗ္ဗူကျော်ဟိန်းက ဆိုပါတယ်။

ကိုယ်ချင်းစာစိတ် ကင်းမဲ့သူတွေက ပေးတဲ့ ဒဏ်ရာတွေက နစ်နာသူမိန်းကလေးတွေအတွက် နက်နဲတဲ့ဒဏ်ရာတွေ ဖြစ်နေပါတယ်။

ဒီလိုလုပ်ရပ်နဲ့ ပတ်သက်လို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ်က တွဲဖက်အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က "နှစ်ဦးသဘောတူလို့ အတူတူနေကြပြီးမှ ဒီလိုခြိမ်းခြောက်တာက အင်မတန် စိတ်ဓာတ်နိမ့်ကျတာ၊ လူတိုင်းမှာ လိင်စိတ်ရှိတယ်၊ ဒါကို အမြတ်ယူပြီး ခြိမ်း‌ခြောက်ပြီး ဂုဏ်သိက္ခာကျအောင်လုပ်တာက နိုင်ငံတကာမှာ ရာဇဝတ်မှုမြောက်တာကို အမျိုးသားတွေ သိစေချင်တယ်"လို့ ပြောပါတယ်။

ဘာ့ကြောင့် မတိုင်ခဲ့ကြတာလဲ

အများမမြင်သင့်တဲ့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ နှစ်ကိုယ်တူချစ်တင်းနှောတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အင်တာနက်လူမှုကွန်ရက်တွေမှာ မထင်မှတ်ဘဲပေါ်လာခဲ့ရင် ဘယ်လိုခံစားရမလဲ။ (သရုပ်ဖော်ပုံ)

ဓာတ်ပုံ ရင်းမြစ်, Getty Images

လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေမှာဆိုရင် အမျိုးသမီးတွေ လူမှုကွန်ရက်မှာ အရှက်ခွဲခံရတာတွေရှိခဲ့ရင် အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

"အသရေဖျက်မှုမြောက်ရင် လျော်ကြေးအနေနဲ့ သိန်း ရာချီကနေ ထောင်ချီအထိ ကိုယ်ကြိုက်သလောက် တောင်းလို့ရတယ်"လို့ ဥပဒေကျွမ်းကျင်သူတစ်ယောက်က ပြောပါတယ်။

ဘာ့ကြောင့် အမှုမဖွင့် ၊ မတိုင်ကြားခဲ့တာလဲမေးခွန်းကို နစ်နာခဲ့တဲ့ ကာယကံရှင်အမျိုးသမီးတွေက "တကယ်တရားမျှတမှုရမယ်လို့ မယုံလို့ပါ"၊ "ရေများ ရေနိုင်၊ မီးများမီးနိုင်ဆိုသလို ဒီအမှုကိုလိုက်ဖို့ ငွေအင်အားနဲ့ အချိန် မပေးနိုင်ဘူး" ၊ "တစ်ရှက်ကနေ နှစ်ရှက် မဖြစ်ချင်ဘူး"ဆိုပြီး ဖြေကြပါတယ်။

တရားစွဲမယ်ဆိုရင် အနည်းဆုံး ၆ လကနေ တစ်နှစ်ခွဲအထိ ကြာနိုင်သလို တရားဥပဒေ မစိုးမိုးတာ၊ လာဘ်ပေးလာဘ်ယူတွေကြောင့် တရားမျှတမှု ရနိုင်ဖို့ကလည်း မသေချာဘူးဆိုတာကို ဥပဒေကျွမ်းကျင်သူ ရှေ့နေတစ်ယောက်က နစ်နာသူ အမျိုးသမီးတွေရဲ့ စိုးရိမ်ချက်ကို မှတ်ချက်ပေးပါတယ်။

စစ်အာဏာမသိမ်းခင်အချိန်ကတည်းက အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ ၊ အင်တာနက်ပေါ်တင်ပြီး အရှက်ခွဲခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လိုက်ကူညီပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေတောင် ခြိမ်းခြောက်ခံရတာတွေ ရှိခဲ့တယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။

လက်ရှိအချိန်မှာဆိုရင် အကူအညီပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းက ပါဝင်သူတွေကိုယ်တိုင် တိမ်းရှောင်နေကြရတဲ့အတွက် အရင်လို အားကောင်းမောင်းသန် လိုက်ကူညီပေးနိုင်တာတွေလည်း မရှိကြတော့ပါဘူး။

"အမျိုးသမီးအဖွဲ့တွေကိုယ်တိုင် တရားခံပြေးလို နေကြရတယ်၊ ဒီတော့ အမျိုးသမီးတွေမှာ ဥပဒေကို မယုံရတာကြောင့်ရော၊ အကူအညီပေးမဲ့သူတွေ နည်းတာကြောင့်ရော အားကိုးရာမဲ့နေတာတော့ အမှန်ပဲ"လို့ မခင်လေးက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ အခုလို ကျူးလွန်သူတွေ ပိုများလာတာ ဖြစ်ပါတယ်။

လူမှုကွန်ရက်ရဲ့ အမှောင်ခန်းတွေထဲက နစ်နာရသူ မြန်မာအမျိုးသမီးတွေ

အရင်းနှီးဆုံးသူတွေပေးတဲ့ စိတ်ဒဏ်ရာကနေ ပြန်ထူထောင်နိုင်ဖို့ ရုန်းကန်ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရင်းနှီးဆုံးသူတွေပေးတဲ့ စိတ်ဒဏ်ရာကနေ ပြန်ထူထောင်နိုင်ဖို့ ရုန်းကန်ကြရပါတယ်။

ဒီခေတ်ကာလမှာ လက်မထပ်ခင် ချစ်သူနဲ့ အတူနေတာ၊ နှစ်ဦးသဘောတူ တစ်ညတာ အတူနေတာတွေက မထူးဆန်းတော့တဲ့ ကိစ္စတွေဖြစ်ပေမဲ့ အကြောင်းအရာမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ အင်တာနက်ပေါ် ရောက်သွားချိန်မှာတော့ လိင်အသားပေး ဝက်ဘ်ဆိုက်တွေ၊ ဖေ့စ်ဘုတ်၊ တစ်ခ်တော့၊ တယ်လီဂရမ်တွေအထိပါ ပျံ့နှံ့သွားတာပါ။

"ကျွန်တော်တို့ ဒီလိုမိန်းကလေးတွေကို လိုက်ကူညီပေးရင်းနဲ့ ဘာတွေ့လဲဆိုတော့ ဗီဒီယိုတွေကို တစ် ပုဒ် ၅၀,၀၀၀ ကနေ ၁၅၀,၀၀၀ အထိ ပေးဝယ်ကြတာတွေ တွေ့ရတယ်၊ အဲဒီမိန်းကလေးရဲ့ သတင်းအချက်အလက်တွေ များများပါလေလေ ငွေပိုပေးလေလေပဲ"လို့ ကိုအောင်ဇဗ္ဗူကျော်ဟိန်းက ပြောပါတယ်။

တစ်ခါတလေမှာ ဗီဒီယိုဖြန့်တဲ့သူ အရင်းအမြစ်ကို လိုက်ရှာမတွေ့ခင်မှာ ဗွီဒီယိုတွေကို လိုက်ဖျက်ဖို့ ကြိုးစားကြရပါတယ်။

ASV အဖွဲ့ဝင်တွေဟာ လိင်အသားပေး တယ်လီဂရမ်တွေမှာ VIP, VVIP ဆိုပြီး ငွေကြေးသွင်းပြီး အဖွဲ့ဝင်ကြပါတယ်။ VIP, VVIP အဖွဲ့ဝင်တွေသာ ကြည့်ခွင့်ရတဲ့ လင့်ခ်တွေထဲမှာ အဖြန့်ခံရတဲ့ အမျိုးသမီးတွေရဲ့ ဗီဒီယိုတွေကို ရှာဖွေပြီး အဲဒီ ဗီဒီယိုတွေကို ပျက်သွားအောင် Report တွေလုပ်ခဲ့ကြရပါတယ်။

လူမှုကွန်ရက်ပေါ် အပျော်တမ်းတင်လိုက်မိတဲ့ ဓာတ်ပုံတွေကို လိင်အသားပေး ဗွီဒီယိုတွေမှာ ထည့်သုံးပြီး ဒီအမျိုးသမီးကတော့ လက်ရှိ ဘာအလုပ်လုပ်နေပါတယ်၊ သူနဲ့ချိန်းတွေ့ချင်ရင် (ညအိပ်ချင်ရင်) ၊ ဒီဖုန်းနံပါတ်ကို ဆက်သွယ်ပါဆိုပြီး ဖြန့်ကြပါတယ်။

ကာယကံရှင် အမျိုးသမီးက ဒီအချက်အလက်တွေကို ပြန်ဖျက်ပေးဖို့ ပြောတဲ့အခါ သူတို့က ငွေကြေးဘယ်လောက်ပေးမှ ဖျက်မယ်ဆိုပြီး တောင်းကြပါတယ်။ ဒီငွေကြေးကလည်း တစ်ကြိမ်ထက်မက ပေးလိုက်ကြရပေမဲ့ ထပ်ခါ ထပ်ခါ အတောင်းခံရတာတွေ ရှိနေတယ်လို့လည်း ကိုအောင်ဇဗ္ဗူကျော်ဟိန်းက ပြောပါတယ်။

ငွေတောင်းတဲ့ တစ်ယောက်ကို ပေးလိုက်ရင်လည်း နောက်ထပ်တစ်ယောက်က ထပ်ပြီးခြိမ်းခြောက်တာတွေ ရှိလာတဲ့အတွက် ဒါတွေဟာ လုပ်ငန်းတစ်ခုအနေနဲ့ အုပ်စုဖွဲ့ပြီး လုပ်ကိုင်နေကြတာကိုလည်း တွေ့ရတယ်လို့ သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

"ဗီဒီယိုတွေမှာဆိုရင် အွန်လိုင်းလောင်းကစားကြော်ငြာတွေပါထည့်ထားတာဆိုတော့ ဒါက ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေတာ။ ဒါ့ကြောင့်လည်း အမျိုးသမီးတွေရဲ့ အချက်အလက်များများပါလေ ငွေပိုပေးပြီးဝယ်ကြလေ ဖြစ်နေကြတာ"လို့ လူမှုကွန်ရက်ရဲ့ အမှောင်ခန်းထဲက နစ်နာရတဲ့ အမျိုးသမီးတွေအကြောင်းကိုလည်း ရှင်းပြပါတယ်။

ဒါ့အပြင် လက်ထပ်ပါမယ်လို့ ကတိပေး၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီးမှ အဆက်ဖြတ်ခံရပြီး ပုံတွေဖြန့်တာ၊ အဝတ်အစားမပါတဲ့ ဓာတ်ပုံတွေ အွန်လိုင်းကပို့ခိုင်းတာတွေလို ကိုယ်ချစ်ခင်ရင်းနှီးသူရဲ့ ကျူးလွန်တာတွေကို ခံစားရတဲ့ အမျိုးသမီးတွေလည်း မနည်းပါဘူး။

မရင်းနှီးဖူးသူတွေကလည်း မူးယစ်ဆေးကျွေးပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီးမှ ဓာတ်ပုံတွေ ဖြန့်ခံရတာ၊ ဖုန်းရောင်းချိန်မှာ မပျက်ဘဲပါသွားတဲ့ ပုံတွေပို့ပြီး ထပ်ခါထပ်ခါ ငွေကြေးတောင်းခံတာတွေကြောင့် အကူအညီတောင်းနေကြတဲ့ အမျိုးသမီးတွေ ကိုလည်း ကူညီဖြေရှင်းပေးနေကြရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေမှာ ကျူးလွန်ခံရသူတွေက တရားမျှတမှုရဖို့ လမ်းပျောက်နေသလို လုံခြုံမှုကလည်း တဖြည်းဖြည်း ပျောက်ဆုံးလာတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း စစ်မက် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၃၆ မှု၊ အိမ်တွင်းအကြမ်းဖက်မှု ၂၃ မှု၊ စုစုပေါင်း ၅၄ မှုရှိတယ်လို့ ထုတ်ပြန်ထားပြီး ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သူတို့ကျူးလွန်တဲ့အတိုင်း သူတို့ပြန်ခံရတဲ့အခါ

အမျိုးသမီးတွေဟာ လူမှုကွန်ရက်ပေါ်ကနေ အရှက်ခွဲခံနေရတာတွေကို လက်ရှိမှာ အများကြီးကြုံတွေ့နေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေဟာ လူမှုကွန်ရက်ပေါ်ကနေ အရှက်ခွဲခံနေရတာတွေကို လက်ရှိမှာ အများကြီးကြုံတွေ့နေကြရပါတယ်။

အားကိုးရာရှာကြတဲ့ မယု၊ မသုသုနဲ့ မနန္ဒာတို့ သုံးယောက်အပါအဝင် နစ်နာသူအမျိုးသမီးတွေဟာ (Against Sexual Violence-ASV) ကို အကူအညီတောင်းကြပါတယ်။

ASV- Team အနေနဲ့ နစ်နာသူတွေ တိုင်ကြားလာတဲ့အခါ လူမှုကွန်ရက်ပေါ်တင်သူရဲ့ အကောင့်ကို ချိတ်ဆက်ပြီး အသရေဖျက်ထားတာတွေကို ပြန်ဖြုတ်ချပေးဖို့ အရင်ဆုံး ပြောဆိုကြပါတယ်။

"တကယ်လို့ မဖြုတ်ပေးရင် နောက်ဆက်တွဲတာဝန်တွေကို ယူရမယ့်အကြောင်းပြောပြတယ်၊ နောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးဖို့တောင်းတယ်" လို့ သူဖြေရှင်းပေးတဲ့အခါ ကြုံရတာကို ကိုအောင်ဇဗ္ဗူကျော်ဟိန်းက ပြောပြပါတယ်။

အဲဒီလိုပြောတဲ့အခါ အမျိုးသား ၁၀ ယောက်မှာ ၅ ယောက်က လက်ခံပြီး ဆက်မလုပ်တော့ပေမဲ့ တချို့ကတော့ တင်းခံပြီး ဆက်လုပ်တာတွေလည်း ရှိကြပါတယ်။

လွယ်လွယ်နဲ့ လက်မခံတဲ့အခါမှာ စစ်အုပ်ချုပ်မှုအောက်ကနေ လွတ်ကင်းတဲ့ မြို့နယ်တွေမှာဆိုရင်တော့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တားမြစ်တာတွေ လုပ်ဆောင်တာလည်း ရှိခဲ့ဖူးတယ်လို့ ASV Team တာဝန်ရှိသူ ကိုအောင်ဇဗ္ဗူကျော်ဟိန်းက ဆိုပါတယ်။

"တစ်ညလောက်ဖမ်းပြီးတော့ သူတို့ကျူးလွန်တာက ဘယ်လောက်ထိ ယုတ်မာရာကျတယ်၊ မိန်းကလေးတွေအတွက် ဘယ်လောက်နစ်နာတယ်။ နှမ၊ အမေတွေနဲ့ ကိုယ်ချင်းစာဖို့ သေချာစကားပြောပြီး ပြန်လွှတ်ပေးတယ်"လို့ သူက ပြောပါတယ်။

စစ်အုပ်ချုပ်မှုသက်ရောက်တဲ့ မြို့နယ်တွေမှာဆိုရင် ကျူးလွန်သူရဲ့ နေအိမ်တွေကိုသွားပြီး ရပ်တန့်ဖို့ စာကပ် အသိပေးတာတွေ လုပ်ကြပါတယ်။

"ဆက်လုပ်မယ်ဆိုရင် ခင်ဗျားကိုယ်တိုင်ထိခိုက်မယ်၊ အဆမတန်တဲ့ ထိခိုက်မှုတွေ လုပ်လို့ရတယ်ဆိုတာကို စာနဲ့ရော ဖုန်းနဲ့ရော ဆက်သွယ်ပြောပြထားတယ်။ ကျွန်တော်တို့က မြို့ပေါ်တွေမှာလည်း ချိတ်ဆက်ထားတဲ့ အဖွဲ့တွေရှိတယ်" လို့ သူက ဆိုပါတယ်။

ဒီလိုနဲ့ ဆက်ပြီးမရပ်တန့်ဘူးဆိုရင် လူမှုကွန်ရက်မှာ ကျူးလွန်သူရဲ့ ဓာတ်ပုံ၊ မိသားစုဓာတ်ပုံ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်တွေကို ဖြန့်ဝေလိုက်ပါတယ်။

"ဒီလူက မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားပြီး အရှက်ခွဲထားသူပါ"ဆိုတဲ့ စာသားတွေကို ASV Team ရဲ့ တယ်လီဂရမ်မှာ တွေ့ရပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ မယု၊ မသုသုနဲ့ မနန္ဒာတို့ရဲ့ နစ်နာမှုတွေကို ကူညီပေးခဲ့ကြပါတယ်။

တချို့စာသားတွေမှာတော့ ဒီကျူးလွန်သူက သဘောပေါက်နားလည်သွားတဲ့အတွက်၊ နောက်ထပ် မလုပ်တော့ဘူး၊ မခြိမ်းခြောက်တော့ဘူးလို့ ကတိပေးတဲ့အတွက် တင်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ဖြုတ်လိုက်ပါတယ်ဆိုတာလည်း တွေ့ရပါတယ်။

တချို့မိန်းကလေးတွေက သူတို့မကျေနပ်တဲ့ အမျိုးသားတွေအပေါ် ပြဿနာတစ်ခုခု သက်ရောက်အောင် လိမ်လည်တိုင်ကြားတာတွေကို ဘယ်လိုဆန်းစစ်သလဲဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းကိုတော့ "အဲဒီလိုအမျိုးသမီးတော့ တစ်ယောက်မှ မကြုံဖူးဘူး၊ ဖုန်းခိုးခံရပြီး ဖုန်းကနေတဆင့် ဓာတ်ပုံတွေ တကယ်ပျံ့သွားတယ်ဆိုရင်တောင် အဲဒီအမျိုးသားတွေကိုယ်တိုင်က လိုက်ပြီး သတင်းပေးတာ၊ ကူညီပေးတာတွေတောင် ရှိခဲ့တယ်"လို့ ကိုအောင်ဇဗ္ဗူကျော်ဟိန်းက ပြောပါတယ်။

ကျူးလွန်သူ အမျိုးသားတွေကလည်း လူငယ်တွေ ဖြစ်ကြသလို နစ်နာသူအမျိုးသမီးတွေကို ကူညီပေးနေသူတွေကလည်း နိုင်ငံအတွင်းမှာ တရားဝင်ဖွဲ့စည်းထားတာ မဟုတ်တဲ့ အဖွဲ့တစ်ခုဖြစ်ပြီး အဖွဲ့ဝင်တွေကလည်း လူငယ်တွေ ဖြစ်နေပါတယ်။

အကူအညီပေးတဲ့ လူငယ်တွေကိုလည်း ကျူးလွန်သူတွေက တန်ပြန်ခြိမ်းခြောက်တာတွေလည်း ရှိနေကြပါတယ်။

"ကူညီပေးသူတွေက လက်နက်တွေဘာတွေ သုံးလာခဲ့ကြရင် ၊ ကျူးလွန်သူတွေကလည်း ချောက်ချပြီး စစ်ကောင်စီကို သတင်းပေးတာမျိုးတွေ လုပ်ခဲ့ရင် ပိုပြီးရှုပ်ထွေးလာမှာကိုတော့ သတိထားရမယ်"လို့ ဥပဒေအကြံပေးရှေ့နေက သတိပေးပါတယ်။

ဒါပေမဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းနေတဲ့ နိုင်ငံတွင်းမှာ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ၊ လူမှုကွန်ရက်မှာ အရှက်ခွဲခံရသူ နစ်နာသူ မိန်းကလေးတွေအတွက် အကူအညီပေးနိုင်သူတွေ လိုအပ်နေတာကိုတော့ အမျိုးသမီးအဖွဲ့အစည်းတွေရော ဥပဒေကျွမ်းကျင်သူတွေပါ နားလည်ထားကြပါတယ်။

နစ်နာသူအမျိုးသမီးတွေအနေနဲ့ ဒီကိစ္စရပ်တွေကို ကြိုတင်သတိထားဖို့ လိုသလို ကြုံလာခဲ့ရင်လည်း ရင်ဆိုင်ပြီး ပြန်ရပ်တည်ဖို့ အခွင့်အရေးတွေ ရှိနေတာကိုလည်း အကူအညီပေးနေသူတွေက အကြံပြုကြပါတယ်။

(နစ်နာသူ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် မယု၊ မသုသုနဲ့ မနန္ဒာဆိုတဲ့ နာမည်အစားထိုးတွေကို သုံးစွဲထားပါတယ်)