နိုင်ငံရေး တက်ကြွ လှုပ်ရှားသူအမျိုးသမီးတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရ

ဒီမိုကရေစီ အရေးအတွက် အွန်လိုင်းမှာ ထုတ်ဖော်ပြောဆိုသူ မြန်မာ အမျိုးသမီးတွေဟာ လူမှုကွန်ရက်မှာ စနစ်တကျ စော်ကားခံနေရတာကို စစ်တမ်းတွေ့ရှိ

ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြသူများ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂နှစ်ကြာ အချိန်မှာတော့ ဒီမိုကရေစီ လိုလားတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေဟာ လူမှုကွန်ရက်မှာ စနစ်တကျနဲ့ စော်ကားပြောဆိုမှုတွေ ခံနေရတဲ့ စစ်တမ်း တစ်ခု ဘီဘီစီ သတင်းည နဲ့ ဘီဘီစီ ခေတ်ရေစီးကြောင်းသတင်း ဌာနတို့ကို သီးသန့်မျှဝေထားတဲ့ အစီရင်ခံစာ တစ်ခုလက်ခံရရှိခဲ့ပါတယ်။

“တစ်ရက်ထဲတင်ကို ချက်ဘောက်စ် ကနေ မက်ဆေ့ အစောင် ၅၀၀၊ ၆၀၀ လောက်ဝင်တယ်။ တချို့ ပြောဆိုချက်တွေဆိုရင် ကျွန်မရဲ့ အသက် အန္တရာယ် အထိပါ ခြိမ်းခြောက်တာ။ ဒီစကားတွေ (နိုင်ငံရေး) ဆက်ပြောနေမယ် ဆိုရင် မင်းကို သတ်ပြစ်မယ်။ တနေ့တနေ့ တပ်ပိုင် မီဒီယာတွေ၊ စစ်တပ် လော်ဘီတွေကနေပြီး ချက်ဘောက်စ်ထဲကို ပို့တဲ့ စာတွေက မနည်းဘူး။ ကျွန်မနဲ့ နဲ့အိပ်ချင်တယ်တို့၊ ကျွန်မကို ဖျက်ဆီးပစ်လိုက်မယ်တို့၊ သတ်ပစ်လိုက်မယ်တို့၊ ကုလားမိန်းမတို့၊ ကုလားမယားတို့ ဆိုပြီး ဆိုးဆိုးရွားရွားနဲ့ စုံနေတာပဲ ပို့ကြတယ်။” 

အထက်ပါအတိုင်းပြောလာသူကတော့ အမျိုးသား ညီညွတ်ရေး အစိုးရ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အသက် ၂၈နှစ်အရွယ် မအိသဉ္ဇာမောင်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အလိုအရှိဆုံးသူ စာရင်းထဲမှာလည်း ပါဝင်နေသူပါ။

ကျွန်မ အရမ်းပင်ပန်းတယ်။ နိုင်ငံ‌ရေးကို မလုပ်တော့ဘူးလို့ အလျော့ပေးလိုက်တော့မယ်ဆိုတဲ့ စိတ်မျိုး တခါတလေဖြစ်မိတယ်။ ဒါပေမဲ့ ကျွန်မ အခုချိန်မှာ အရှုံးပေးလိုက်မယ်ဆိုရင် လုပ်လာသမျှက သဲထဲရေသွန်ဖြစ်သွားမှာလေ ဆိုပြီး သူရောက်နေတဲ့ တောထဲကနေ ဗီဒီယိုကနေ တဆင့် ပြောပြပါတယ်။

အမျိုးသား ညီညွှတ်ရေး အစိုးရ လူမှုရေး ဝန်ကြီး
ဓာတ်ပုံ ပုံစာ, အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး မအိသဉ္ဇာမောင်

စစ်တပ်ကို ထောက်ခံတဲ့ လူမှုကွန်ရက် အကောင့်ပိုင်ရှင်တွေဟာ အွန်လိုင်းကနေ တဆင့် အမျိုးသမီးတွေကို စော်ကား ပြောဆိုမှုတွေ လုပ်နေတယ် ဆိုတာကို Myanmar Witness ဆိုတဲ့ NGO ရဲ့လေ့လာမှု စစ်တမ်းမှာ တွေ့ရှိခဲ့ရပါတယ်။ အဲဒီ အကောင့်တွေကို ခြေရာခံ လိုက်ကြည့်ရမှာတော့ သူတို့ဟာ စစ်တပ်ကို ပေါ်ပေါ်တင်တင် ထောက်ခံရေးသားနေတာကို တွေ့ခဲ့ရပါတယ်။

ဘီဘီစီက တွေ့မြင်ခဲ့ရတဲ့ တချို့ပို့စ်တွေမှာတော့ အမျိုးသမီးတွေကို နှိမ့်ချပြောဆိုမှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုတွေ အပြင်၊ ညစ်ညမ်းပုံတွေကို ပြန်လည်ပြုပြင်ပြီး ရေးသားပြောဆိုနေကြပါတယ်။ အဲဒီအပြင် လူမျိုးရေးခွဲခြားမှုရေးသားချက်တွေလည်း ပါဝင်ပြီး ရိုဟင်ဂျာ မွတ်ဆလင်တွေကို လက်နက်နဲ့ ချေမှုန်းမယ်ဆိုပြီး ဦးတည်တိုက်ခိုက်တဲ့ ရေးသားမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီမိုကရေစီအရေးတောင်းဆို လှုပ်ရှားသူ မနှင်းသက်မှူးခင်ဟာ သူ့ရဲ့ အလုပ်အတွက် လူမှုကွန်ရက်ကို အသုံးပြုရပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားပြောဆိုတဲ့ မက်ဆေ့တွေ တစ်နေ့ကို ရာနဲ့ချီရရှိပြီး၊ ဒါတွေကို ကိုယ်တိုင် ဆင်ဆာ လုပ်နေရတယ်လို့ သူက ဆိုပါတယ်။ “တခုခုရေးတော့မယ်၊ တင်တော့မယ် ဆိုတာနဲ့ ဒါနဲ့ပတ်သက်ပြီး စော်ကား ပြောဆိုခံရဖို့ ဖြစ်နိုင်ခြေ အလားအလာ ဘယ်လောက်ရှိသလဲ ဆိုတာမျိုး အချိန်တိုင်းမှာ စဉ်းစားနေရတယ်လို့ မနှင်းသက်မှူးခင်က ပြောပါတယ်။

သူ့ရဲ့ Facebook ပရိုဖိုင်မှာ သူ့ဆီကို ရိုင်းရိုင်းစိုင်းစိုင်း ကွန်းမန့်လာရေးကြတဲ့ Screenshots တွေကိုလည်း အယ်လ်ဘမ်တစ်ခု အနေနဲ့ သူတင်ထားပြီး အမျိုးသမီးနဲ့ အမျိုးသားတွေအကြား ခြားနားတဲ့ နှောင့်ယှက်ပြောဆိုမှုတွေ ဘယ်လောက်အထိ ရှိနေသလဲ ဆိုတာ သူ့ရဲ့ မိတ်ဆွေတွေ (ဖော်လိုဝါ) သိအောင် ပြောပြထားတာကိုလည်း တွေ့ရပါတယ်။

ကိုယ့်ရဲ့ သုံးသပ်ချက်တွေပြောဆိုတဲ့ အခါမှာ ဝေဖန်ခံရမယ် ဆိုတာကို လူတွေသိကြတယ်။ ဒါပေမဲ့ လူတွေ မသိတာက အမျိုးသမီးတွေနဲ့ ငြင်းခုန်ပြောဆိုကြတဲ့ အခါမှာ ကွဲပြားတဲ့ ပြောဆိုမှုတွေရှိနေတယ် ဆိုတာကိုသာ မသိကြတာ။”

ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ မနှင်းသက်မှူးခင်
ဓာတ်ပုံ ပုံစာ, ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ မနှင်းသက်မှူးခင်

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကတော့ မြန်မာနိုင်ငံမှာ မိုလ်ဘိုင်းဖုန်း သုံးစွဲမှုက အင်မတန်နည်းပါးခဲ့သလို၊ အင်တာနက် သုံးစွဲမှုလည်း နည်းပါးပါတယ်။ စျေးနှုန်းတွေကျဆင်း ခဲ့ချိန်မှာတော့ လူတိုင်း ဖုန်းသုံးနိုင်ပြီး လူမှုကွန်ရက် အသုံးပြုသူတွေလည်း များပြားလာပါတယ်။

၂၀၂၁ ခုနှစ် မတိုင်ခင် အထိ ဖေ့စ်ဘွက် လူမှုကွန်ရက်ကိုသာ အဓိက သုံးစွဲကြတာပါ။ စစ်တပ်က အာဏာသိမ်းပြီး ဖေ့စ်ဘွက်ကို ဘန်းလိုက်တဲ့နောက်မှာတော့ ကိုယ်ပိုင် ဗာတျူရယ် နက်ဝက် လို့ခေါ်တဲ့ VPN တွေခံပြီး သုံးစွဲနေကြရပါတယ်။

၂၀၁၇ခုနှစ် ရိုဟင်ဂျာ မွတ်ဆလင် ပဋိပက္ခအတွင်း သတင်းမှားတွေကို ဖြန့်ချီရာမှာလည်း ဖေ့စ်ဘွက် လူမှုကွန်ရက်ကို အဓိက အသုံးပြုခဲ့ကြတာပါ။ အဲဒီ ပဋိပက္ခအတွင်း လူတစ်သောင်းလောက် သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ အမုန်းတရားဖြန့်ချိမှုတွေ လုပ်နေတဲ့ ကိစ္စကို ၂၀၁၈ ခုနှစ်မှာ Facebook ကုမ္ပဏီ ဘက်က ဝန်ခံခဲ့ပါတယ်။

ညသပိတ်အတွင်း ဆန္ဒပြနေသူ အမျိုးသမီးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ညသပိတ်အတွင်း ဆန္ဒပြနေသူ အမျိုးသမီးများ

ပစ်မှတ် အသစ်

အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လှိုင်းသစ်တွေဟာ အမျိုးသားတွေသာ မြင့်မြတ်တယ် ဆိုတဲ့ ယဉ်ကျေးမှုနဲ့ ရောနှောပြီး ဖြစ်ပေါ်လာတယ်လို့ Myanmar Witness အဖွဲ့က လေ့လာသူ မမီမီခန့်က ထောက်ပြပါတယ်။

ဒါတွေဟာ သူပြောဆိုခဲ့တဲ့ ဒီဂျစ်တယ် တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေဆီကလည်း ပြန်လည် ပြောပြကြတဲ့ ခံစားချက်တွေပါလို့လည်း သူက ဆိုပါတယ် ။ 

Myanmar Witness ရဲ့ အစီရင်ခံစာထဲမှာ ဒီမိုကရေစီ ဘက်တော်သား အနည်းငယ် ဟာလည်း စစ်တပ်ကို ထောက်ခံတဲ့ အမျိုးသမီးတွေဆီကို စော်ကား ပြောဆိုတဲ့ ရေးသားမှုတွေကို တွေ့ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လှိုင်းသစ်
ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လှိုင်းသစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ မတ်တာ က သူတို့ အနေနဲ့ ကျား/မ အခြေခံတဲ့ အမုန်းစကား ပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ နှောင့်ယှက်ပြောဆိုမှု အတော်များများကို ဖယ်ရှား ခဲ့ရပြီး၊ ဒါတွေကို လက်သင့်မခံဘူး လို့လည်း ဘီဘီစီကို ပြောပါတယ်။

ဒီလိုမျိုးကိစ္စတွေကို အရေးယူဖို့ မြန်မာ တွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ် က Myanmar Witness ရဲ့ အစီရင်ခံစာမှာ ပါရှိတဲ့ တွေ့ရှိချက်တွေဟာ အလွန်စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။ လူမှုကွန်ရက် ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှုတွေ အလေးအနက်ထား ပိုမို လုပ်ဆောင်သင့် တယ်လို့လည်း သူက ဘီဘီစီ သတင်းည အစီအစဉ်ကို ပြောပါတယ်။

ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေကို ဦးတည်ပြီး တိုက်ခိုက်တဲ့ အတွေ့ရ အများဆုံးပုံစံက အွန်လိုင်း အလွဲသုံးစား ပြုမှု ပုံစံ ဖြစ်ပြီး၊ အဲဒီ အမျိုးသမီးတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ခွင့်ပြုချက် မရှိဘဲ အွန်လိုင်းမှာ လူသိရှင်ကြား တင်ထားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှု စစ်တမ်း လေးပုံတစ်ပုံမှာ အမျိုးသမီးတွေကို အရေးယူဖို့ စစ်တပ်ကို ပြတ်သားစွာ တောင်းဆို ထားကြတာ ဖြစ်ပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်
ဓာတ်ပုံ ပုံစာ, ဒီမိုကရေစီအရေး လှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်

ဒီလိုတောင်းဆိုမှုတွေ လုပ်တဲ့ လှုပ်ရှားမှုတွေကို တယ်လီဂရမ် အက်ပ်မှာ အများဆုံး တင်ထားတာကို ဘီဘီစီက လေ့လာတွေ့ရှိခဲ့ရပါတယ်။ အဲဒီလို တောင်းဆိုပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေ ဖမ်းဆီးခံခဲ့ရတာကိုလည်း Myanmar Witness က ဖော်ပြထားပါတယ်။

စစ်တပ်ကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ် ချန်နယ်တွေနဲ့ စစ်တပ်နဲ့အကြား ပူးပေါင်း လုပ်ဆောင်တာလား ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ မသိရှိနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီချန်နယ်တွေရဲ့ ပြောဆိုမှုကြောင့် အဖမ်းခံရတဲ့ အထိ သက်ရောက်မှု ရှိတာကိုတော့ သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

ဒီမိုကရေစီ အရေးတက်ကြွ လှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်ဟာလည်း ကိုယ်ရေး အချက်လက် အလွဲသုံးစားပြုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူပါ။

သူတို့က ဦးဆုံး ကျွန်မရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကို တင်တယ်။ အဲဒီမှာ စခရင်ရှော့တွေလည်း ပါတယ်။ နောက်တစ်ကြိမ်မှာတော့ ကျွန်မရဲ့ ကိုယ်ရေး အချက်အလက်တွေဖြစ်တဲ့ ဘယ်မှာနေသလဲ၊ မှတ်ပုံတင် နံပတ်၊ ဖုန်းနံပါတ် နဲ့ ကျွန်မရဲ့ ညီမ ဓာတ်ပုံတွေကိုပါ တင်ခဲ့တယ် ဆိုပြီး မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

ဒီကိစ္စတွေကြောင့် လုံခြုံရေးအရ မသဉ္ဇာရွှန်းလဲ့ရည်ဟာ မြန်မာနိုင်ငံထဲမှာ ဆက်နေပြီး အလုပ်လုပ်လို့ မရနိုင်တော့ပါဘူး။ မိသားစုဝင်တွေရဲ့ ဘေးကင်း လုံခြုံရေးနဲ့ ဘယ်အချိန် အိမ်ပြန်နိုင်မလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

စစ်တပ် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တပ် ထောက်ခံတဲ့ တယ်လီဂရမ် အကောင့်တွေနဲ့ အချိတ်အဆက် မရှိဘူးလို့ ဆိုပြီး လူမှုကွန်ရက်မှာ တစ်ခုခု ထူးခြား ရင်တော့ တခြား အစိုးရတွေလိုပဲ သူတို့လည်း စုံစမ်း စစ်ဆေးတယ်ဆိုပြီး ဘီဘီစီရဲ့ မေးမြန်းမှုကို ပြန်ကြားခဲ့ပါတယ်။

Myanmar Witness ရဲ့ အစီရင်ခံစာမှာ ပါရှိတဲ့ လေ့လာတွေ့ရှိချက်တွေထဲက ပို့စ်ပေါင်း ၁၂၀ ကျော်ကို ဘီဘီစီက တယ်လီဂရမ် ကုမ္ပဏီကို ပေးပို့ပြီး မေးမြန်းခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုယ်ရေး အချက်အလက် အလွဲသုံးစားပြုမှုတွေနဲ့ အကြမ်းဖက်ဖို့ တောင်းဆိုတဲ့ အပြုအမူတွေကို တားမြစ်ထားကြောင်း တယ်လီဂရမ် ဘက်က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

တယ်လီဂရမ်က ပို့စ်တွေကို ထောက်ပြခဲ့ပြီးနောက်မှာ အဲဒီအထဲက ၁၈ခုကို ဖယ်ရှားခဲ့ပါတယ်။ တယ်လီဂရမ် အကောင့် အများအပြားကိုလည်း ဖယ်ရှားခဲ့ပုံရပြီး Myanmar Witness ရဲ့ အစီရင်ခံစာမှာဖော်ပြထားတဲ့ အဓိက တာဝန်ရှိတဲ့ အကောင့်တွေလည်း ပါဝင်ပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု တယ်လီဂရမ်မှာ အများဆုံးတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု တယ်လီဂရမ်မှာ အများဆုံးတွေ့ရ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို ပုံဖော်ရာမှာ ဆိုရှယ် မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကတော့ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။ ဒီဟာတွေက နှစ်ဖက် ဓားသွားလို ဖြစ်နေပြီး ဒီမိုကရေစီအရေး တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလို၊ အမုန်းတရား ဖြန့်ဖြူးမှုတွေမှာလည်း အရေးပါနေဆဲဖြစ်ပါတယ်။

Myanmar Witness ရဲ့ လေ့လာတွေ့ရှိမှု စစ်တမ်း အရ မြန်မာ အမျိုးသမီးတွေရဲ့ အွန်လိုင်း သုံးစွဲနေရမှု အန္တရာယ်ကို ထောက်ပြထားပြီး၊ ဒါတွေနဲ့ ပတ်သက်လို့ ဆိုရှယ် မီဒီယာ ကုမ္ပဏီ တွေ အနေနဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ ဘာသာစကားဆိုင်ရာ ပိုမိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့၊ ခြိမ်းခြောက်ရေးသား ပြောဆိုမှုတွေ ကျယ်ပြန့်မသွားအောင် အရေးယူမှုတွေ လုပ်ဖို့ ဒီမို သုတေသီ အဖွဲ့က လေ့လာသူ အယ်လန် ဂျဒ်ဆန်က တိုက်တွန်းပါတယ်။

မြန်မာ အမျိုးသမီးတွေရဲ့ ဒီမိုကရေစီ အရေး တောင်းဆိုလှုပ်ရှားမှာ ဒီဂျစ်တယ် တိုက်ပွဲတွေက တကယ့်ဘဝမှာပါ သက်ရောက်မှုတွေရှိလာနေပါပြီ။ လူမှုကွန်ရက် မီဒီယာတွေဟာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ သတင်းအချက်အလက် သိခွင့်တွေအတွက် အရေးတဲ့ အသက်သွေးကြော ဖြစ်သလို၊ မျှော်လင့်ချက် များစွာလည်း ရှိနေတဲ့ ကြားခံ ပလက်ဖောင်းလည်း ဖြစ်ပါတယ်။

 “သူတို့ မကြားချင်တဲ့ စကားတွေ ဆက်ပြောနေဦးမှာပဲ။ ဘယ်တော့မှာ ရပ်တန့်သွားဖို့ မရှိပါဘူး” လို့ တက်ကြွလှုပ်ရှားသူ မနှင်းသက်မှူးခင်က ရဲရဲဝံ့ဝံ့ကြွေးကြော်နေပါတယ်။