လူကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းအမျိုးအစား ယူကရိန်းကိုပေးဖို့ သမ္မတ ဘိုင်ဒင် သဘောတူ

အမေရိကန် ပြည်ထောင်စုဟာ ယူကရိန်းကို မြေမြှုပ်မိုင်းတွေ ပံ့ပိုးသွားဖို့ သမ္မတဘိုင်ဒင် သဘောတူလိုက်ပြီ ဖြစ်တဲ့ အတွက် မကြာခင်ပဲ ယူကရိန်းလက်ဝယ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

တဘက်ရန်သူ ခြေလျင်စစ်သားတွေကို ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတဲ့ anti-personnel landmine လို့ ခေါ်တဲ့ လူကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို အခုလို ပေးရတဲ့ ရည်ရွယ်ချက်ဟာ ယူကရိန်း အရှေ့ဘက်ခြမ်း ရှေ့တိုးလာနေတဲ့ ရုရှားတပ်တွေကို ခုခံတားဆီးရာမှာ အထောက်အကူ ပြုနိုင်ဖို့ အတွက် အထူး ရည်ရွယ်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ယူကရိန်း အရှေ့ဘက်ခြမ်းတလွှား ကျယ်ပြန့် ရှည်လျားလှတဲ့ ရှေ့တန်းစစ်မြေပြင်တလျှောက် ရှေ့တိုးလာနေတဲ့ ရုရှားတပ်တွေကို ဟန့်တားနိုင်ဖို့ ယူကရိန်း ကြိုးစားနေပါတယ်။

အဲဒီနေရာတွေမှာ ရုရှားဘက်က သုံးနေတဲ့ နည်းနာကိုကြည့်ရင် စစ်သား တပ်စုငယ်တွေ အသုတ်လိုက်အသုတ်လိုက် ခွဲပြီး စေလွှတ်နေတာမျိုး ဖြစ်ပါတယ်။ တချို့ အုပ်စုတွေဆိုရင် စစ်သား ၅ ယောက်ထက် မကျော်ပဲ လမ်းလျှောက် ဝင်လာတာမျိုး၊ မော်တော်ဆိုင်ကယ် စီးပြီး ဝင်လာတာမျိုးနဲ့ ယူကရိန်း တပ်စခန်းတွေရဲ့ နောက်ဘက်ပိုင်းထိ ရောက်လာနိုင်ကြပါတယ်။

အဲဒီလို အုပ်စုငယ်တွေကို မကြာခနဆိုသလို လက်ရ ဖမ်းမိတာမျိုး၊ ပစ်ခတ်ပြီး အသေရရှိတာမျိုးတွေ ပေါ်ပေါက်နေပါတယ်။ တချို့နေရာတွေမှာဆိုရင် မိနစ် ၂၀ မှာ အုပ်စု တစ်ခု ဆိုသလို အကြိမ်ရေ စိတ်စိတ် စေလွှတ်နေတဲ့ အတွက် ကိုင်တွယ်ရ ခက်နေတယ်လို့ ယူကရိန်းဘက်က ဘီဘီစီကို ပြောတာမျိုး ရှိပါတယ်။

အဲဒီလို နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ချပြီး တားဆီးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာတော့ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင် ထားနှင့်ပြီး ဖြစ်ပါတယ်။

လူကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုနဲ့ လွှဲပြောင်းပေးမှုတွေကို ပိတ်ပင်တဲ့ အော့တဝါ သဘောတူညီမှု ဆိုတဲ့ နိုင်ငံတကာ ပဋိညာဉ် ရှိပါတယ်။ အဲဒီထဲမှာ ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံစလုံး လက်မှတ်ဝင်ထိုး မထားပေမယ့်၊ ယူကရိန်းကတော့ လက်မှတ်ထိုးထားပါတယ်။

ရုရှားရဲ့ စစ်ရေးနည်း အပြည့်သုံးပြီး ကျူးကျော် ဝင်ရောက်တိုက်ခိုက်တာ ခံခဲ့ရတဲ့ နောက်ပိုင်း ယူကရိန်း ပိုင်နယ်မြေ ၂၀% ကျော်ဟာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

အခု အမေရိကန်က ပေးမယ့် မြေမြှုပ်မိုင်းတွေကို ယူကရိန်း ပိုင်နက်နယ်တွေ အတွင်းမှာပဲ အသုံးပြုရမယ် ဆိုတဲ့ ကန့်သတ်ချက် ချထားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် အရပ်သားတွေကို အန္တရာယ် ဖြစ်စေနိုင်တာကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့ရာ၊ လူနေထူပြောတဲ့ နေရာဒေသတွေမှာ အသုံးမပြုဘူးဆိုတဲ့ ကတိမျိုးကိုလည်း ယူကရိန်းဘက်က ပေးထားတယ်လို့ ဆိုပါတယ်။

အမေရိကန် ပေးမယ်ဆိုတဲ့ မြေမြှုပ်မိုင်းတွေဟာ ရုရှားတွေ သုံးနေတဲ့ မိုင်းတွေနဲ့ မတူပဲ သတ်မှတ်ကာလတစ်ခု ကျော်သွားပြီဆိုရင် မပေါက်ကွဲနိုင်တော့တဲ့ နည်းပညာမျိုး သုံးထားတယ်လို့လည်း အမေရိကန်ဘက်က ပြောပါတယ်။

သမ္မတဘိုင်ဒင် အစိုးရဟာ ဒေါ်နယ်ထရမ့်လက်ထဲ အာဏာ မလွှဲပြောင်းရသေးခင် ရတဲ့ အချိန်အတွင်းမှာ ယူကရိန်းကို စစ်လက်နက် ပံ့ပိုးတာတွေ တွန်းပြီး ပြုလုပ်နေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

အခုဆိုရင် အမေရိကန်က ပေးတဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကိုပါ တိုက်ခိုက်နိုင်တယ် ဆိုပြီး ယူကရိန်းအပေါ် ခွင့်ပြု ပေးထားပြီ ဖြစ်ပါတယ်။

တခါ မိုင်းနဲ့ ပတ်သက်ရင်လည်း တင့်ကားဖျက် မိုင်းမျိုးကိုသာ အမေရိကန်က ယူကရိန်းကို ပေးခဲ့ပေမယ့်၊ လူကို ပစ်မှတ်ထား ရည်ရွယ်တဲ့ မြေမြှုပ်မိုင်းမျိုး အရင်က မပေးပဲ ထားခဲ့ရာကနေ အဲဒီ အချက် ဖြေလျှော့ပေးပြန်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အခု လုပ်ရပ်တွေဟာ စစ်ပွဲ ပဋိပက္ခကို ပိုကြီးထွားလာအောင် ပြုလုပ်ပေးနေတာ ဖြစ်တယ်ဆိုပြီး မော်စကို ဘက်က ရှုတ်ချပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနမှာ အဆင့်မြင့်တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း သမ္မတ ဘိုင်ဒင်ကို ယူကရိန်း အရေး မူဝါဒပိုင်းဆိုင်ရာ အကြံပေးနေတဲ့ ဂျက်ဖရီ စတေဆီက အခုလို အမေရိကန် အနေနဲ့ လက်နက်ထောက်ပံ့ရာမှာ မူဝါဒ အပြောင်းအလဲ လုပ်လာရတာဟာ ထရမ့်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလို တွန်းပြီး လုပ်လာရတာကတော့ ထရမ့်နဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိလို့ ဖြစ်ပါတယ်။ ထရမ့်ဟာ ယူကရိန်းကို ပေးနေတဲ့ အထောက်အပံ့တွေ အားလုံးကို ရပ်လိုက်မလား ဆိုတဲ့ စိုးရိမ်မှု ရှိနေပါတယ်။ ထရမ့်ရဲ့ ပြောင်းလဲလာမယ့် မူဝါဒတွေဟာ ပူတင်ကို ယူကရိန်း ခုခံကာကွယ်နိုင်စွမ်း အတော်လေး ခက်ခဲ ကျဆင်းသွားစေမယ် ဆိုပြီး တွက်ချက် ထားကြပါတယ်” လို့ ဂျက်ဖရီ စတေဆီက ပြောပါတယ်။

ဒီအချိန်မှာပဲ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ရှိတဲ့ အမေရိကန်သံရုံး ယာယီ ပိတ်လိုက်ပါတယ်။ လေကြောင်း တိုက်ခိုက် ခံလာရဖွယ် ရှိတယ် ဆိုတဲ့ သတင်း အတော်လေး အသေးစိတ် အတိတကျ ရထားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ လေကြောင်းရန် သတိပေး ဥသြဆွဲသံ ကြားရင် ဘေးကင်းလုံခြုံရာ နေရာတွေဆီ အမြန် သွားနေကြဖို့ကိုလည်း ယူကရိန်းထဲမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို သံရုံးက တိုက်တွန်းထားပါတယ်။

ဒါဟာ အမေရိကန်လုပ် အက်တမ် ဒုံးကျည်တွေကို သုံးပြီး ရုရှားပိုင်နက်ထဲထိ ယူကရိန်းက ပထမဆုံး အကြိမ် တိုက်ခိုက်ခဲ့တဲ့နောက် ရက်ပိုင်းမှာပဲ အမေရိကန်သံရုံးကို လက်တုန့်ပြန် ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ဖြစ်လာလိမ့်မယ် ဆိုတဲ့ သတင်းမျိုး ရရှိလာတာ ဖြစ်ပါတယ်။

ရုရှားဘက်ကလည်း သူတို့အနေနဲ့ အနောက်အုပ်စုလုပ် တာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံလာရပြီ ဆိုရင် လက်တုန့်ပြန်သွားမှာ ဖြစ်တယ်ဆိုပြီး ကြေညာထားပါတယ်။