ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖရဲသီးတွေရဲ့အကူအညီနဲ့ တော်လှန်ရေးသမားတွေ အောင်မြင်မှု ကြီးကြီးမားမားရ
- ရေးသားသူ, ရေဘက်ကာဟန်းချ်ကီး၊ ကိုကိုအောင်၊ ဂျက်အောင်နဲ့ Data Journalism သတင်းအဖွဲ့
- ရာထူးတာဝန်, BBC Eye စုံစမ်းထောက်လှမ်းမှုအဖွဲ့၊BBC Verify အချက်အလက်စိစစ်ရေးအဖွဲ့
တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့တဲ့ မြန်မာ စစ်တပ်ဟာ အတွင်းက အက်ကြောင်းလိုက်လာပါတယ်။ ဒီမိုကရေစီ ဘက်တော်သား တော်လှန်ရေးသမားတွေအတွက် တိတ်တဆိတ် အလုပ်လုပ်ပေးနေတဲ့ သတင်းပေးသူလျှိုတွေက စစ်တပ်အတွင်း ပျံ့နှံ့နေတာကို ဘီဘီစီက စုံစမ်းသိရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ နယ်မြေတွေရဲ့ လေးပုံတစ်ပုံအောက်ပဲ စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်တော့တယ် ဆိုတာကို ဘီဘီစီ ကမ္ဘာတလွှားဌာနရဲ့ စုံစမ်းဖော်ထုတ်မှုက တွေ့ရှိခဲ့ပါတယ်။
စစ်တပ်ဟာ အဓိက မြို့ကြီးတွေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး "အင်မတန် အန္တရာယ်များဆဲ" ဖြစ်တယ်လို့ ကုလသမဂ္ဂ မြန်မာ့အရေး အထူးကိုယ်စားလှယ်ကတော့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း နယ်မြေတွေ ကြီးကြီးမားမား ဆုံးရှုံးသွားပါတယ်။
သတင်းပေးစစ်သားတွေကို "ဖရဲသီးတွေ"လို့ သိကြပါတယ်။ အပြင်ဘက်က စိမ်းပြီး အထဲက နီနေလို့ပါ။ အပြင်ပန်းမှာ စစ်တပ်ကို သစ္စာစောင့်သိပြပေမဲ့ အနီရောင် ကိုယ်စားပြု ဒီမိုကရေစီဘက်တော်သား တော်လှန်ရေးသမားတွေအတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေကြလို့ပါ။
စစ်တပ်ရဲ့ ရက်စက်မှုတွေက သူ့ကို ဘက်ပြောင်းသူ ဖြစ်စေခဲ့တယ်လို့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခြေစိုက်တဲ့ ဗိုလ်မှူးတစ်ယောက်က ပြောပါတယ်။
"နှိပ်စက်ခံရတဲ့ အရပ်သားတွေရဲ့ အလောင်းတွေကို ကျွန်တော် တွေ့ခဲ့တယ်။ ကျွန်တော် မျက်ရည်တွေ ကျခဲ့တယ်" လို့ ကိုကျော် (အမည်ရင်းမဟုတ်) က ပြောပါတယ်။
"ကိုယ့်ပြည်သူတွေကို ဘာလို့ ဒီလောက် ရက်စက်နိုင်ကြတာလဲ။ ကျွန်တော်တို့က အရပ်သားတွေကို ကာကွယ်ဖို့ တာဝန်ရှိတာပါ။ ဒါပေမဲ့ အခုက အရပ်သားတွေကို သတ်နေတာ ဖြစ်သွားပြီ။ ဒါက တပ်မတော် မဟုတ်တော့ဘူး။ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ အဖွဲ့အစည်း ဖြစ်သွားပြီ။"
အုံကြွမှုတွေ စဖြစ်စေခဲ့တဲ့ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကစပြီး လူပေါင်း ၂၀,၀၀၀ ကျော် ထိန်းသိမ်းခံရပြီး ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကိုကျော်က အစတုန်းကတော့ စစ်တပ်ကနေ ဘက်ပြောင်းဖို့ စဥ်းစားခဲ့တာပါ။ ဒါပေမဲ့ "တော်လှန်ရေးအတွက် လုပ်ပေးတာက အကောင်းဆုံးဖြစ်မယ်"လို့ သူ့ဇနီးနဲ့အတူ ဆုံးဖြတ်ခဲ့ပါတယ်။
အန္တရာယ်မရှိဘူးလို့ သူတွက်ဆနိုင်တဲ့အခါမျိုးတွေကျရင် တပ်တွင်းသတင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် - ပီဒီအက်ဖ်တွေဆီ ဖွင့်ချပေးပို့နေခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တွေက အဲဒီသတင်းတွေကို စစ်တပ်ကို ခြုံခိုတိုက်တာတို့ စစ်ကြောင်းကို ရှောင်ကွင်းသွားနိုင်ဖို့တို့မှာ သုံးကြပါတယ်။ ကိုကျော်က သူ့လခထဲက တချို့တဝက်ကိုလည်း တော်လှန်ရေးအဖွဲ့တွေ လက်နက်ဝယ်နိုင်ဖို့ ပို့ပါတယ်။
သူ့လို သတင်းတွေပေးတွေကြောင့်ပဲ တော်လှန်ရေးတပ်ဖွဲ့တွေဟာ တစ်ချိန်ကဆို စဥ်းစားလို့တောင်မရခဲ့တဲ့ အောင်မြင်မှုမျိုးတွေ ရလာခဲ့ပါတယ်။
နယ်မြေတွေကို ဘယ်ဘက်က ဘယ်သူတွေထိန်းချုပ်ထားနိုင်ပြီလဲဆိုတဲ့ အခြေအနေကို ရွာပေါင်း ၁၄,၀၀၀ ကျော်မှာ ဘီဘီစီက အခုနှစ် နိုဝင်ဘာလအထိ လေ့လာသုတေသန လုပ်ခဲ့ပါတယ်။ အဲဒီကနေ ပဋိပက္ခ စချိန်ကနေ လေးနှစ်နီးပါးအကြာမှာ စစ်တပ်ဟာ နိုင်ငံရဲ့ နယ်မြေ ၂၁ ရာခိုင်နှုန်းပဲ အပြည့်အဝ ထိန်းချုပ်နိုင်တော့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။
ဒီလေ့လာ ဖော်ထုတ်မှုအရ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ အခုအခါ နယ်မြေ ၄၂ ရာခိုင်နှုန်း ထိန်းချုပ်ထားတာကို ဖော်ထုတ်တွေ့ရှိရပါတယ်။ ကျန်နေရာအများစုကတော့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
၁၉၆၂ မှာ စစ်တပ်က ပထမဆုံး အာဏာသိမ်းခဲ့ချိန်ကတည်းကစလို့ အခုအချိန်ဟာ စစ်တပ်ရဲ့ နယ်မြေထိန်းချုပ်မှုနိုင်မှုက အနည်းဆုံး ဖြစ်နေပြီလို့ အမေရိကန် အခြေစိုက် - လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာနဲ့ ဖြစ်ရပ်ဆိုင်ရာ သတင်းအချက်အလက် စီမံကိန်း (Acled) ရဲ့ အဆိုအရ သိရပါတယ်။
တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေက စစ်တပ်ကို အားနည်းသွားစေပါတယ်။
ဒီနှစ်အစပိုင်းမှာ နယ်မြေတွေ အကြီးအကျယ် ဆုံးရှုံးသွားပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့တပ်တွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရှားရှားပါးပါး ဝန်ခံခဲ့ပါတယ်။
ဖရဲသီးတွေရဲ့ တပ်တွင်း လျှို့ဝှက်သတင်းတွေက အာဏာ ချိန်ခွင်ညှာကို ပြောင်းစေခဲ့ပါတယ်။ တော်လှန်ရေးသမားတွေက တိုးပွားလာတဲ့ တပ်တွင်း သတင်းပေး ကွန်ရက်တွေကို စီမံခန့်ခွဲဖို့နဲ့ ထပ်ပြီး အင်အားစုဆောင်းနိုင်ဖို့ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့ပါတယ်။
အဲဒီတပ်ဖွဲ့ဝင် ဝင်းအောင် (အမည်လွှဲ ) လို လူတွေက ဖရဲသီးသတင်းတွေကို စုဆောင်း၊ တတ်နိုင်သလောက် အတည်ပြုပြီး သက်ဆိုင်တဲ့နေရာတွေက တော်လှန်ရေးခေါင်းဆောင်တွေဆီကို ပို့ပေးပါတယ်။
ဝင်းအောင်ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ တော်လှန်ရေးသမားတွေဆီကို ဘက်ပြောင်းလာတဲ့ သတင်းထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်ပါ။ အခုဆိုရင် သီတင်းပတ်တိုင်း ဖရဲသီးအသစ်တွေ ရနေပြီး ဆိုရှယ်မီဒီယာတွေကနေ ဖရဲသီးတွေကို အဓိက စုဆောင်းတယ်လို့ ပြောပါတယ်။
သူတို့နဲ့ ချိတ်ထားတဲ့ သတင်းပေးတွေထဲမှာ အောက်ခြေတပ်သားတွေကနေ အကြီးတန်း အရာရှိတွေအထိ ပါတယ်လို့ သူက ပြောပါတယ်။ ဖရဲသီးတွေဟာ စစ်တပ်အစိုးရထဲက "ဝန်ကြီးဌာနတွေကနေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ" အထိ ရှိတယ်လို့လည်း သူက ဆိုပါတယ်။
ဒီလူတွေဟာ တန်ပြန်သူလျှိုတွေ ဖြစ်မနေအောင် အထပ်ထပ် အတည်ပြု စစ်ဆေးခံရပါတယ်။
တပ်တွင်းကနေ သတင်းပေး ဖရဲသီး ဖြစ်လာတဲ့အကြောင်းတွေက အမျိုးမျိုး ရှိကြပါတယ်။ ကိုကျော် ဆိုရင် စစ်တပ်ရဲ့ လုပ်ရပ်ကို စိတ်ဆိုးဒေါသထွက်ခဲ့တာ ဖြစ်ပြီး "ကိုမိုး" လို့ ခေါ်တဲ့ ရေတပ်က တပ်ကြပ်တစ်ယောက်ကတော့ ငယ်ရွယ်တဲ့ သူတို့ မိသားစု ရှင်သန်ရေးအတွက်ပဲ ရိုးရိုးတွေးပြီး ရွေးလိုက်တာပါ။
အဲဒီအချိန်တုန်းက သူ့တို့ရဲ့ ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ထားတဲ့ သူ့ဇနီးက သူ့ကို သတင်းပေး ဖြစ်လာအောင် တွန်းအားပေးခဲ့ပါတယ်။ စစ်တပ်က စစ်ရှုံးနေပြီး သူတိုက်ပွဲမှာ သေသွားနိုင်တယ်ဆိုပြီး နားချခဲ့တာပါ။
သူက လက်နက်တွေနဲ့ တပ်ဖွဲ့ အရွှေ့အပြောင်းလုပ်တဲ့ သတင်းအချက်အလက်တွေကို ဖရဲသီးတပ်ဖွဲ့တွေဆီကို စပြီး ပို့ပေးခဲ့ပါတယ်။
ဒီလို အချက်အလက်တွေက အရေးကြီးပါတယ်လို့ ပီဒီအက်ဖ်အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင် ကိုဒေဝက ပြောပါတယ်။
သူတို့ တော်လှန်ရေးအဖွဲ့ရဲ့ အန္တိမ ပန်းတိုင်က မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့လည်းဖြစ် သူ့ရဲ့ မွေးရပ်မြေလည်း ဖြစ်တဲ့ ရန်ကုန်ကို သိမ်းယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ မျှော်မှန်းချက် ပြည့်ဖို့က သူတို့အတွက် အဝေးကြီး ရှိပါသေးတယ်။
စစ်တပ်က အခြေခံအဆောက်အဦနဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိတဲ့ မြို့ပြဧရိယာအများစုကို ထိန်းထားဆဲ ဖြစ်ပါတယ်။
"ရန်ကုန်ကို တိုက်မယ် သိမ်းပိုက်မယ် ထိန်းချုပ်မယ်ဆိုတာက ပြောသလောက် မလွယ်ဘူးလေ" လို့ ကိုဒေဝက ပြောပါတယ်။
"ရန်သူကလည်း လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး။"
မြို့ထဲကို ကိုယ်တိုင် မဝင်ရောက်နိုင်တဲ့အတွက် သူ့တောတွင်း စခန်းကနေပြီး ကိုဒေဝက ဖရဲသီးသတင်းတွေကို သုံးပြီး ပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ဖို့ ရန်ကုန်က မြေအောက်အဖွဲ့တွေကို ညွှန်ကြားပါတယ်။
သြဂုတ်လမှာ သူအဲဒီလို ဖုန်းပြောနေတာမျိုးကို ဘီဘီစီအဖွဲ့ မျက်မြင်တွေ့ခဲ့ရပါတယ်။ အချက်အလက်တွေကို အသေးစိတ် မပြောပြပေမဲ့ အဲဒါက ဗိုလ်မှူးကြီးတစ်ယောက်ကို လုပ်ကြံဖို့ ညွှန်ကြားနေတာလို့ ပြောပါတယ်။
"ရန်သူ့အတွင်းစည်းထဲမှာ ဝင်ပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်" လို့ သူ့လူတွေကို ပြောနေပါတယ်။
"ရဲဘော်တွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာကို သေချာလေး ဂရုစိုက်ဖို့လိုတယ်။ ရန်သူက အဘက်ဘက်က စစ်ရှုံးနေတာကိုး။"
အဲဒါကြောင့်ပဲ စိမ့်ဝင်လာသူတွေနဲ့ သတင်းပေးတွေကို စစ်တပ်က ပိုပြီး သတိထားနေနိုင်တာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
သူတို့အဖွဲ့ရဲ့ အဓိက တိုက်ခိုက်မှုကြီး အတော်များများဟာ သတင်းပေးတွေဆီက ရတဲ့ အချက်အလက်တွေကြောင့် လုပ်နိုင်ခဲ့တာလို့ ကိုဒေဝက ပြောပါတယ်။
"သုည ဘဝက လာခဲ့တဲ့ကောင်တွေရဲ့ အောင်မြင်မှုက ဘယ်လောက် ပမာဏ ရောက်နေပြီလဲ" လို့ ကိုဒေဝက ဂုဏ်ယူစွာ ပြောပါတယ်။
ဒါပေမဲ့ ပေးဆပ်မှုတွေလည်း ရှိပါတယ်။ ရေတပ် တပ်ကြပ် ကိုမိုးတို့လို ဖရဲသီးတွေဟာ နှစ်ဖက်စလုံးကို ကြောက်နေရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ဘက်ကို ရန်ကုန်ကနေ တာဝန်ချခံရတဲ့အခါ သူပေးလိုက်တဲ့ သတင်းကြောင့် သူကိုယ်တိုင် ပြန်အတိုက်ခံရမှာကို စိုးရိမ်နေရပါတယ်။
အခုနှစ် မတ်လမှာ ကျောက်ချရပ်ထားတဲ့ သူ့သင်္ဘောကို ဒုံးကျည်တွေ ပြီးတော့ သေနတ်တွေနဲ့ အတိုက်ခံရပါတယ်။
"ဘယ်ကိုမှ ပြေးစရာ မရှိဘူး။ ကျွန်တော်တို့က လှောင်အိမ်ထဲက ကြွက်တွေလိုပဲ" လို့ ကိုမိုးက ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သူတို့ဘက်က တပ်ဖွဲ့ဝင် ခုနစ်ယောက် သေဆုံးခဲ့ပါတယ်။
"သတင်းပေးတွေကို ကာကွယ်ပေးနိုင်စွမ်းက အရမ်းနည်းပါတယ်" လို့ ကိုဝင်းအောင်က ၀န်ခံပါတယ်။
"ကျွန်တော်တို့က သူတို့တွေဟာ ဖရဲသီးတွေပါလို့ လူသိရှင်ကြား မပြောနိုင်ဘူး။ ပြီးတော့ ကျွန်တော်တို့တပ်ဖွဲ့တွေကို စစ်တပ်ရဲ့ ဘယ်စစ်ကြောင်းကိုတော့ မတိုက်နဲ့လို့ ရွေးပြီး တားလို့လည်း မရပါဘူး။"
အဲဒီအချက်ကို သူက ဖရဲသီးတွေကို ရှင်းပြပေမဲ့ သူတို့က မဖြုံကြပါဘူး။ တချို့က ဆိုရင် "အဲဒါမျိုးဆိုရင် စဥ်းစားမနေနဲ့ ပစ်သာပစ်"လို့ ပြောပါတယ်။
ဒါပေမဲ့ သတင်းပေးတွေဟာ အန္တရာယ်ကို ဘယ်လိုမှ မခံနိုင်တော့တဲ့ အခါတွေ ရှိပါတယ်။ ကိုမိုးလည်း နောက်ထပ် အန္တရာယ်များတဲ့ ရှေ့တန်း တစ်နေရာကို ပို့ခံရဖို့ရှိလာတဲ့အခါမှာ သူ့ကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာကို ခေါ်ထုတ်ပေးဖို့ ဖရဲသီးတပ်ဖွဲ့ကို သူက တောင်းဆိုခဲ့ပါတယ်။
မြေအောက်အဖွဲ့တွေနဲ့ အချိတ်အဆက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေ သူတို့အတွက် စိတ်ချရတဲ့ ပုန်းခိုရာအိမ်တွေကနေ သူ့ကို ခိုးထုတ်ခဲ့ပါတယ်။
ညသန်းခေါင်မှာ သူထွက်လာခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်နေ့ မနက်မှာ သူတာဝန်ကျရာနေရာမှာ ပေါ်မလာတဲ့အခါမှာ စစ်သားတွေက သူ့အိမ်ကို လာဝိုင်းကြပါတယ်။ သူ့ဇနီး မချိုကို စစ်မေးကြပေမဲ့ မချိုက ရေငုံနှုတ်ပိတ်နေပါတယ်။
ရက်တော်တော်ကြာအောင် ပြေးလိုက်ပုန်းလိုက်နဲ့ ခရီးထွက်လာအပြီးမှာတော့ ကိုဒေဝရဲ့ စခန်းတစ်ခုဆီ ကိုမိုး ရောက်သွားပါတယ်။ ကိုဒေဝက သူ့ကို ဗီဒီယိုနဲ့ ခေါ်ပြီး ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ပြီးတော့ သူဘယ်လိုနေရာကနေ ဘာဆက်လုပ်မလဲလို့ မေးပါတယ်။ ငယ်ကြသေးတဲ့ သူ့မိသားစု အခြေအနေကြောင့် သူက တိုက်ခိုက်ရေးထက်စာရင် သူ့အတွေ့အကြုံတွေကို ပြန်ပြီး စစ်သင်တန်းလေ့ကျင့်ပေးမယ်လို့ ပြန်ပြောခဲ့ပါတယ်။
နောက်သီတင်းပတ်နည်းနည်းကြာတော့ သူ ထိုင်းဘက်ကို ကူးသွားခဲ့ပါတယ်။ နောက်ဆုံးမှာ ခင်ပွန်းသည်နဲ့ ပြန်ဆုံကြမယ်၊ အဲဒီမှာ ဘဝသစ် တည်ဆောက်ကြမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မချိုနဲ့ ကလေးတွေလည်း အိမ်က ထွက်ပြေးလာကြပါတယ်။
စစ်တပ်က ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ ထိုးစစ်ဆင်နေပြီး ဗုံးတွေ အကြီးအကျယ် ကြဲပါတယ်။ တရုတ်နဲ့ ရုရှားလုပ် တိုက်လေယာဥ်တွေကြောင့် လေကြောင်းမှာ စစ်တပ်က အားသာပါတယ်။ တော်လှန်ရေးတပ်တွေဟာ တစ်စုတစ်စည်းတည်း မဖြစ်နေသေးတာကို သိတဲ့ စစ်တပ်ကလည်း အဲဒီကွဲပြားမှုကို အသုံးချပြီး ထိုးခွဲဖို့ နည်းလမ်းရှာ ကြိုးစားပါတယ်။
"စစ်ဗိုလ်ချုပ်တွေဟာ သူတို့ ရှုံးလာတာနဲ့အမျှ ရက်စက်မှုတွေက ပိုတိုးလာပါတယ်။ မြေပြင်မှာ သူတို့ ရှုံးလေ အသက်ဆုံးရှုံးမှု၊ ရက်စက်မှု၊ နှိပ်စက်မှုတွေ ပိုဆိုးလာလေပါပဲ" လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်က ပြောပါတယ်။
စစ်တပ်ကလည်း ဖရဲသီးတွေကို ရှင်းထုတ်ဖို့ လုပ်ပါတယ်။ "ရှင်းမယ်ဆိုတဲ့ သတင်းတွေ ကြားရင် ကျွန်တော် ခဏတော့ နားလိုက်တာပေါ့" လို့ ကိုကျော်က ပြောပါတယ်။
သူ့ကို သတိပြု သတိထားခံရတာတွေ မရှိအောင် ကိုယ်တိုင်က စစ်တပ်အမာခံထောက်ခံသူ ပုံစံနဲ့ပဲ အမြဲနေတယ်လို့ ကိုကျော်က ပြောပါတယ်။
ဒါပေမဲ့ သူက ကြောက်ရွံ့နေပြီး ဘယ်လောက်ကြာကြာ လျှို့၀ှက်နေနိုင်မလဲဆိုတာ မသိပါဘူး။ အသက်ကြီးနေတဲ့ သူ့မိဘတွေကို ထားခဲ့ဖို့ စိုးရိမ်တာကြောင့် ဘက်ပြောင်းဖို့ကလည်း မဖြစ်နိုင်ပါဘူး။ အခုထိတော့ တော်လှန်ရေးပြီးမယ့်နေ့ကို မျှော်လင့်ရင်း သတင်းပေးပဲ ဆက်လုပ်နေဖို့ ရှိပါတယ်။
အဲဒီတစ်နေ့ ရောက်ခဲ့ရင် ကိုကျော်တို့ ၊ ကိုမိုးတို့လို ဖရဲသီးတွေကို မေ့ထားမှာ မဟုတ်ဘူးလို့ ကိုဝင်းအောင်က ကတိပေးပါတယ်။
"ကျွန်တော်တို့ သူတို့ကို တလေးတစား ဆက်ဆံရပါမယ်။ သူတို့ ရှေ့ဆက်မယ့်ဘဝမှာ ဘာဖြစ်ချင်လဲဆိုတာ ရွေးခွင့်ပေးရပါမယ်။"
ဒီသတင်းနဲ့ ပတ်သက်လို့ ဘီဘီစီဘက်က မေးမြန်းဖို့ ဆက်သွယ်တာကို စစ်တပ်က မတုံ့ပြန်ပါဘူး။
အချက်အလက်များ
ဘီဘီစီရဲ့ သုတေသနသမားတွေက စစ်တပ် ထိန်းချုပ်မှု အဆင့်ကို သိရှိနိုင်ဖို့ ကျေးရွာအုပ်စု ၁၄,၀၀၀ မှာ ၂၀၂၄ ဖေဖော်ဝါရီ ၁၂ ကနေ နိုဝင်ဘာ ၁၃ အထိ သတင်းရင်းမြစ် မျိုးစုံကို မေးမြန်းခဲ့ပါတယ်။
ကျေးရွာအုပ်စုတွေရဲ့ နာမည်တွေကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဥ် UNDP ရဲ့ Myanmar Information Management Unit - MIMU ကနေ ရယူပါတယ်။
စိစစ်မှုတိုင်းအတွက် စစ်တပ် ဒါမှမဟုတ် အတိုက်အခံတွေနဲ့ ဆက်နွှယ်မှုမရှိတဲ့ ပညာရှင်၊ လူမှုရေးဝန်ထမ်း၊ သတင်းသမားနဲ့ ဒေသခံစတဲ့ သတင်းရင်းမြစ် အနည်းဆုံး တစ်ခုကို သုတေသနအဖွဲ့က မေးမြန်းထားပါတယ်။
ကျေးရွာအုပ်စု တစ်ခုအတွက် သတင်းရင်းမြစ်တွေက ကွဲပြားတဲ့ အချက်အလက်တွေ ပေးတဲ့အခါ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေကို ဦးစားပေးပြီး မီဒီယာတွေမှာ ဖော်ပြမှုတွေနဲ့ ပြန်တိုက်ဆိုင် စစ်ဆေးပါတယ်။
အဖြေတွေအရ နယ်မြေတွေကို ဘယ်သူတွေ ထိန်းချုပ်နေသလဲဆိုတာကို အနီးစပ်ဆုံး ပုံစံ သုံးမျိုးထဲ ခွဲခြားထည့်သွင်းထားပါတယ်။
- စစ်တပ် - အဲဒီ ဒေသမှာ စစ်တပ် ရှိပြီး သွားလာလှုပ်ရှားပါတယ်။ အဲဒီဒေသရဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း လုပ်နေပါတယ်။
- တိုက်ခိုက်နေဆဲ - စစ်တပ်က အဲဒီ ဒေသမှာ ရှိပေမဲ့ သူတို့ရဲ့ ထိန်းချုပ်မှုတွေ အကန့်အသတ် ရှိပါတယ်။ အဲဒီနေရာမှာ အထွေထွေ အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေ အပြည့်အဝ မလည်ပတ်နိုင်တာ ဒါမှမဟုတ် အုပ်ချုပ်မှုတွေကို စစ်တပ်ရော ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော နေရာအလိုက် အပိုင်းလိုက် လုပ်နေတာမျိုး ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ အဝင်အထွက် လုပ်နေနိုင်တဲ့နေရာတွေနဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာတွေလည်း ပါဝင်ပါတယ်။
- တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ - မြေပြင်မှာ စစ်တပ် လုံးဝ မရှိသလောက် ဖြစ်ပြီး လှုပ်ရှားမှုတွေကို မလုပ်နိုင်တာ သုံးလကျော် ကြာနေပြီဖြစ်တဲ့နေရာ ဖြစ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ၊ လက်နက်ကိုင် တော်လှန်ရေး တပ်တွေရဲ့ အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်တဲ့ နေရာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ တချို့နေရာတွေကို သစ်တောနယ်မြေအဖြစ် သတ်မှတ်ပြီး ကျေးရွာအုပ်စုတွေထဲ မထည့်သွင်းထားပါဘူး။ အဲဒီနေရာတွေကို အထူးသဖြင့် သဘာဝရင်းမြစ်တွေ ထုတ်လုပ်ဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့နယ်မြေအဖြစ် သီးခြား အုပ်ချုပ်မှု ပုံစံ ရှိပါတယ်။ အုပ်ချုပ်မှု ရှင်းရှင်းလင်းလင်း ရှိတဲ့ ဧရိယာတွေကိုပဲ ဘီဘီစီက အဓိကထား လေ့လာစိစစ်ခဲ့ပါတယ်။
ရေးသားသူ - ဆာရာ ဘာကလေ၊ တည်းဖြတ် - ပေါ်လ် ကာလီ၊ သတင်းဆိုင်ရာ မူဝါဒ - ကေသီ ဒဲရစ်
ဖြည့်စွက် ရေးသားသူများ - ဘက်ကီ ဒေးလ်၊ မတ်စ်ကီးန် လစ်ဒါး၊ လှလှဝင်း၊ ဖီးလ် လိခ်၊ ကော်လမ် သော်မဆင်၊ ပီလာ တောမတ်စ်၊ ရှားလော့ အက်ဝုဒ် နဲ့ ကယ်လ်ဗင် ဘရောင်း
သုတေသန နည်းစနစ်ပိုင်း အကူအညီ - ပါမောက္ခ လီးဂျုန်းစ်၊ လန်ဒန် ကွင်း မေရီ တက္ကသိုလ်