တောင်ကိုရီးယားသမ္မတသစ်က မြန်မာ့ပြဿနာကို အာရုံစိုက်နိုင်လား

တောင်ကိုရီးယားမှာတော့ မြန်မာ့အရေးကို အမြဲထောက်ခံအားပေးသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း ထိတွေ့ဆက်ဆံမှုရှိတဲ့ အတိုက်အခံပါတီခေါင်းဆောင် အီဂျေမြောင် သမ္မတဖြစ်လာပါတယ်။
သမ္မတဟောင်း ယွန်းဆွတ်ယိုက စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးစားခဲ့တဲ့နောက် ဖရိုဖရဲဖြစ်ခဲ့တဲ့နိုင်ငံဟာ ၆ လအကြာမှာ ရွေးကောက်ပွဲဖြစ်လာပြီး အတိုက်အခံက သမ္မတဖြစ်သွားခဲ့တာပါ။
အီဂျေမြောင်ဟာ အတိုက်အခံခေါင်းဆောင်ကာလကတည်းက မြန်မာက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး တွန်းတိုက်ပြောခဲ့သူဖြစ်ပါတယ်။
အခု တောင်ကိုရီးယားရဲ့ နိုင်ငံရေးခရီးအပြောင်းအလဲက မြန်မာ့အရေးနဲ့ တောင်ကိုရီးယားရောက်မြန်မာတွေ အပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲ။
ကိုရီးယား အတွင်း/အပြင် မြန်မာတွေရဲ့ မျှော်လင့်ချက်

ဓာတ်ပုံ ရင်းမြစ်, KOREA NUG
သမ္မတသစ်ဖြစ်လာတဲ့ အီဂျေမြောင်ဟာ မြန်မာက စစ်တပ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ်တည်းက ဆန့်ကျင်ရှုတ်ချခဲ့သူပါ။ အတိုက်အခံပါတီ ခေါင်းဆောင်ဘဝနဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်းဂီဒို ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ချိန်က NUG က တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေလည်း လုပ်ခဲ့ပါတယ်။
ဒါကြောင့်လည်း တောင်ကိုရီးယားကို အကြောင်းမျိုးစုံနဲ့ ရောက်နေပြီး မြန်မာစစ်တပ်ကိုဆန့်ကျင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာ၊ နေထိုင်ခိုလှုံခွင့်တို့နဲ့ပတ်သက်ပြီး ဖြေလျော့မှုတွေပိုတိုးရလာမယ်လို့ မျှော်လင့်ကြပါတယ်။
တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတွေ နေထိုင်အလုပ်လုပ်ကိုင်နိုင်တဲ့ ဗီဇာအမျိုးအစားအနည်းဆုံး ၄ မျိုးရှိပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ တောင်ကိုရီးယားကို အများဆုံးသွားရောက်ကြတာက E-Visa (အလုပ်ဗီဇာ)နဲ့ D-Visa (ပညာရေး ဗီဇာ) တို့ဖြစ်ပါတယ်။
ဒါ့အပြင် F-Visa ( နေထိုင်ခွင့်ဗီဇာ )နဲ့ G1- Visa (ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ဗီဇာ) တွေလည်းရှိပါတယ်။ ဒါပေမဲ့ ဗီဇာအမျိုးအစားတစ်ခုချင်းစီအလိုက် မူကွဲအများကြီး ရှိပါသေးတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောင်ကိုရီးယားရောက် အလုပ်သမားတွေ ဒါမှမဟုတ် စစ်အာဏာသိမ်းဆန့်ကျင်သူတွေ ဟာ G1- Visa ဒါမှမဟုတ် G1-99 ဗီဇာနဲ့ ခေတ္တခိုလှုံခွင့် တောင်းခံကြပါတယ်။
''G1 က နိုင်ငံရေးနဲ့ ပတ်သက်ပြီးလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်ဆိုတာ ခိုင်ခိုင်မာမာပြနိုင်ရင် သက်သေအခိုင်မာနဲ့ တင်ပြပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံနိုင်တာမျိုးပါ'' လို့ တောင်ကိုရီးယားမှာ နေထိုင်နေတဲ့ ကိုဝေဖြိုးဟန်က ပြောပါတယ်။
G1-99 ဗီဇာအမျိုးအစားကတော့ ၂၀၂၁ နောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေအတွက် သီးခြားစဥ်းစားပေးချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကို ပြန်ရတာခက်ခဲတဲ့အချိန် ခေတ္တနေထိုင်ခွင့်ပေးတဲ့ ဗီဇာဖြစ်ပြီး ၆ လစီ သက်တမ်းတိုးနေရပါတယ်။
''အလုပ်မှာ သက်တမ်းကုန်တာဖြစ်ဖြစ်၊ သူဌေးက ထွက်စာမပေးတာဖြစ်ဖြစ် ဆက်မလုပ်ချင်ဘူး အလုပ်ထွက်မယ်၊ ဒါပေမဲ့ မြန်မာကိုမပြန်ချင်သေးဘူး၊ သက်တမ်းလွန်နေတာမျိုးလည်းမဖြစ်ချင်ဘူးဆိုတဲ့သူတွေက ကိုရိးယားမှာ ခိုလှုံခွင့်တောင်းတဲ့ ဗီဇာပါ။ G1-99 က နိုင်ငံရေးပြန်ကောင်းရင် အကျုံးမဝင်ပါဘူး'' လို့ ကိုဝေဖြိုးဟန်က ရှင်းပြပါတယ်။
အီဂျေမြောင်ဟာ မြန်မာစစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့သလို တောင်ကိုရီးယားမှာ တိမ်းရှောင်ခိုလှုံရသူတွေနဲ့ ကိုရီးယားရောက်မြန်မာအရေးလှုပ်ရှားသူတွေကိုလည်း တစိုက်မတ်မတ်ထောက်ခံအားပေးသူဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာကတည်းက သူ့ကို ကိုရီးယားရောက် မြန်မာတွေက သမ္မတဖြစ်စေချင်ခဲ့ပေမဲ့ သမ္မတဟောင်း ယွန်းဆွတ်ယိုကို ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၄ ဒီဇင်ဘာမှာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြီး စစ်တပ်အုပ်ချုပ်မှုအောက်ရောက်အောင် ကြိုးပမ်းတယ်ဆိုပြီး သမ္မတဟောင်း ယွန်းဆွတ်ယိုပြုတ်ကျပြီးတဲ့နောက် ၆ လ အကြာမှာ အီဂျယ်မြောင် သမ္မတဖြစ်လာခဲ့တာပါ။
ကိုရီးယားက အထည်လိပ်လုပ်ငန်းတစ်ခုမှာလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ကိုစိုးမိုးအောင်ရဲ့ အမြင်က သမ္မတသစ်ကြောင့် အလုပ်အကိုင်တွေ ပိုကောင်းလာဖို့ မျှော်လင့်နေပါတယ်။
ယိုယွင်းနေတဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေးကို သမ္မတသစ်က နလန်ပြန်ထူနိုင်မှသာ အလုပ်အကိုင်တွေပေါများလာပြီး မြန်မာနိုင်ငံသားတွေ အတွက်ပါ အလုပ်အကိုင်တွေအဆင်ပြေမယ်လို့ သူက ဆိုပါတယ်။
''တောင်ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင်တွေက အရင်ကထက် ပိုရှားလာတယ်။ အခု သမ္မတသစ်က ဒီပြဿနာကို အရင်ဖြေရှင်းဖို့ မျှော်လင့်တာပေါ့။ သူတို့နိုင်ငံသားတွေတောင် အလုပ်ရှားတယ်ဆိုရင် ကျွန်တော်တို့လို နိုင်ငံခြားသားက ပိုရှားတယ်။ သူတို့ အလုပ်အကိုင်စီးပွားရေးကောင်းမှ ကျွန်တော်တို့လည်း ဒီမှာနေရတာအဆင်ပြေမယ်'' လို့ ကိုစိုးမိုးအောင် ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG Korea
တောင်ကိုရီးယားမှာ ၂၀၁၈ ခုနှစ်ကတည်းကရောက်နေတဲ့ မဟန်နီကတော့ သမ္မတသစ်ကြောင့် ယာယီခိုလှုံခွင့် ဗီဇာ ယူထားတဲ့သူတွေအတွက် မျှော်လင့်ချက်ကောင်းတယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါ့အပြင် သမ္မတသစ်ဟာ စီးပွားရေးနာလန်ထူနိုင်ရေးလုပ်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။
ရွေးကောက်ပွဲမဲဆွယ်ကာလမှာ အီဂျေမြောင်က ''ကိုရီးယားနိုင်ငံအသစ် ပြန်လည်မွေးဖွားလာရမယ်''ဆိုတာကို တွင်တွင်ပြောခဲ့တာကြောင့် မဟန်နီက ယုံကြည်နေတာပါ။
သူက ကိုရီးယားမှာ တက္ကသိုလ်တက်ခဲ့ပြီး လက်ရှိမှာ ဆိုးမြို့လ်က စားသောက်ဆိုင်ကြီး တစ်ဆိုင်မှာ စားဖိုမှူးလုပ်နေတဲ့ အသက် ၃၀ ဝန်းကျင် မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
သူ့ခင်ပွန်းကလည်း EPS လို့ခေါ်တဲ့ နိုင်ငံခြားသားအလုပ်သမားခေါ်ယူတဲ့စနစ်နဲ့ ရောက်နေပြီး လက်ရှိမှာ အလုပ်အကိုင် ရှာဖွေနေပါတယ်။
''လူဦးရေနည်းတဲ့ ဒေသတွေအတွက် နိုင်ငံခြားသားလုပ်သားတွေကို အစားထိုးမယ်ဆိုတော့ ဗီဇာအမျိုးမျိုးနဲ့ ရောက်လာနေတဲ့ မြန်မာတွေအတွက် သမ္မတသစ်လက်ထက်မှာ ဗီဇာစည်းကမ်းတွေဖြေလျှော့ပြီး အလုပ်အကိုင်အခွင့် အလမ်းတွေရဖို့ မျှော်လင့်ပါတယ်'' လို့ မဟန်နီက ဆိုပါတယ်။
တောင်ကိုရီးယားမှာ မြန်မာနဲ့ တောင်ကိုရီးယား အစိုးရချင်း သဘောတူထားတဲ့ အမှတ်ပေးစနစ်နဲ့ အလုပ်ခန့်တဲ့စနစ် (Recruitment Point System - EPS)နဲ့ အလုပ်လုပ်ကိုင်သူက အများဆုံးဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း EPS စနစ်နဲ့ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်တဲ့မြန်မာနိုင်ငံသား ၆၅၀,၀၀၀ ကျော် ရှိနေပါတယ်။
အဲဒီအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကျော်လောက်ဟာ ဗီဇာသက်တမ်းကျော်လွန်ပြီး တရားမဝင်နေထိုင်သူတွေ ဖြစ်နေတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
တောင်ကိုရီးယားပြင်ပ တောင်ကိုရီးယား-မြန်မာဆက်ဆံရေးမှာတော့ သမ္မတသစ်အနေနဲ့ မြန်မာအာဏာသိမ်းစစ်တပ်နဲ့ အဆက်အဆံမလုပ်တာ ဒါမှမဟုတ် မြန်မာ့အရေးဖြေရှင်းရေးနဲ့ပတ်သက်ရင် တောင်ကိုရီးယားကလည်း မြန်မာစစ်တပ်ကို ထိထိရောက်ရောက် ဖိအားပေးစေလိုတာမျိုးကို တော်လှန်ရေးအင်အားစုတွေဘက်က လိုလားကြပါတယ်။
ဒါပေမဲ့ အီဂျေမြောင်ရဲ့ နိုင်ငံခြားရေးမူဝါဒက ခန့်မှန်းရခက်တဲ့အထိ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။
သမ္မတသစ်က မြန်မာစစ်တပ်အပေါ် ဘယ်လိုသဘောထားရှိခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Oh TV
အီဂျေမြောင်ဟာ ၂၀၂၁ မြန်မာက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သလို မြန်မာစစ်တပ်က ပြည်သူတွေကို လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်နေတာကို လုံးဝလက်သင့်မခံနိုင်ဘူးလို့ အဲဒီကာလတုန်းက ရုပ်သံဖိုင်နဲ့ တကွ ပြောခဲ့ဖူးပါတယ်။
''နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ရှိနေတဲ့အကြောင်းရင်းက တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက်ဖြစ်တယ်'' လို့ အီဂျေမြောင်က ပြောခဲ့ဖူးပါတယ်။
မြန်မာပြည်သူတွေ စိတ်နှလုံးမချမ်းမြေ့ဘဲ နာကျင်ခံစားနေရမှာကိုသိပေမဲ့ မျှော်လင့်ချက်နဲ့ ရဲစွမ်းသတ္တိကို မစွန့်လွှတ်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ နွေဦးတော်လှန်ရေးကို ထောက်ခံတယ်လို့ လက်သုံးချောင်ထောင်ပြီး ပြောခဲ့တာကို အဲဒီရုပ်သံဖိုင်မှာတွေ့ရပါတယ်။
ဒီရုပ်သံဖိုင်နဲ့ မက်ဆေ့ချ်ကို ၂၀၂၁ ခုနှစ်တုန်းက တောင်ကိုရီးယားရောက်မြန်မာကျောင်းသားတွေစီစဥ်တဲ့ 'မြန်မာနွေဦးတော်လှန်ရေး'အမည်နဲ့ အခမ်းအနားကို သူက ပေးပို့ခဲ့တာပါ။
သမ္မတ အီဂျယ်မြောင်ဟာ ၁၉၈၈ လွန် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ခံအားပေးခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ကင်မ်ဒေးဂျုံ လို နောက်ထပ်သမ္မတတစ်ဦးကို ရလိုက်တာလို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးတာဝန်ခံ ဦးရန်နိုင်ထွန်းက ဘီဘီစီကို မှတ်ချက်ပြုပါတယ်။
''အရင်ကလိုတော့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ရှေ့ဆုံးကနေ သူ တက်ကြွစွာပါဝင်နိုင်မှု အားနည်းကောင်းနည်းနိုင်ပေမဲ့ သူလုပ်ပေးနိုင်သမျှ အစွမ်းကုန်လုပ်ပေးမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်''
''သမ္မတဟောင်း ကင်မ်ဒေးဂျုံဟာ နိုဘယ်ဆုရရှိခဲ့တဲ့ သမ္မတကြီးဖြစ်ပါတယ်။ သူဆိုရင် မြန်မာ့ဒီမိုကရေစီအရေးကို တောက်လျှောက်ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အခုလည်း ကိုရီးယားနိုင်ငံမှာ ဒီမိုကရေစီဘက်တော်သား သမ္မတတစ်ဦးရရှိလိုက်တာပါ'' လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။
ဒါအပြင် အီဂျေမြောင် အတိုက်အခံဘဝတုန်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့တယ်လို့ ဦးရန်နိုင်ထွန်းက ဆက်ပြောပါတယ်။
''ဒေါ်အောင်ဆန်းစုကြည် ကျန်းမာဖို့လိုတယ်ဆိုတာနဲ့ သူရှိမှသာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့အနေအထားရှိမယ်လို့ သူမြင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ လွတ်မြောက်အောင်အတွက်လည်း တောင်းဆိုသွားမယ့်အကြောင်း ပြောခဲ့ပါတယ်။''
ပြီးခဲ့တဲ့ အစိုးရလက်ထက်က တောင်ကိုရီးယားနိုင်ငံတွင်းရှိနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေကို နေထိုင်ခွင့်သက်တမ်းတွေကုန်သွားလည်း မြန်မာကို ပြန်မပို့ဖို့ နဲ့ မြန်မာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ချိန်အထိ နေထိုင်ခွင့်ပေးဖို့ ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်ကို သမ္မတအိမ်ပြာတော်က ထုတ်ပေးခဲ့ပါတယ်။
အခု သမ္မတသစ်လက်ထက်မှာလည်း ဒီအမိန့် ဆက်ရှိစေချင်သလို NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကို အီဂျေမြောင် အစိုးရသစ်က တရားဝင်ဆက်ဆံမှုမျိုးတွေရှိဖို့ တောင်ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းက လိုလားနေပါတယ်။
ဒါပေမဲ့ ကသောင်းကနင်းဖြစ်နေတဲ့ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကာလမှာ အီဂျေမြောင်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ထင်ရှားမြင်သာခဲ့တဲ့ အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။
ဒါကြောင့် နိုင်ငံရေးရေချိန်မြင့်တဲ့ လူထုအလွှာက မဲဆန္ဒရှင်တွေနဲ့ သံတမန်တွေက သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိခဲ့ပါတယ်။
ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အီဂျေမြောင်ဟာ နိုင်ငံခြားရေးမူဝါဒကိုပြောင်းလဲခဲ့ပါတယ်။ သူရဲ့ ဒီမိုကရက်တစ်ပါတီကတော့ အမေရိကန်နဲ့ဆက်ဆံရေးပိုတိုးမြှင့်ပြီး ကိုရီးယားရဲ့ လုံခြုံရေးကို အာရုံစိုက်စေချင်ပါတယ်။ အထူးသဖြင့် တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားတို့နဲ့အလေးပေးတဲ့ဆက်ဆံရေးကို သတိရှိစေလိုပါတယ်။
ဒါပေမဲ့ အီဂျေမြောင်ရဲ့ ရွေးကောက်ပွဲကာလပြောဆိုချက်တွေကိုကြည့်ရင် လုံခြုံတဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်းနဲ့ အခြေအနေနဲ့ လိုက်လျောညီထွေအောင်လုပ်နိုင်သူ "လက်တွေ့ကျသူ" အဖြစ် သူ့ကို သရုပ်ဖော်နိုင်ခဲ့ပါတယ်။
"ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးရဲ့ အဓိကကျောရိုးက အမေရိကန်-ကိုရီးယား မဟာမိတ်ပဲ ဖြစ်ပါတယ်။ အဲဒီဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင်နဲ့ အားကောင်းအောင်လုပ်သင့်တာပါ" လို့ ရွေးကောက်ပွဲနောက်ဆုံးပတ်က တီဗီအင်တာဗျူးတစ်ခုမှာ သူကပြောထားပါတယ်။
သမ္မတသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတ အီဂျေမြောင်ဟာ အစိုးရအဖွဲ့ဝင်သစ်တွေကိုခန့်အပ်ထားပြီးဖြစ်ပေမဲ့ နိုင်ငံခြားရေးဝန်ကြီးကို မကြေညာသေးသလို နိုင်ငံခြားရေးမူဝါဒကိုလည်း တရားဝင်ထုတ်မပြောသေးဘူးလို့ ဘီဘီစီကိုရီးယားဌာနက ပြောပါတယ်။
ဒါပေမဲ့ အီဂျေမြောင်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အများကြီးပြောင်းလဲသွားမှာမဟုတ်သလို မြန်မာ့အရေးကိုလည်း ဆက်လက်ထောက်ခံဖွယ်ရှိတယ်လို့ မျှော်လင့်ရကြောင်း ဘီဘီစီကိုရီးယားဌာနက အကြီးတန်းသတင်းထောက် ကင်မ်ရှုံဂျင်းက မှတ်ချက်ပြုပါတယ်။
တစ်ဖက်မှာလည်း အခုသမ္မတသစ်ဟာ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားတို့နဲ့ ပိုရင်းနှီးတဲ့ဆက်ဆံရေးရှိထားပါတယ်။ ဒီမိုကရေစီစနစ်ကို သူကထောက်ခံရင်တောင်မှ ရှုပ်ထွေးနေတဲ့ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းက သူ့ရဲ့ ရပ်တည်မှုအပေါ် သက်ရောက်လွှမ်းမိုးမှုရှိနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။
သူ အတိုက်အခံဘဝ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်နဲ့ ရှိစဥ်တုန်းက NUG နဲ့ထိတွေ့ဆက်ဆံခဲ့ပေမဲ့ သမ္မတဖြစ်လာတဲ့အခါ မြန်မာ့ဒီမိုကရေစီအရေးကိုထောက်ခံချင်တယ်ဆိုရင်တောင် တရုတ်နိုင်ငံက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စဥ်းစားရမှာပါ လို့ ဘီဘီစီကိုရီးယားဌာနက အကြီးတန်းသတင်းထောက် ကင်မ်ရှုံဂျင်းက သုံးသပ်ပါတယ်။
သမ္မတဟောင်း ယွန်းရဲ့ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှု နောက်ဆက်တွဲ အမြင်ကွဲပြားမှုတွေနဲ့ နိုင်ငံရေးအနိမ့်အမြင့် အတက်အကျတွေဟာ သမ္မတသစ်အတွက် ရှေ့ခရီးမှာ စိန်ခေါ် ချက်တွေဖြစ်နေပါတယ်။
သူ့အတွက် အဓိက စိန်ခေါ်ချက်ကတော့ အမြင်သဘောထားရပ်တည်ချက်ကွဲပြားနေတဲ့ နိုင်ငံကို ရင်ကြားစေ့နိုင်ရေး ဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပမှာလည်း သူ့အတွက် စိန်ခေါ် ချက်က မသေးပါဘူး။
အဲဒီထဲက တစ်ခုကတော့ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ချမှတ်ထားတဲ့ အခွန်တိုးကောက်မှုကို လျော့သွားအောင် လုပ်ဖို့ ဖြစ်ပါတယ်။
အမေရိကန်ဟာ တောင်ကိုရီးယားအတွက် အရေးပါတဲ့ ကုန်သွယ်မဟာမိတ်ဖြစ်သလို၊ လုံခြုံရေးမဟာမိတ်ဖြစ်တာကြောင့် နိုင်ငံ့စီးပွားရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေဟာ ချိတ်ဆက်နေပါတယ်။
ဖရိုဖရဲဖြစ်နေတဲ့ နိုင်ငံကို နာလန်ပြန်ထူရမယ့် သမ္မတသစ်အတွက် သူ့ နိုင်ငံရဲ့ ပြဿနာတွေက ဆီးကြိုနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ သမ္မတသစ်ဖြစ်လာတဲ့ အီဂျေမြောင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်လက်အောက်မှာရုန်းကန်နေရတဲ့ မြန်မာနိုင်ငံသားတွေကို သမ္မတသစ်က ကိုယ်ချင်းစာပြီး နားလည်ထောက်ခံမယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။
''တက်လာတဲ့သမ္မတသစ်က NUG တောင်ကိုရီးယားရုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသလို လူသိရှင်ကြား လက်သုံးချောင်းထောင်ပြီး မြန်မာ့နွေဦး တော်လှန်ရေးကိုထောက်ခံခဲ့တဲ့ခေါင်းဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် NUG နဲ့ဆက်ဆံရေးပိုကောင်းလာနိုင်တဲ့အနေအထားရှိတယ်လို့ မျှော်လင့်ပါတယ်'' လို့ ဒေါ်ဇင်မာအောင် ကပြောပါတယ်။
ဒါပေမဲ့ အတိုက်အခံကာလဆက်ဆံရေးနဲ့ အစိုးရပိုင်းတာဝန်ယူချိန် ဆောင်ရွက်ဆက်ဆံရတဲ့ အခြေအနေတွေမှာ ကွာဟချက်တွေရှိလာနိုင်တာကိုလည်း ဒေါ်ဇင်မာအောင် က ကြိုတင်တွက်ချက် ထားပါတယ်။











