စပိန် အမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့ဖလားဆွတ်ခူး သတင်း နဲ့ သြဂုတ်လ ၂၀ ရက် ညပိုင်းနိုင်ငံတကာ သတင်းတွေ

အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးဖိုင်နယ်ပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲသွားပါတယ်။

သြစ‌တြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ ဒီနောက်ဆုံးဗိုလ်လုပွဲဟာ အကြိတ်အနယ် ရှိလှပြီး စပိန်တို့က ပထမပိုင်းကတည်းက ဂိုးရထားတာပါ၊ ဒုတိယပိုင်းမှာ အင်္ဂလန်အသင်းက ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။

စပိန်အသင်းဘက်က ဒုတိယပိုင်းမှာ ပယ်နယ်တီ တလုံးရခဲ့ပေမယ့် အင်္ဂလန်ဂိုးသမား က ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီဖိုင်နယ်ပွဲ တီဗီက တိုက်ရိုက်ထုတ်လွှင့်ပြသတာကို ကမ္ဘာတလွှားက သန်းရာနဲ့ချီတဲ့ ပရိသတ်တွေ ကြည့်ရှုခဲ့ကြပါတယ်။

ဒီတကြိမ် ကမ္ဘာ့ဖလားပွဲကို နယူးဇီလန်နဲ့ သြစတြေးလျတို့က အိမ်ရှင်နိုင်ငံတွေအဖြစ် ပူးတွဲလက်ခံကျင်းပခဲ့တာပါ။

ရုရှားရဲ့ လဆင်းယာဉ်ငယ် ပျက်စီးသွား

လကိုသွားဖို့ ရုရှားက လွှတ်တင်ခဲ့တဲ့ လူနာ ၂၅ (Luna 25) အာကာသယာဉ် လကို အဆင်းမှာ ပျက်ကျခဲ့တဲ့နောက် လကို သူတို့ သွားတဲ့ ပထမဆုံး ခရီးစဉ် မအောင်မြင်ဘူးလို့ ရုရှား အာကာသ အေဂျင်စီက ပြောပါတယ်။

လဆင်းယာဉ်ဟာ လ မျက်နှာပြင်နဲ့ တိုက်မိပြီး ပျက်စီးသွားတယ်လို့ ရော့စ်ကော့စ်မော့စ် က ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

လရဲ့ တောင်ဝင်ရိုးစွန်းဘက်မှာ သူတို့ရဲ့ လူမပါတဲ့ အာကသယာဉ်ငယ် ညင်ညင် သာသာ ဆင်းသက်နိုင်ဖို့ သူတို့ မျှော်လင့်ခဲ့ကြပါတယ်။

အိန္ဒိယကလည်း လကိုဆင်းဖို့ လူမပါတဲ့ အာကသယာဉ်ငယ်တစီးကို လွှတ်တင် ထားပြီး ဗုဒ္ဓဟူး‌နေ့မှာ လရဲ့ အဲဒီ တောင်ဝင်းရိုးစွန်း နေရာဘက်မှာပဲ ဆင်းသက်နိုင်ဖို့ ကြံရွယ်ထားပါတယ်။

ဖူကူရှီးမား ရေဒီယိုသတ္တိကြွရေတွေ ပင်လယ်ထဲစွန့်ပစ်မယ့်ရက် မသတ်မှတ်ရသေး

ရေဒီယို သတ္တိကြွရေတွေကို ဖူကူရှီးမား နျူကလီယား ဓာတ်ပေါင်းဖိုကနေ ပင်လယ်ထဲကို စွန့်ထုတ်ဖို့ လုပ်မယ့် လုပ်ငန်းမတိုင်မီ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အဲဒီဓာတ်ပေါင်းဖို စက်ရုံဝင်းဆီကို သွားရောက်ခဲ့ပါတယ်။

အငြင်းပွားစရာဖြစ်နေတဲ့ အဲဒီ စွန့်ပစ်မှုလုပ်မယ့် နေ့စွဲကို အပြီးမသတ်မှတ် ရသေး ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

တနင်းလာနေ့မှာ ငါးဖမ်းလုပ်ငန်းက ကိုယ်စားလှယ်တွေနဲ့ သူ တွေ့ဆုံဖို့ရှိပြီး အင်္ဂါနေ့မှာတော့ ဘယ်နေ့ ဒီရေတွေ စွန့်ထုတ်မလဲဆိုတဲ့ ဆိုတာကို သတ်မှတ်ဖို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံမှာပါ။

၂၀၁၁ ခုနှစ်မှာ ဓာတ်ပေါင်းဖို ဆူနာမီ ဒဏ်ခံရလို့ ပျက်စီးနေတုန်း ရေတွေကိုသုံးကာ ဓာတ်ပေါင်းဖို့ အေးသွားအောင် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အဲဒီ ညစ်ညမ်းရေတွေကို သိုလှောင် ထားခဲ့တာပါ။

ထိုင်ဝမ်ကျွန်းဟာ တရုတ်ရဲ့ အစိတ်အပိုင်းမဟုတ်ဘူး လို့ ထုတ်ပြန်

ထိုင်ဝမ် မှာ နောက်လာမယ့် သမ္မတနေရာကို ရမယ့်လူလို့ လူထုစစ်တမ်းတွေမှာ ဖော်ပြနေတဲ့သူက ထိုင်ဝမ်ကျွန်းဟာ တရုတ်ရဲ့ အစိတ်အပိုင်းမဟုတ်ဘူးဆိုတာကို ထပ်ပြီး ပြောလိုက်ပါတယ်။

ထိုင်ဝမ်အနားမှာ တရုတ်က စစ်ရေးလေ့ကျင့်မှု အကြီးအမားတခု စတင်လိုက်ပြီး သိပ်မကြာခင်မှာပဲ မစ္စတာ ဝီလျံ လိုင်းရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာပါတယ်။

သူတို့ဘာသာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိနေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်အစိုးရကသူတို့ ကိုယ်ပိုင်နယ်မြေအဖြစ်သဘောထားထားပြီး အင်အားသုံးပြီး ပြန်ယူဖို့ ခြိမ်းခြောက် ထားပါတယ်။

ထိုင်ဝမ်မှာ သမ္မတရွေးကောက်ပွဲကို လာမယ့် ဇန်နဝါရီလမှာ ကျင်းပဖို့ ရှိပါတယ်။

လက်ရှိမှာ ထိုင်ဝမ်ဒုတိယ သမ္မတဖြစ်တဲ့ မစ္စတာလိုင်းက သမ္မတ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ စနစ်နဲ့ အာဏာရှင် စနစ်အကြား ရွေးချယ်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။