ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ မီးလောင်မှု - လူပေါင်း ၇၀ ကျော်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်အာဖရိနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့လယ်က အဆောက်အအုံတစ်ခုမှာ မီးလောင်မှုဖြစ်ခဲ့တာကြောင့် သေဆုံးသူ ၇၀ ကျော်လာပြီဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
မီးဟာ ၅ ထပ်အဆောက်အအုံတစ်လုံးမှာ ဒေသစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
အဆောက်အအုံဘာကြောင့် မီးလောင်ခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေကတော့ အဲဒီအဆောက်အအုံထဲမှာနေထိုင်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ အဲဒီအဆောက်အအုံထဲမှာ နေထိုင်သူအများစုဟာ အာဖရိကရွှေ့ပြောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၇၃ ဦးအထိတိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မီးလောင်မှုမှာ သေဆုံးသူအရေအတွက်ဟာ အခုဆိုရင် ၇၃ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ မြို့အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။
နောက်ထပ် လူပေါင်း ၅၂ ဦးလည်း ဒဏ်ရာရခဲ့ပြီး အများစုဟာ ပြတင်းပေါက်တွေကနေ ခုန်ချခဲ့ကြရလို့ ရတဲ့ ကျောဘက်မှာ ဒဏ်ရာအများစုရထားတယ်လို့ သိရပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေတော့ ဆက်လုပ်နေဆဲဖြစ်ပါတယ်။
သေဆုံးသူအများစု နာမည်ဖော်ဖို့ခက်နေ
(အောက်မှာဖော်ပြထားတဲ့စကားလုံးတွေဟာ စာဖတ်သူအချို့အတွက် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်)
မီးလောင်မှုမှာ သေဆုံးခဲ့သူအများစုဟာ ရုပ်ပျက်တဲ့အထိ မီးလောင်ခဲ့တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ နာမည်ဖော်ဖို့ ခက်နေတယ်လို့ တောင်အာဖရိကရဲ့ Newzroom Afrika က သတင်းဖော်ပြပါတယ်။
''အဆောက်အအုံထဲကနေ ပြန်လည်သယ်ထုတ်ထားနိုင်တဲ့ရုပ်အလောင်းတွေဟာ နာမည်ဖော်ဖို့ ခက်နေပါတယ်။ ဒီအလောင်းတွေဟာ မီးလောင်ချိန် မီးတဲ့တိုက်ရိုက်ထိတွေ့ထားတဲ့အလောင်းတွေဖြစ်နိုင်ပါတယ်''
''အခုတော့ မိသားစုတွေအနေနဲ့ ကိုယ့်သွေးသားရင်းတွေလို့ သိနိုင်မယ့် လက္ခဏာတစ်ခုခုကိုရှာပြီး အလောင်းပိုင်ရှင်ပေါ်အောင်လုပ်ရမယ့် အခြေအနေမှာရှိပါတယ်'' လို့ သတင်းထောက် Ayanda Nyathi က ပြောပါတယ်။
သေဆုံးသူ ၆၃ ဦးရှိပြီ
ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ အရေးပေါ် စီမံခန့်ခွဲရေးဌာန အပြောအရ မီးလောင်မှုအတွင်းသေဆုံးသူအရေအတွကဟာ ၆၃ ဦးအထိမြင့်တက်လာပါတယ်။
မြို့စည်ပင်သာယာရေးလူမှုကွန်ရက်စာမျက်နှာမှာတော့ ''ရှာဖွေကယ်ဆယ်ရေး'' ဆက်လုပ်နေတယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
''ကျွန်မသမီးလေး သေလား ရှင်လား မသိသေးဘူး''

ဓာတ်ပုံ ရင်းမြစ်, Reuters
မျက်ရည်အပြည့်နဲ့ မိခင်တစ်ယောက်ဖြစ်တဲ့ ထရေရှာလီ ရှုပင်ဟာ မီးလောင်ခဲ့တဲ့တိုက်ခန်းတွဲအပြင်ဘက်မှာ အသက် ၂၄ နှစ်အရွယ်သမီးဖြစ်သူကို ရှာနေပါတယ်။
''အဆောက်အအုံမီးလောင်သွားပြီဆိုတာ ကြားကြားချင်း ဒီကိုလာပြီး သမီးကို လာရှာနေခဲ့တာ'' လို့ သူက သတင်းထောက်တွေကိုပြောပါတယ်။
''အခု ကျွန်မ ဒီလည်းရောက်ရော ဘာတွေဖြစ်နေလဲဆိုတာတောင် မသိနိုင်တော့ဘူး။ ဆောက်တည်ရာမရဖြစ်လို့ သောကတွေ ပွေနေရပါတယ်။ သမီးလေးများ အသက်ရှိသေးရဲ့လားဆိုတာလည်း မပြောတတ်တော့ပါဘူး''
လူတွေပြည့်ကျပ်နေတယ်လို့ပြောနေကြတဲ့ ဒီအဆောက်အအုံအခြေအနေကိုမေးကြည့်တဲ့အခါမှာတော့ သူက ''အဆောက်အအုံက ယိုယွင်းနေပါပြီ။ လူတစ်ယောက်နေလို့ရတဲ့နေရာတောင် မဟုတ်တော့ပါဘူး။ ဒါကြောင့်လည်း ကျွန်မ သမီးဖြစ်သူကို အိမ်ကို ပြန်ခေါ်ဖို့ လာခဲ့တာ'' လို့ပြောပါတယ်။
မီးလောင်တဲ့အဆောက်အအုံကို မြို့ကောင်စီက ပိုင်ဆိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မီးလောင်တဲ့နေရာအနီးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ အာဏာပိုင်တွေ အဲဒီအဆောက်အအုံဟာ မြို့ပိုင်အဆောက်အအုံလို့ ဆိုပါတယ်။
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုကို ငှားရမ်းထားတာဖြစ်ပါတယ်။
အရာရှိတွေကတော့ ဆင်းရဲနွမ်းပါးသူတွေနဲ့ပြည့်ကြပ်ပြီးနေထိုင်တဲ့ အခုလိုအဆောက်အအုံကို ပစ်မှတ်ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေကို အပြစ်တင်ပါတယ်။
အခုဖြစ်ရပ်ကို မြို့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူမလားဆိုတဲ့မေးခွန်းကိုတော့ မြို့တော်ဝန်က မြို့ကောင်စီဟာ အခုလို အဆောက်အအုံတွေလို ပြဿနာကို ဖြေရှင်းနေရပြီး မြို့ရဲ့ အခြားနေရာတွေမှာတော့ ဖြေရှင်းပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ပြည်နယ်အဆင့်အိုးအိမ်နေရာချထားပေးရေး တာဝန်ရှိသူ လီဘိုဂန် မိုင်လ်ကတော့ အခုနေရာတဝိုက်မှာ လူပေါင်း ၁.၂ သန်းနီးပါးဟာ နေထိုင်စရာ ပြဿနာအခက်အခဲကို ကြုံတွေ့နေရတယ်လို့ပြောပါတယ်။
အထောက်အထားမဲ့ရွှေ့ပြောင်းတွေအများစုနေထိုင်နေတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုမီးလောင်တဲ့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့နယ်လယ်က အဆောက်အအုံမှာနေထိုင်သူအများစုဟာ ရွှေ့ပြောင်းနေထိုင်သူအများစုဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြပါတယ်။
သတင်းတွေမှာတော့ အဆောက်အအုံရှိတဲ့အဲဒီနေရာဟာ မြို့တွင်းပိုင်းအရပ်နဲ့နီးပြီး တရားမဝင်ရွှေ့ပြောင်းတွေက အဆောက်အအုံတွေကို တရားမဝင် ဝင်ရောက်နေထိုင်ကြတာကြောင့် ''ပြန်ပေးဆွဲခံ'' အဆောက်အုံတွေ ရှိတယ်လို့ မကောင်းသတင်းကျော်ဇောတဲ့နေရာဖြစ်ပါတယ်။
မီးလောင်မှုနဲ့အတူ မီးမှာသေဆုံးကြသူတွေနဲ့ ရှင်ကျန်ရစ်သူတွေကိုအပေါ် ဝေဖန်ပြောဆိုနေတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ပြောဆိုရေးသားမှုတွေကို တောင်အာဖရိကနိုင်ငံသားအများစုက လူမှုကွန်ရက်ကနေ ရှုတ်ချပြောဆိုနေကြပါတယ်။
(ဒီမီးလောင်မှုအကြောင်းနောက်ဆုံးရသတင်းအချက်အလက်တွေကို ဒီစာမျက်နှာမှာဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်)








