ယူကရိန်းကို စစ်ရေးပိုထောက်ပံ့ဖို့ အမေရိကန်ပြော - ဧပြီ ၂၁ ညနေခင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ဂျာမနီမှာ ပြုလုပ်တဲ့ အစည်းအဝေးတခု ယူကရိန်းကို စစ်ရေး ပိုမိုထောက်ပံ့ပေးဖို့ ကိစ္စ အလေးထား ပြောကြားခဲ့ပါတယ်။
နိုင်ငံပေါင်း ၅ဝ က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ယူကရိန်းကို အမေရိကန်က ဒေါ်လာ ၃၅ ဘီလီယံကျော် လက်နက်အထောက်အပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုနောက်ဆုံး ကူညီထောက်ပံ့တဲ့အထဲမှာ ဟိုင်းမားစ် ဒုံးလက်နက်တွေ ၊ တာဝေးပစ် လက်နက်တွေနဲ့ တင့်ကားဖျက် လက်နက်တွေ ပါဝင်တာ ဖြစ်ပြီး အမေရိကန် အနေနဲ့ ယူကရိန်းစစ်ပွဲ တလျှောက် ကူညီထောက်ပံ့သွားမယ်လို့ သူက ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ အမေရိကန် ပါဝင်မှုနဲ့ ပတ်သက်လို့ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် မဟာမိတ်နိုင်ငံတွေဘက်က ယုံကြည်မှုရအောင် မစ္စတာ အော်စတင်က ကြိုးစားတာလည်း ဖြစ်ပါတယ်။
အမေရိကန် အနေနဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို လေးလေးနက်နက် တန်ဖိုးထားပြီး ဘယ်တော့မှ စိတ်ဝမ်းကွဲပြားအောင် လုပ်မှာမဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန် ဒုဝန်ကြီးချုပ် ဒိုမနစ်ရာ့ဘ် ရာထူးက နုတ်ထွက် သွားပါတယ်။
ဝန်ထမ်းတွေကို အနိုင်ကျင့်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ထိပ်တန်းရှေ့နေတစ်ဦး ဦးဆောင် စုံစမ်းစစ်ဆေးနေမှုကနေ အစီရင်ခံစာ ထွက်လာအပြီး ဒုဝန်ကြီးချုပ် ဒေါမနစ် ရာ့ဘ် ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင် လက်ထက် တရားရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဝန်ကြီးချုပ်ဟောင်း ထရီစာ မေ လက်ထက် အီးယူ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နှုတ်ထွက်ရေးဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက ဒေါမနစ် ရာ့ဘ်ဟာ သူ့လက်အောက်က ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်မှုတွေ ရှိခဲ့တယ်လို့ ဝန်ထမ်း အနည်းဆုံး ၂၄ ဦးက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီဝန်ထမ်းတွေရဲ့ တရားဝင် တိုင်ကြားစာ ၈ စောင်ကို ထိပ်တန်း ရှေ့နေ တော်လီ ကေစီ က ဦးဆောင်စုံစမ်းစစ်ဆေးခဲ့အပြီး အစီရင်ခံစာကို ဝန်ကြီးချုပ် ရီရှီ ဆူးနက်ကို ပေးအပ်ခဲ့အပြီး တစ်ရက်အကြာမှာ ဒေါမနစ် ရာ့ဘ် ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒေါမနစ် ရာ့ဘ်ကတော့ ဒီစွပ်စွဲချက်တွေကို စဉ်ဆက်မပြတ် ငြင်းဆိုခဲ့ပြီး အစီရင်ခံစာ တွေ့ရှိချက်ထဲမှာ သူ့အပေါ်စွပ်စွဲချက် တွေထဲမှာ နှစ်ခုကလွဲလို့ ကျန်တာအားလုံးကို ပယ်ချခဲ့တယ်လို့ ဖော်ပြထားကြောင်း ဒေါမနစ် ရာ့ဘ်က သူ့ရဲ့ နုတ်ထွက်စာထဲမှာ ရေးထားပါတယ်။
ကေပေ့ါစတား မွန်ဘင်း သေဆုံးပြီးနောက် အနုပညာရှင်တွေ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုကို လူအများအာရုံစိုက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားမှာ ကေပေါ့ပ်စတား မွန်ဘင်းကွယ်လွန်သွားတဲ့အတွက် ကမ္ဘာတလွှား တုန်လှုပ်ခဲ့ကြပြီးနောက် ဖျော်ဖြေရေးသမား အနုပညာရှင်တွေ ရင်ဆိုင်နေရတဲ့ဖိအားအပေါ် အာရုံစိုက်လာကြပါတယ်။
သူဟာ အမျိုးသားဂီတအဖွဲ့ Astro က အဆိုတော်၊ မင်းသားနဲ့ မော်ဒယ်လုပ်ငန်းနဲ့ အသက်မွေးသူ ဖြစ်ပါတယ်။
အသက်၂၅ နှစ်မှာ ကွယ်လွန်သွားတဲ့ မွန်ဘင်းဟာ အဖွဲ့၀င် ဆန်နာ့နဲ့အတူ ကမ္ဘာလှည့် ဖျော်ဖြေဖို့ သွားလာရင်း သေဆုံးခဲ့တာပါ။
သူဘာကြောင့်သေဆုံးသလဲ ဆိုတာ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပေမဲ့ ရဲကတော့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပုံ ရတယ်လို့ ဆိုပါတယ်။
ဒါဟာ တောင်ကိုရီးယားမှာ ကျော်ကြားတဲ့ ဖျော်ဖြေရေး အနုပညာရှင် လူငယ်တွေ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှုတွေထဲက အခုနောက်ဆုံး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တနေ့၂နာရီပဲ အိပ်တဲ့ ဆင်ဖျံတွေရှိရာနေရာကို ဘေးမဲ့ထားဖို့ အရေးကြီးတယ်လို့ သုတေသီတွေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆင်ဖျံတွေဟာ တနေ့ကို နှစ်နာရီဘဲ အိပ်တယ်ဆိုတာကို သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။
သူတို့ဟာ တခြားသားရိုင်းတိရစ္တာန်တွေ ၊ သူတို့ကို အသက်အန္တရာယ်ပေးမယ့်သူတွေရန်က ရှောင်နိုင်အောင် ရေအောက်မီတာရာနဲ့ချီ အကွာမှာ သွားလာနေချိန်မှာ သူ့တို့ရဲ့ အလေ့အထကို တွေ့ရှိခဲ့ တာပါ။
ဒါ့အပြင် သူတို့ဟာ ကီလိုမီတာထောင်ချီအကွာထိ လနဲ့ချီ အစာရှာထွက်လေ့ရှိတာ ဖြစ်ပါတယ်။
အမေရိကန်က သုတေသီတွေက သူတို့ရဲ့ လှုပ်ရှားမှုနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို လေ့လာ ဆန်းစစ်နေကြတာ ဖြစ်ပါတယ်။
တွေ့ရှိချက် တခုမှာ ဆင်ဖျံတွေရဲ့ ခုနစ်လကြာ ရေငုပ် ခရီးအတွင်း မိနစ်၂ဝ ကြာ မှေးစက်ချိန်တွေကို သုတေသီတွေ လေ့လာသိရှိခဲ့ပါတယ်။
သူတို့ဟာ အန္တရာယ်ပေးနိုင်သူတွေဘေးက ကင်းဝေးအောင် အတော်နက်ရှိုင်းတဲ့ ရေအောက်မှာ နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဆင်ဖျံတွေ အိပ်တဲ့နေရာဟာ သူတို့အစာရှာလို့ရနိုင်တဲ့ နေရာဖြစ်တယ်ဆိုတာ သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပြီး အဲဒီနေရာတွေကို ဘေးမဲ့အဖြစ်ထားရှိ နိုင်ဖို့ အရေးကြီးတယ်လို့ ကယ်လီဖိုးနီးယား ဆန်တာခရုဇ် တက္ကသိုလ်က ပညာရှင်တွေက ပြောပါတယ်။








