ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်း နောက်ဆုံးရသတင်းများ
ယူကရိန်းကိုကူညီတာဟာ ဥရောပအကျိုးစီးပွားအတွက်လို့ နေတိုးအတွင်းရေးမှူးပြော
ဂျာမနီနိုင်ငံမှာပြုလုပ်တဲ့ လုံခြုံရေးညီလာခံမှာ ယူကရိန်းအတွက် အထောက်အကူတွေ ပိုပေးကြဖို့ အနောက်နိုင်ငံခေါင်းဆောင်တွေက ပြောဆိုနေကြပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားကိုတိုက်ဖို့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပိုပြီးလိုအပ်နေပြီလို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဖွန်ဒါလိုင်ယန်က ညီလာခံမှာ ပြောကြားပါတယ်။
ယူကရိန်းရဲ့ ရေရှည်လုံခြုံရေးအာမခံချက်အတွက် ပိုပြီးထောက်ပံ့ကြဖို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆွန်းနက်က်ကလည်း နေတိုးကိုပန်ကြားမှာ ဖြစ်ပါတယ်။
နေတိုးအတွင်းရေးမှူးချုပ် ယန်းစတိုလ်တန်ဘာ့ဂ်ကတော့ ယူကရိန်းကိုကူညီထောက်ပံ့တာဟာ ဥရောပအကျိုးစီးပွားဖြစ်တယ်လို့ ပြောပါတယ်။
“ယူကရိန်းကို လက်နက်ထောက်ပံ့လိုက်ရင် စစ်ပွဲကို မီးထိုးပေးသလိုဖြစ်လိမ့်မယ်ဆိုပြီး တချို့ကစိုးရိမ်ပူပန်ကြပါတယ်။ အန္တရာယ်လုံးဝကင်းတဲ့ ရွေးချယ်မှုဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ပူတင်နိုင်သွားခဲ့ရင် ပိုပြီးအန္တရာယ်ကြီးမယ်ဆိုတာ ယုံစေချင်ပါတယ်။ ပူတင်နိုင်သွားရင် အာဏာရှင်တွေအနေနဲ့ သူတို့လိုချင်တာကို လက်နက်နဲ့ လုပ်ယူလို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားပါလိမ့်မယ်။ အဲဒါဆိုရင် ကမ္ဘာကြီးဟာ ပိုပြီး အန္တရာယ်ကြီးသွားပါလိမ့်မယ်” လို့ လည်း သူကဆိုပါတယ်။
နောက်တပတ်ဆိုရင် ယူကရိန်းကို ရုရှားကျူးကျော်တာ တနှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။
ဂါနာနိုင်ငံသားဘောလုံးသမား ခရစ္စတီယန်း အာ့တ်ဆုရဲ့ ရုပ်အလောင်းကိုငလျင်အပျက်အစီးထဲမှာတွေ့
တူရကီတောင်ပိုင်းမှာ ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ဂါနာနိုင်ငံသားဘောလုံးသမား ခရစ္စတီယန်း အာ့တ်ဆုရဲ့ ရုပ်အလောင်းကို သူ့အိမ်အပျက်အစီးတွေထဲကနေ တွေ့ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် သူနေတဲ့ အဆောက်အအုံဟာ ပြိုကျခဲ့တာဖြစ်ပါတယ်။ အာ့တ်ဆုဟာ နယူးကာဆယ်လ်အပါအဝင် ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်းတချို့မှာ ကစားခဲ့ဖူးသူ နိုင်ငံတကာ အဆင့်ဘော်လုံးသမားတယောက်ဖြစ်ပါတယ်။
အခုနောက်ဆုံးသူဟာ တူရကီ ဟာတိုင်စပေါ အသင်းမှာ ကစားနေပါတယ်။
ငလျင်မစခင် နာရီအနည်းငယ်ကတည်းက သူဟာ တူရကီကနေ ထွက်ခွာဖို့ စီစဉ်ထားခဲ့ပေမဲ့ သူဟာ ဘောလုံးပွဲတပွဲကို ပြီးအောင် စောင့်ကြည့်ဖို့အတွက် အချိန်ရွှေ့ပြောင်းခဲ့တာလို့ သူ့အသင်းမန်နေဂျာက ဆိုပါတယ်။
အာဖရိကတိုက်တလွှားမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ပျက်ပြားနေပြီလို့ ကုလအတွင်းရေးမှူးချုပ်ပြော
အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးကို အီသီယိုးပီးယားနိုင်ငံမြို့တော်မှာ ကျင်းပပြုလုပ်ရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အာဖရိကတိုက်တလွှားမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ပျက်ပြားနေပြီလို့ သူက သတိပေးပြောကြားခဲ့ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း မှာ အကြမ်းဖက်မှုတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အလွန်စိုးရိမ်တယ်လို့ပြောခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုအကြောင်းနဲ့ ယူကရိန်းစစ်ပွဲအကြောင်းတွေကိုလည်း သူကပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ ရာသီဥတုပြောင်းလဲမှု တို့ကြောင့် အာဖရိကတိုက်ကို ထိခိုက်ဆုံးရှုံးစေတယ်လို့လည်း သူကဆိုပါတယ်။
အာဖရိကမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေးပျက်ပြားနေတဲ့ အကြောင်းကိုလည်း နှစ်ရက်ကြာပြုလုပ်မဲ့ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးကြဖို့ ရှိပါတယ်။