ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုလအတွင်းရေးမှူးချုပ်နုတ်ထွက်ဖို့ အစ္စရေး တောင်းဆို
အစ္စရေး - ဂါဇာအရေး ကုလသမဂ္ဂ ရဲ့ '' လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေး'' ဆုံးဖြတ်ချက်ကို လက်မခံဘဲပယ်ချတယ်လို့ အစ္စရေးက ပြင်းပြင်းထန်ထန်ပြောလိုက်ပြီး သူ့ရဲ့ ခုခံ ကာကွယ်ပိုင်ခွင့်ကိုဆက်လုပ်မယ်လို့ ပြောလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကနေ အစ္စရေး နဲ့ ဟားမတ်စ်ကြားမှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့ တခဲနက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အစ္စရေးရဲ့ ကုလသံအမတ်ကြီးဂီလဂ်အာဒန်ကတော့ ကုလသမဂ္ဂမှာဘာဝန်ခံမှုမှမရှိသလို '' တရားဝင်မှု ဒါမှမဟုတ် လုပ်နိုင်စွမ်းနည်းနည်းလေးတောင်'' မရှိဘူး လို့ ပြောပါတယ်။
အမေရိကန်ကလည်း ကုလရဲ့ အဲဒီဆုံးဖြတ်ချက်ကို ပယ်မဲပေးခဲ့ပေမဲ့ '' အစ္စရေးရဲ့ ဂါဇာမှာလုပ်နေတဲ့ စစ်ဆင်ရေးတွေ ကို လူသားစာနာမှုအရ ရပ်ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အစ္စရေးကတော့ စစ်ဆင်ရေးတွေ တိုးပြီး လုပ်နေတယ်လို့ သောကြာနေ့က ပြောပြီး ဂါဇာ ဒေသမှာ တိုက်ခိုက်မှုတွေ ပြင်းထန်လာနေပါတယ်။
အစ္စရေးပြောခွင့်ရသူ ဒန်နီရယ်ဟာဂါရီက တပ်ဖွဲ့ဝင်တွေက '' ဂါဇာမှာ တိုက်ခိုက်ခံရမှုတွေ ပိုတိုးလုပ်နေတယ်'' လို့ ပြောပါတယ်။ အစ္စရေးလေတပ်ကတော့ မြေအောက်ထဲက ပစ်မှတ်တွေနဲ့ ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အအုံတွေကို အဓိက အများအပြား တိုက်ခိုက်နေတယ်'' လို့ပြောပါတယ်။
ဂါဇာမြောက်ပိုင်းက ဒေသခံတွေ တောင်ပိုင်းကို ဆက်ပြီး ရွှေ့ပြောင်းကြဖို့လည်း သူက ထပ်ပြောပါတယ်။
အောက်တိုဘာ ၇ ရက် ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုစတင်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ လူ ၁,၄၀၀ သေဆုံးပြီး ၂၂၉ ဦး ဓားစာခံဖမ်းဆီးခံရချိန်ကစလို့ အစ္စရေးက ဂါဇာကိုဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာပါ။
သောကြာနေ့က ကုလသမဂ္ဂရဲ့ အစ္စရေး - ဂါဇာအရေး ချက်ချင်းအပစ်ရပ်ဖို့ဆုံးဖြတ်ချက်အတွက် မဲပေးရွေးချယ်မှုမှာတော့ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၁၄ မဲ နဲ့ ကြားနေ ၄၅ မဲ ရှိခဲ့ပါတယ်။
ဒီအဆိုကို အာရပ်အဖွဲ့ ကိုယ်စားဂျော်ဒန်က တင်သွင်းခဲ့ပြီး ပါလက်စတိုင်းနဲ့ အစ္စရေးရဲ့ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိ အကြမ်းဖက်တိုက်ခိုက်မှု မှန်သမျှကို ဆန့်ကျင်ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒီမဲပေးမှုက ဥပဒေအရ လိုက်နာဆောင်ရွက်ရဖို့ မရှိပေမဲ့ ကုလ အဖွဲ့ဝင်တွေရဲ့ သဘောထားတွေ ဖြစ်လို့ အရေးကြီးပါတယ်။
'' ကုလသမဂ္ဂနဲ့ လူသားတွေအတွက်အမှောင်ကျတဲ့နေ့တစ်နေ့ပါပဲ'' လို့ အစ္စရေးရဲ့ ကုလသံအမတ် အာဒန်ကပြောခဲ့ပြီး သူ့နိုင်ငံအနေနဲ့ ဟားမတ်စ်ကို နည်းလမ်းပေါင်းစုံသုံးပြီး တိုက်ခိုက်သွားမယ်လို့ပြောခဲ့ပါတယ်။
“ဒီနေ့ဟာ ကုလသမဂ္ဂ အတွက် နာမည်ပျက်တဲ့ နေ့တစ်နေ့ပါ။ ကုလဟာ တရားဝင်မှု ဒါမှမဟုတ် လုပ်ကိုင်နိုင်စွမ်းနည်းနည်းတောင်မှ မရှိတော့ဘူးဆိုတာကို ကျွန်တော်တို့ အားလုံး မျက်မြင်တွေ့ခဲ့ ကြရပါတယ်” လို့ အာဒန်က ပြောပါတယ်။
အစ္စရေးဘက်က ရပ်တည်မယ့်အစား ဒီဆုံးဖြတ်ချက်အတွက် ထောက်ခံမဲပေးခဲ့သူတွေဟာ '' နာဇီအကြမ်းဖက်သမားတွေကို ကာကွယ်နေသူတွေ'' လို့ သူက စွပ်စွဲပြောကြားပါတယ်။
အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးဌာနပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကတော့ ဂါဇာကမ်းမြောင်မှာ ဓားစာခံဖမ်းဆီးခံရသူတွေ ပြန်လွတ်မြောက်လာစေဖို့ တိုက်ခိုက်မှုတွေမှာထိုးဖောက်နိုင်ဖို့အမေရိကန်က ဆက်လက်ထောက်ပံ့မှာဖြစ်သလို အကူညီတွေ ပိုတိုးပေးမယ်လို့ ဆိုပါတယ်။
'' အကူအညီတွေ ဝင်ပေးနိုင်ဖို့ ပိတ်မိနေသူတွေ ထွက်ခွာနိုင်ဖို့ သာမက လျှပ်စစ်မီး နဲ့ လောင်စာဆီတွေပြန်ရဖို့ ကျွန်တော်တို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ဖို့ကို ပံ့ပိုးရပါလိမ့်မယ်'' လို့ ဂျွန်ကာဘီကပြောပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်စစ်ဆင်ရေးတွေ တိုးချဲ့လုပ်ဆောင်နေတယ်ဆိုတဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့တော့ အိမ်ဖြူတော်က မှတ်ချက် မပေးသေးပါဘူး။
ဟားမတ်စ်ဦးစီးတဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးဘက်က လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်မှု စတင်ချိန်ကစပြီး ဂါဇာမှာလူပေါင်း ၇,၀၀၀ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အခုဂါဇာမှာ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေပြတ်လပ်နေပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသလို အခြေခံအဆောက်အအုံတွေ ကြီးကြီးမားမားပျက်စီးထားတယ်လို့ ဆိုပါတယ်။
လူသားစာနာမှုဆိုင်ရာအပစ်ရပ်ဖို့တောင်းဆိုနေတဲ့ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ပြင်သစ်သမ္မတ မက်ခရွန်လည်းပါခဲ့ပါတယ်။
ဂါဇာမှာထိုးစစ်တွေ ပိုတိုးလုပ်နေတယ်လို့ အစ္စရေးဘက်က မပြောခင်မှာပဲ သမ္မတမက်ခရွန်က အစ္စရေးဝန်ကြီးချုပ် နက်တန်ညာရာဟုနဲ့ အစ္စရေးသမ္မတ အိုင်းဇက် ဟာဇော့ တို့ကို ဂါဇာကလူတွေအားလုံးကို မဖြစ်မနေကာကွယ်ဖို့ ပြောခဲ့ပါတယ်။
''လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲဖို့က ဒီကနေ့မှာ ပိုပြီး အသုံးတည့်မှာ ဖြစ်သလို မြေပြင်မှာရှိနေတဲ့ ဗုံးဒဏ်သင့် လူထုတွေကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်'' လို့ သမ္မတမက်ခရွန်က နှစ်ရက်တာ ကျင်းပခဲ့တဲ့ ဥရောပခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ပြောခဲ့ပါတယ်။
အစ္စရေးမှာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ သမ္မတမက်ခရွန်က ထပ်ပြောပေမဲ့ "အလုံးစုံပိတ်ဆို့ထားတာ၊စစ်ရေးပစ်မှတ်နဲ့ အရပ်သားနေရာ ခွဲခြားမှုမရှိ ဗုံးကြဲတိုက်ခိုက်တာနဲ့ အထူးသဖြင့်မြေပြင်စစ်ဆင်ရေး "တွေက ဂါဇာက အရပ်သားတွေ အတွက် ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်တယ်လို့ လည်းထည့်ပြောပါတယ်။
တချိန်တည်းမှာပဲ ဂျော်ဒန်ကလည်း မြေပြင်စစ်ပွဲတွေရဲ့ အကျိုးဆက်က လူသားချင်းစာနာမှုဆိုင်ရာဘေးဒုက္ခဆိုးဆီရောက်လာမယ်လို့ သတိပေးလိုက်ပါတယ်။
အစ္စရေးကတော့ ဂါဇာအရေးနဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ မှတ်ချက်ပြုပြောကြားမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နုတ်ထွက်ဖို့ ဒီအပတ်ထဲမှာပဲ တောင်းဆိုနေပါတယ်။
ကုလကသမဂ္ဂလုံခြုံရေးကောင်စီမှာ အန်တိုနီယိုဂူတာရက်စ်ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ သူ့အနေနဲ့ ဟားမတ်စ်ရဲ့ အစ္စရေးကို အသေခံတိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသားရှုတ်ချပေမဲ့ဒါက အစ္စရေးရဲ့ လုပ်ဆောင်ခဲ့မှုတွေကြောင့်ပဲလို့'' ပြောခဲ့တာပါ။
အစ္စရေး ကတော့ “အကြမ်းဖက်ဝါဒကို တရားမျှတအောင် လုပ်တာ”လို့အထွေထွေအတွင်းရေးမှူးချုပ်ကိုစွပ်စွဲပြီး ရာထူးကချက်ချင်းနုတ်ထွက်ဖို့ တောင်းဆိုထားတာပါ။