ဂျပန်လွှတ်တော်မှာ အမျိုးသမီးအိမ်သာပိုထားဖို့ ဝန်ကြီးချုပ်နဲ့ အမျိုးသမီးအမတ်တွေတောင်းဆို

အမျိုးသမီးသန့်စင်ခန်းပိုထားရှိပေးဖို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိအပါအဝင် အမျိုးသမီးလွှတ်တော်အမတ် ၆၀ ခန့်က တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးသန့်စင်ခန်းပိုထားရှိပေးဖို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိအပါအဝင် အမျိုးသမီးလွှတ်တော်အမတ် ၆၀ ခန့်က တောင်းဆိုလိုက်ပါတယ်။

ဂျပန်လွှတ်တော်မှာ အမျိုးသမီးလွှတ်တော်အမတ်ဦးရေ ပိုများလာတဲ့အတွက် လွှတ်တော်အဆောက်အအုံအတွင်း အမျိုးသမီးသန့်စင်ခန်းပိုထားရှိပေးဖို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိအပါအဝင် အမျိုးသမီးလွှတ်တော်အမတ် ၆၀ ခန့်က တောင်းဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာမှာလုပ်တဲ့ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၄၆၅ နေရာအနက် အမျိုးသမီး ၇၃ ဦး စံချိန်တင် ရွေးကောက်ခံခဲ့ရပြီး ဒါဟာ ၂၀၀၉ တုန်းက အမျိုးသမီးအမတ်ဦးရေ ၅၄ ဦးထက် များစွာကျော်လွန်ခဲ့တာဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေးမစတင်မီလေးမှာတင် အမျိုးသမီးသန့်စင်ခန်းရှေ့မှာ လူတန်းရှည်ကြီးတွေရှိနေတတ်တယ်လို့ အတိုက်အခံအမတ် ယာဆုကို ကိုမီယာမက ပြောပါတယ်။ အစည်းအဝေးမစတင်မီမှာ သန့်စင်ခန်းသွားဖို့ အကြံကို စွန့်လွှတ်လိုက်တာကြာပါပြီလို့ နောက်ထပ်အမျိုးသမီးအမတ်တစ်ဦးကပြောခဲ့တယ်လို့ ယာဆုကို ကိုမီယာမက ပြောပါတယ်။

အစည်းအဝေးခန်းမအနီးမှာ အခန်းငယ်နှစ်ခန်းသာပါတဲ့ အမျိုးသမီးသန့်စင်ခန်းတစ်ခန်းသာရှိပြီး လွှတ်တော်အဆောက်အအုံတစ်ခုလုံးမှာ စုစုပေါင်း အခန်းငယ် ၂၂ ခန်းရှိတဲ့ အမျိုးသမီးသန့်စင်ခန်း ကိုးခုပဲရှိပါတယ်။

အမျိုးသားသန့်စင်ခန်းကတော့ လွှတ်တော်အဆောက်အအုံတစ်ခုလုံးမှာ အခန်းငယ် ၆၇ ခုနဲ့ အပေါ့စွန့်တဲ့နေရာတွေပါဝင်တဲ့ ၁၂ ခန်းရှိတယ်လို့ ဒေသဆိုင်ရာမီဒီယာတွေက ဖော်ပြထားပါတယ်။

အတွင်းကနေတံခါးပိတ်လိုက်တာနဲ့ အထဲကိုမမြင်ရတော့မယ့် ဂျပန်ကအိမ်သာဒီဇိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အတွင်းကနေတံခါးပိတ်လိုက်တာနဲ့ အထဲကိုမမြင်ရတော့မယ့် ဂျပန်ကအိမ်သာဒီဇိုင်း

အမျိုးသမီးဝန်ထမ်းတွေနဲ့ ဧည့်သည်တွေဟာ သန့်စင်ခန်းတွေကို အတူအသုံးပြုရတာမို့ လက်ရှိအခြေအနေဟာ သက်သောင့်သက်သာမရှိဘူးလို့ အတိုက်အခံ ဖွဲ့စည်းပုံ ဒီမိုကရက်တစ်ပါတီက အမတ် ကိုမီယာမကပြောပါတယ်။

"ကျွန်မအနေနဲ့ ထုတ်ဖော်ချင်ပြီး အနာဂတ်မှာ အမတ်နေရာ ရာခိုင်နှုန်း ၃၀ ကျော်ကို အမျိုးသမီးတွေရယူထားတဲ့ နေ့အတွက် ကိုယ်တိုင်ပြင်ဆင်ထားချင်ပါတယ်" လို့ သူက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဂျပန်လွှတ်တော်အဆောက်အအုံကို ၁၉၃၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၄၅ ခုနှစ်မှသာ အမျိုးသမီးတွေ မဲပေးခွင့်ရခဲ့တာဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ပထမဆုံးအမျိုးသမီးလွှတ်တော်အမတ်တွေရှိလာခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လွှတ်တော်အဆောက်အအုံဟာ အခန်းတွေ၊ ဖွဲ့စည်းပုံတွေ အများကြီးရှိတဲ့ သုံးထပ်အဆောက်အအုံဖြစ်ပြီး အဓိကလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာကတော့ ကိုးထပ်မြင့်ပါတယ်။

အဆောက်အအုံဟာ စတုရန်းမီတာ ၁၃၃၅၆ (၁၄၃၈၀၀ စတုရန်းပေ) ရှိပြီး ဘောလုံးကွင်းနှစ်ကွင်းစာအကျယ်အဝန်းနဲ့ညီမျှကာ ကြမ်းပြင်ဧရိယာစုစုပေါင်း ၅၃၄၆၄ စတုရန်းမီတာရှိပါတယ်။

"အစိုးရအဖွဲ့ဟာ အမျိုးသမီးတွေ လုပ်ပိုင်ခွင့်ပိုရရှိရေးကို အားပေးဖို့ အလေးအနက်ရှိတယ်ဆိုရင် ဒီကိစ္စမှာ သူတို့တွေ ပူးပေါင်းပါဝင်ဆောင်ရွက်လာမယ်လို့ ယုံကြည်ပါတယ်" လို့ ကိုမီယာမကပြောခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အမျိုးသမီးတွေအတွက် နောက်ထပ်သန့်စင်ခန်းတွေ ဆောက်လုပ်ပေးဖို့ အဆိုကို စဉ်းစားပေးဖို့ လိုလားတယ်လို့ အောက်လွှတ်တော်ကော်မတီဥက္ကဋ္ဌ ယာဆုကာဇု ဟာမာဒါက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်ရောက်ရှိချိန်မှာ လူ့အဖွဲ့အစည်းကဏ္ဍပေါင်းစုံတစ်လျှောက် ခေါင်းဆောင်နေရာစုစုပေါင်းရဲ့ ရာခိုင်နှုန်း ၃၀ ကို အမျိုးသမီးတွေ ရယူထားနိုင်ရမယ်လို့ ဂျပန်အစိုးရက အရင်က လျာထားချက်ချမှတ်ခဲ့ပေမဲ့ အဲ့ဒီနှစ်အကုန်မှာတော့ ကာလသတ်မှတ်ချက်ကို နောက်ထပ်ဆယ်စုနှစ်တစ်စု နောက်ဆုတ်ခဲ့ပါတယ်။

ဂျပန်လွှတ်တော်အဆောက်အအုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်လွှတ်တော်အဆောက်အအုံ

အောက်လွှတ်တော်အမတ်ဦးရေစုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းနဲ့ အထက်လွှတ်တော်အမတ်နေရာ ၁၂၅ ခုအနက် သုံးပုံတစ်ပုံ သို့မဟုတ် ၄၂ နှစ်နေရာကို အမျိုးသမီးတွေရရှိထားပါတယ်။

အမျိုးသမီးခေါင်းဆောင်မှုမှာ ထိပ်ဆုံးက ရှိနေတဲ့ ဥရောပမြောက်ပိုင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့အထိ သူ့ဝန်ကြီးအဖွဲ့မှာ အမျိုးသမီးဦးရေများများစားစားပါဝင်စေရမယ်လို့ အရင်နှစ် အောက်တိုဘာမှာ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ တာကာအိချိက ကတိပြုထားပါတယ်။

အဲ့ဒီအချိန်တုန်းကတော့ သူဟာ အဖွဲ့ဝင် ၁၉ ဦးရှိတဲ့ ဝန်ကြီးအဖွဲ့မှာ အမျိုးသမီးနှစ်ဦးကိုသာ ဝန်ကြီးအဖြစ်ခန့်အပ်နိုင်ခဲ့ပါတယ်။

အမျိုးသမီးတွေ စိတ်အေးချမ်းသာစွာနေနိုင်တဲ့ ဂျပန်လူ့အဖွဲ့အစည်းဖြစ်စေဖို့ အမျိုးသမီးသန့်စင်ခန်းတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ဖို့ အစိုးရအဖွဲ့က လုပ်ဆောင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှီဂဲရု အီရှီဘာက ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဂျပန်မှာတော့ အမျိုးသမီးသန့်စင်ခန်းရှားပါးတာဟာ လွှတ်တော်အဆောက်အအုံထဲမှာတင် မကဘဲ ပြင်ပမှာလည်း အလားတူပဲဖြစ်နေပါတယ်။

တစ်နိုင်ငံလုံးက အမျိုးသမီးသန့်စင်ခန်းတွေရှေ့မှာ လူတန်းရှည်ကြီးရှိနေတတ်ပါတယ်။