ဆိုင်က ဘန်းမုန့်ကို ဖိချေမိတဲ့ ဂျပန်အမျိုးသမီး အဖမ်းခံရ

 ဂျပန် ကုန်စုံဆိုင် အများစုမှာ ပေါင်မုန့်ထုပ်တွေကို သရေစာအဖြစ် တင်ရောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန် ကုန်စုံဆိုင် အများစုမှာ ပေါင်မုန့်ထုပ်တွေကို သရေစာအဖြစ် တင်ရောင်း
    • ရေးသားသူ, ခိုယုနဲ့ ချိအဲ ကိုဘာယာရှီ
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, စင်္ကာပူနဲ့ တိုကျို

ဂျပန်မှာ ပေါင်မုန့်ထုပ်ကို မဝယ်ဘဲ ဖိချေပြီး ဆိုင်ထဲက ထွက်သွားတယ်ဆိုတဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အသက် ၄၀ အရွယ် အမျိုးသမီးကို ထိခိုက်ပျက်စီးစေမှုနဲ့ တနင်္လာနေ့က ဖမ်းဆီးခဲ့ကြောင်း ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာမြို့က အာဏာပိုင်တွေက ဘီဘီစီကို အတည်ပြုပါတယ်။

ပေါင်မုန့်ကို မာ,မမာ လက်နဲ့ သာသာလေး ဖိပြီး စမ်းကြည့်တာသာ ဖြစ်ကြောင်း ဒီအမျိုးသမီးက ချေပတယ်လို့လည်း ရဲက ဆိုပါတယ်။ ဒီအမျိုးသမီးက အလုပ်မရှိဘူးလို့လည်း သိရပါတယ်။

နှမ်းနက်၊ ဒိန်ခဲနှစ်တွေနဲ့ လုပ်ထားတဲ့ ဘန်းမုန့်လေးလုံး ပါတဲ့အထုပ်ကို သူထိခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။ အထုပ်ပုံစံ မပျက်ပေမယ့် သူ့ညာဘက်လက်မနဲ့ ဖိမိလို့ ဘန်းမုန့်တလုံး ပျက်စီးသွားပြီး ဒီမုန့်ထုပ်ကို ရောင်းလို့မရဖြစ်ခဲ့ကြောင်း ရဲက ဆိုပါတယ်။

ဂျပန်က လော်ဆန် ကုန်စုံဆိုင်တခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်က လော်ဆန် ကုန်စုံဆိုင်တခု

အရင်ကလည်း ဒီအမျိုးသမီးဟာ ဘန်းမုန့်တွေကို အကြိမ်ကြိမ် ဖိချေတာ မြင်ဖူးကြောင်း လော်ဆန် ကုန်စုံဆိုင် ပိုင်ရှင်က ပြောတယ်လို့ ရဲက ဆိုပါတယ်။

ဒီအမျိုးသမီး ဆိုင်ကထွက်ချိန်မှာ ဘန်းမုန့်ကို ဖိချေထားတာကို ဆိုင်ရှင်က သတိထားမိပြီး မုန့်ဖိုး ပေးဖို့ တောင်းခဲ့ကြောင်း ရဲက ပြောပါတယ်။ ဒီဘန်းမုန့်ထုပ်က အမေရိကန် တဒေါ်လာနဲ့ ဆင့် ၂၀ လောက် တန်ပါတယ်။

ဒီအမျိုးသမီးက မပေးဘူးလို့ ငြင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ သူ့နောက်ကို မိုင်ဝက်လောက် လိုက်သွားပြီး ဆိုင်မန်နေဂျာက ဒီအမျိုးသမီးကို ဖမ်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် ရဲကို ခေါ်ပြီး ဖမ်းခိုင်းခဲ့ပါတယ်။

ဆူရှီ အကြမ်းဖက်မှု ဆိုတဲ့ ဆူရှီဆိုင်တွေမှာ ပဲငံပြာရည်ပုလင်းတွေကို လိုက်လျက်တာ၊ ဆူရှီတုံးတွေကို လက်နဲ့ဖိတာတွေ လုပ်တဲ့သူတွေကို အရင်နှစ်တွေက ရဲက နှိမ်နင်းခဲ့ဖူးပါတယ်။

စားချင်စဖွယ် ဂျပန်ပေါင်မုန့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စားချင်စဖွယ် ဂျပန်ပေါင်မုန့်