အစပ်ပြင်း အာလူးကြော်ကြောင့် ဂျပန်ကျောင်းသားတွေ ဆေးရုံရောက်

အာလူးအစပ်ကြော်

ဓာတ်ပုံ ရင်းမြစ်, Isoyama Corp

ဓာတ်ပုံ ပုံစာ, အစပ်ပြင်းအာလူးကြော်စားမိပြီး မူးဝေအော့အန်ကာ နှုတ်ခမ်းတဝိုက်စပ်ပူစပ်လောင်ခံစားရတယ်လို့ဆို

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အလွန်အမင်းစပ်တဲ့ အာလူးကြော်တွေစားပြီး ကျောင်းသား ၁၄ ယောက် ဆေးရုံတက်နေရတယ်လို့ ရဲက ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကျောင်းသားတွေထဲက တယောက်ယူလာတဲ့ အစပ်ပြင်းတဲ့ အာလူးကြော်ထုပ်တွေ ကျောင်းသား အယောက် ၃၀ နီးပါးက စားမိခဲ့ကြတာပါ။

မကြာခင် သူတို့ထဲက တချို့ မူးဝေ အော့အန်လာပြီး နှုတ်ခမ်းတဝိုက် ပူလောင်စပ်ဖျဉ်း ဝေဒနာ ခံစားရတာကြောင့် မီးသတ်နဲ့ ရဲဌာနကို အရေးပေါ် ကယ်ဆယ်ရေး လာလုပ်ပေးဖို့ ဖုန်းဆက် အကြောင်းကြားခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

သူတို့ထဲက အမျိုးသမီးငယ် ၁၃ ယောက်နဲ့ အမျိုးသားငယ် တယောက် တို့ကို ဆေးရုံတင်လိုက်ရပေမယ့် မေ့မျောသွားတာမျိုး၊ ပြင်းထန်ဝေဒနာ ခံစားရတာမျိုး မရှိခဲ့ပါဘူး။

ကုမ္ပဏီရဲ့တုန့်ပြန်ချက်

အာလူးကြော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလားအော် ငရုတ်သီးနဲ့ ထုတ်ထားတဲ့ အာလူးအစပ်ကြော်ထုပ်မှာ သတိပေးချက်တွေ ထည့်သွင်းထား

အာလူးကြော်ထုတ်တဲ့ Isoyama Corp ကုမ္ပဏီ က ကြေညာချက် တရပ်ထုတ်ပြန် တောင်းပန်ခဲ့ပြီး စားသုံးသူတွေ အဆင်မပြေ ဖြစ်သွားရလို့ စိတ်မကောင်းကြောင်း၊ ကျောင်းသားတွေ အမြန် နေပြန်ကောင်းလာပါစေလို့ ဆုတောင်းကြောင်း ဖော်ပြထားပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အခင်းဖြစ်ပွားရာ ကျောင်းနဲ့ အာလူးကြော် ထုတ်တဲ့ ကုမ္ပဏီတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုန့်ပြန် ဖြေကြားတာမရှိခဲ့ပါဘူး။

ဒါပေမယ့် ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာတော့ အာလူးကြော် စားသူတွေကို သတိပေးချက်တွေ အပြည့် ထုတ်ပြန် ထားပါတယ်။

အသက် ၁၈ နှစ်အောက် ရှိသူတွေ အနေနဲ့ သူတို့ကုမ္ပဏီထုတ် အစပ်ပြင်း အာလူးကြော်ထုပ် မစားဖို့ တားမြစ်ထားပြီး အထုပ်တိုင်းမှာ R 18+ curry chips လို့ ဖော်ပြထားပါတယ်။

အစပ်ပြင်းလွန်းတဲ့အတွက် အစပ်ကြိုက်သူတွေအနေနဲ့လည်း သတိထား စားကြဖို့ စားသုံးသူတွေကို အာလူးကြော်ထုတ် ကုမ္ပဏီက တိုက်တွန်းထားပါတယ်။

စပ်ရှိန် ပမာဏ ပြင်းလွန်းလို့ နာကျင် ဝေဒနာ ခံစားရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အကြောင်းရင်း တရားခံ

အာလူးကြော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာလူးကြော်ထဲမှာ အိန္ဒိယအရှေ့မြောက်ပိုင်းက တစ္ဆေငရုတ် (ခေါ်) ကုလားအော်သီး ပါဝင်မှုကြောင့်လို့ ထောက်ပြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုလို အစပ်အရှိန်ပြင်းရတာဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်မှာ စိုက်ပျိုးတဲ့ bhut jolokia အမည်ရ “ghost pepper” တစ္ဆေငရုတ်(ကုလားအော်) ပါဝင်တဲ့ ပမာဏကြောင့် ဖြစ်ပါတယ်။

ဒီငရုတ်အမျိုးအစားကို အိန္ဒိယမှာ ဟင်းခတ်ဖို့ သုံးကြပြီး ကမ္ဘာမှာ အစပ်အပြင်းဆုံး ငရုတ်တွေထဲ ပါဝင်ပါတယ်။

တစ္ဆေငရုတ်ရဲ့ အစပ်ပြင်းမှု အရှိန်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

တကယ်တော့ အဲဒီအာလူးကြော်ထုတ်တဲ့ ဂျပန် ကုမ္ပဏီက ' အားလူးကြော်ကို အများနဲ့ မျှဝေမစားပါနဲ့ အလွန်အမင်းစားမိရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်လိမ့်မယ် ' လို့ စားသုံးသူတွေကို အကြံပေးထားပါတယ်။

သွေးတိုးရောဂါနဲ့ ဗိုက်မကောင်းသူတွေ အတွက်တော့ သူတို့ အာလူးကြော်စားမှုကို လုံးဝ တားမြစ်ထားပြီး အထုပ်ဖောက်တဲ့ အခါမှာလည်း လက်ချောင်းတွေကို ဖြတ်မိနိုင်တာမို့ သတိထားကြဖို့ ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ရေးသား သတိပေးထားပါတယ်။

ကလေးငယ်တွေနဲ့ အစပ်စားဖို့ သတ္တိမရှိသူတွေကို သူတို့အာလူးကြော် မစားကြဖို့ မှာကြားထားပါတယ်။

သတင်းမီဒီယာ တခုမှာတော့ ကျောင်းသားတယောက်က နောက်ပြောင်တဲ့ အနေနဲ့ ဒီအာလူးကြော် ထုပ်တွေ ကျောင်းကို ယူလာရာက အခုလို ပြဿနာတွေ ဖြစ်ပွားခဲ့ရတာလို့ ဖော်ပြထားပါတယ်။

ကျောင်းသားတွေ အာလူးအစပ်ကြော် စားမိပြီး ဆေးရုံတင်လိုက်ရတဲ့ သတင်းနဲ့ ပတ်သက်လို့ အစပ်ပါဝင်မှု အတိုင်းအတာကို ဖော်ပြသင့်တယ်လို့ တချို့ကလည်း X လူမှုကွန်ယက် စာမျက်နှာမှာ တုံ့ပြန် ရေးသားထားပါတယ်။

တချို့ကလည်း ဒီလို အစပ်တွေ စားမိပြီး ပြင်းထန်ဝေဒနာ ခံစားရတဲ့ အတွေ့အကြုံ ဗီဒီယိုတွေကို ဝေမျှထားပါတယ်။

ဗီဒီယို တခုမှာ ဆိုရင် စားသုံးသူတယောက်က မျက်နှာရှုံ့မဲ့ပြီး နာကျင်ဝေဒနာ ခံစားရပုံနဲ့ ဆီးကျောက်တည် ဝေဒနာ ဖြစ်ခဲ့တာကို ပြန်အမှတ်ရစေတယ်လို့ ဆိုထားပါတယ်။

X လူမှုကွန်ယက်ပိုင်ရှင်ကတော့ ဒါဟာ အစပ်ပြင်းမှု နောက်တဆင့် တက်သွားတာဘဲလို့ မှတ်ချက်ပြု ရေးသားထားပါတယ်။