နိုင်ငံတကာအမျိုးသမီးများနေ့ - နိုင်ငံရေးလောကက အမျိုးသမီးတွေအကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, လူဝီ ဘာရူချို
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားအသံလွှင့်ဌာန
ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း နိုင်ငံရေးလောကထဲ အမျိုးသမီးတွေ ထိုးဖောက်ဝင်ရောက်လာခဲ့ကြပြီး နိုင်ငံအားလုံးနီးပါးမှာ အမျိုးသမီးတွေ မဲပေးခွင့်ရလာခဲ့ကြသလို ပါလီမန်လွှတ်တော်တွေမှာ အမတ်နေရာတွေ ရလာခဲ့ကြပါတယ်။
ဒါပေမဲ့ အထူးသဖြင့် ရာထူးအမြင့်ဆုံး ရုံးဌာနတွေမှာတော့ အမျိုးသမီး ကိုယ်စားပြုမှုတွေက နည်းပါးနေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးလောကက အမျိုးသမီးတွေအကြောင်း သိကောင်းစရာ အချက် လေးချက်ကို ကြည့်ကြရအောင်ပါ။
၁။ နိုင်ငံတိုင်းနီးပါးမှာ အမျိုးသမီးတွေ မဲပေးခွင့် ရလာ
၂၀ ရာစုမတိုင်ခင်ကဆိုရင် အမျိုးသမီးအနည်းစုလောက်ပဲ မဲပေးခွင့် ရခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀ ရာစုကုန်ခါနီးလောက်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီး မဲပေးခွင့်မရှိတဲ့အမျိုးသမီး အနည်းအပါးပဲ ရှိပါတော့တယ်။
အခုရာစုနှစ်မှာ နိုင်ငံတချို့ အမီလိုက်လာကြပြီး နောက်ဆုံးကျန်တဲ့ ဆော်ဒီအာရေဗျနိုင်ငံက ၂၀၁၅ ခုနှစ် ဒေသန္တရ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေကို မဲပေးခွင့် ပြုခဲ့ပါတယ်။ (ဆော်ဒီအာရေဗျနိုင်ငံဟာ နိုင်ငံတဝန်း ရွေးကောက်ပွဲကျင်းပလေ့မရှိပါဘူး။)
ဒါဟာ နိုင်ငံတိုင်းမှာ အမျိုးသမီးတွေ တရားဝင် မဲပေးပိုင်ခွင့်ရှိလာတဲ့သဘော ဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ဒါပေမဲ့လည်း တာလီဘန်အစိုးရလက်အောက် ရောက်ခဲ့ရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ မကြာသေးခင်ကပဲ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ပယ်ဖျက်ပစ်ခဲ့ပါတယ်။
"အာဖဂန်အမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က မဲပေးခွင့် ပြန်ရခဲ့ကြပါတယ်။ တာလီဘန်အစိုးရလက်အောက် အခုလက်ရှိအချိန်မှာတော့ အမျိုးသမီးတွေ အများပြည်သူ မြင်ကွင်းကနေ သိသိသာသာကြီး ဖယ်ရှားခံနေရပါတယ်" လို့ ကုလသမဂ္ဂ အမျိုးသမီး-အမျိုးသား တန်းတူညီမျှရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေး ဆောင်ရွက်ပေးနေတဲ့ (UN Women) ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"လောလောဆယ်မှာ အာဖဂန်အမျိုးသမီး တစ်ယောက်တလေမှ နိုင်ငံတော်အဆင့်မှာရော၊ ပြည်နယ်အဆင့်မှာပါ သိသာထင်ရှားတဲ့ ရာထူး ရထားတာ မရှိပါဘူး။"
၁၉ ရာစုအလယ်လောက်အထိ အမျိုးသားတွေလည်း လူတိုင်း မဲပေးခွင့်မရခဲ့ကြပါဘူး။ ဒါပေမဲ့ နိုင်ငံတချို့မှာ အမျိုးသားတွေ မဲပေးခွင့်ရလာကြချိန်မှာ အမျိုးသမီး အများစုကတော့ မဲပေးခွင့်မရှိဘဲ ချန်လှပ်ခံထားခဲ့ရပါတယ်။ နယူးဇီလန်နိုင်ငံဟာ ၁၈၉၃ ခုနှစ်မှာ အမျိုးသမီးတွေ မဲပေးခွင့် အပြည့်အဝ ရှိတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် စတင်ချိန်မှာတော့ နိုင်ငံပေါင်း သုံးပုံတစ်ပုံမှာ အမျိုးသားတွေ မဲပေးခွင့် ရလာခဲ့ပါတယ်။ အမျိုးသမီးတွေကတော့ နိုင်ငံပေါင်း ခြောက်ပုံ တစ်ပုံလောက်မှာပဲ မဲပေးခွင့်ရခဲ့ကြတယ်လို့ Global Change Data Lab ဆိုတဲ့ ယူကေအခြေစိုက် NGO အဖွဲ့ရဲ့ စီမံကိန်းအကြီးအကဲ ဘက်စ်တီယန် ဟာရီ က ပြောပါတယ်။
"ဒုတိယကမ္ဘာစစ် အပြီး ဆယ်စုနှစ်တွေအတွင်းမှာတော့ အမျိုးသားနဲ့ အမျိုးသမီးအကြား မဲပေးခွင့် ကွာဟမှုက အလျင်အမြန် နည်းပါးလာခဲ့ပါတယ်။ နိုင်ငံအတော်များများမှာ မဲပေးခွင့်နဲ့ ပတ်သက်လို့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာတွေ အဆုံးသတ်သွားခဲ့ပြီး အမျိုးသားရော၊ အမျိုးသမီးပါ မဲပေးခွင့် ရလာခဲ့ကြတဲ့အတွက် ဖြစ်တယ်" လို့ ဟာရီ ကပြောပါတယ်။
အာဖရိကနိုင်ငံအတော်များများမှာ လွတ်လပ်ရေး ရခဲ့ကြအပြီး အမျိုးသမီးတွေ မဲပေးခွင့်စရခဲ့ပါတယ်။ တခြားနိုင်ငံတချို့မှာတော့ အံ့သြစရာကောင်းလောက်အောင် ကန့်သတ်မှုတွေ အချိန်ကြာကြာ ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ၁၉၆၅ ခုနှစ်အထိ လူမည်းအမျိုးသမီးအများအပြား (လူမည်းအမျိုးသားတွေပါ) မဲပေးခွင့် မရခဲ့ကြပါဘူး။
ဆွစ်ဇာလန်နိုင်ငံမှာလည်း ၁၉၇၀ ခုနှစ်ရောက်မှ အမျိုးသမီးတွေ ဖယ်ဒရယ်ရွေးကောက်ပွဲမှာ မဲပေးခွင့် ရခဲ့ကြပါတယ်။ တောင်အာဖရိကနိုင်ငံက လူမည်းအမျိုးသမီးတွေဆိုရင်လည်း ၁၉၉၃ ခုနှစ်ကျမှ ပထမဆုံးအကြိမ် မဲပေးခွင့် ရခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ စာရွက်ပေါ်မှာ မဲပေးခွင့်ရတာနဲ့ တကယ်တန်း မဲပေးခွင့် ရနိုင်တာက မတူပါဘူး။
"နိုင်ငံတချို့ ဒါမှမဟုတ် ဒေသတချို့မှာ အမျိုးသမီးတွေ တရားဝင် မဲပေးခွင့်ရှိပါတယ်။
ဒါပေမဲ့ လူမှုရေး ထုံးတမ်းစဉ်လာတွေ၊ မဲရုံတွေမှာ နှောင့်ယှက်အကြမ်းဖက်မှုတွေ ဒါမှမဟုတ် ခင်ပွန်းသည်တွေဆီက ဖိအားပေးမှုတွေကြောင့် မဲပေးဖို့ တားဆီးခံနေရပါတယ်" လို့ World Population Review ဆိုတဲ့ သီးခြားလွတ်လပ်တဲ့ NGO အဖွဲ့က ဆိုပါတယ်။
အီဂျစ်နိုင်ငံဆိုရင် မဲပေးသူတွေ သက်သေခံကတ် ပြဖို့လိုတယ် ဆိုတဲ့ စည်းမျဉ်း ချမှတ်ထားပါတယ်။ ဒါပေမဲ့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သက်သေခံကတ် တရားဝင် ရှိသူက ပိုနည်းပါတယ်။
တကယ်လို့ ရှိရင်လည်း သူတို့ရဲ့ ခင်ပွန်းသည်တွေက ကိုယ့်ဇနီးသည်ရဲ့ သက်သေခံကတ်ကို သိမ်းထား ခွင့်ရှိတဲ့အတွက် ဇနီးသည်ရဲ့ မဲပေးခွင့်ကို ခင်ပွန်းသည်တွေက ထိန်းချုပ်ထားနိုင်တဲ့ အခွင့်အာဏာ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ကြောင်း ထောက်ပြထားပါတယ်။
၂။ ပါလီမန်လွှတ်တော်မှာ အမျိုးသမီးအမတ်နေရာ အများစု ယူထားနိုင်တဲ့ နိုင်ငံပေါင်း သုံးနိုင်ငံပဲရှိ
၂၀ ရာစုဦးပိုင်းမတိုင်ခင်အချိန်အထိ အမျိုးသမီးတွေဟာ နိုင်ငံတော်အဆင့် ပါလီမန်လွှတ်တော်တွေမှာ လုံးဝ ပါခွင့် မရှိခဲ့ဘူးလို့ ဆွီဒင်အခြေစိုက် Varieties of Democracy project (V-Dem) အဖွဲ့က ပြောပါတယ်။
ဖင်လန်နိုင်ငံဟာ ၁၉၀၇ ခုနှစ်မှာ ကမ္ဘာပေါ်မှာ ပထမဆုံး အမျိုးသမီး ပါလီမန်လွှတ်တော်အမတ် ရွေးကောက် တင်မြှောက်ခဲ့တဲ့ နိုင်ငံ ဖြစ်လာပါတယ်။
အဲဒီနောက်ပိုင်း ကမ္ဘာတဝန်းမှာ နိုင်ငံရေးလောကထဲ အမျိုးသမီးတွေ ပါဝင်ခွင့် ရလာခဲ့ပေမဲ့ အတော်လေး နှေးကွေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု အစပိုင်းလောက်မှာတော့ အမျိုးသမီးတွေ ပါဝင်ခွင့်က တစ်ဟုန်ထိုး တက်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ ရဝမ်ဒါ ပါလီမန်ဟာ ကမ္ဘာပေါ်မှာ အမျိုးသမီး အမတ်အများစု ရှိတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံထဲမှာ ရဝမ်ဒါ၊ ကျူးဘားနဲ့ နီကာရာဂွာ စတဲ့ သုံးနိုင်ငံမှာပဲ အမျိုးသမီးတွေက အမတ်နေရာစုစုပေါင်းရဲ့ ၅၀% ကျော် ရှိတယ်လို့ အမေရိကန် အကြံပေးအဖွဲ့ Council on Foreign Relations (CFR) ရဲ့ အမျိုးသမီးနဲ့ နိုင်ငံခြားရေးမူဝါဒ စီမံကိန်းက ကောက်ယူခဲ့တဲ့ အမျိုးသမီး သြဇာလွှမ်းမိုးမှု ညွှန်းတမ်း က ဆိုပါတယ်။
အဲဒီညွှန်းတမ်းအရ မက္ကဆီကို၊ အန်ဒိုရာ နဲ့ ယူအေအီး သုံးနိုင်ငံဟာ သူတို့ရဲ့ လွှတ်တော်တွေမှာ အမျိုးသမီး၊ အမျိုးသား အရေအတွက် တန်းတူပါဝင်ခွင့် ရထားတယ်လို့ ဆိုပါတယ်။
"ဒီ ထိပ်တန်း ခြောက်နိုင်ငံထဲက ငါးနိုင်ငံဟာ အောက်လွှတ်တော်တွေမှာ အမျိုးသမီးတွေ ပိုများများ ပါဝင်နိုင်ရေး မြှင့်တင်ဆောင်ရွက်ဖို့ တရားဝင်ခွဲတမ်းတချို့ကို အကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်" လို့ CFR အဖွဲ့ရဲ့ အမျိုးသမီးသြဇာလွှမ်းမိုးမှု ညွှန်းတမ်းက နိုဝဲလ် ဂျိမ်းစ် က ပြောပါတယ်။
ကျူးဘား ကတော့ ဒါကို အကောင်အထည်မဖော်နိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။
ရဝမ်ဒါနိုင်ငံရဲ့ အမျိုးသမီး၊ အမျိုးသား တန်းတူ ပါဝင်ခွင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုဟာ ၁၉၉၄ ခုနှစ်လူမျိုးတုန်း သတ်ဖြတ်ခံရမှုကြီးအပြီး အမျိုးသမီးတွေပဲ အများစု ကျန်ခဲ့ပြီး နိုင်ငံပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေမှာ ထည့်သွင်းခံခဲ့ရာကနေ အရင်းတည်လာခဲ့တာ ဖြစ်တယ်လို့ နိုဝဲလ် ဂျိမ်းစ်က ပြောပါတယ်။
မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ကောင်းကောင်းရခဲ့တဲ့အချက်ကလည်း အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ယူအေအီးနိုင်ငံ ပါလီမန်ကတော့ ဥပဒေအရ အမျိုးသမီး ၅၀% မပါမဖြစ် ပါဖို့ သတ်မှတ်ထားပါတယ်။ အဲဒီထဲက တစ်ဝက်ဟာ ရွေးကောက်ခံအမတ်တွေ ဖြစ်ပြီး တစ်ဝက်ကတော့ ခန့်အပ်ခံအမတ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသား စုစုပေါင်းရဲ့ တစ်ဝက်ကပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိခဲ့ပါတယ်။
နိုင်ငံအတော်များများမှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေအနေနဲ့ စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ (UN Women) ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ က ပြောပါတယ်။
"အန္တရာယ်ရှိတဲ့ စံနှုန်းတွေ၊ အမျိုးသမီး-အမျိုးသား ခွဲခြားမှုအခြေခံတဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ခွင့် တားဆီးခံနေရပါတယ်။ သတင်းမီဒီယာတွေမှာ ပုံသေသတ်မှတ်ဖော်ပြနေမှုတွေကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ တရားဝင် ပါဝင်ခွင့် နည်းပြီး အမျိုးသားတွေလောက် စွမ်းဆောင်နိုင်မှု နည်းပါးတယ်ဆိုတဲ့ အချက်ကို စွဲမြဲနေစေတာ ဖြစ်တယ်"လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ အမျိုးသမီးတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဖို့ ကန့်ကွက်တတ်ကြတယ်လို့ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ က ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ ငွေကြေးကွန်ရက်တွေမှာ ဝင်ခွင့်မရသလို အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသားကြီးစိုးတဲ့ နိုင်ငံရေးလောကထဲ ဝင်ခွင့်မရကြဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာ အာဖဂန်နစ္စတန်၊ အဇာဘိုင်ဂျန်၊ ဆော်ဒီအာရေဗျ၊ ဟန်ဂေရီ၊ ပါပူအာ နယူးဂီနီ၊ ဗာနူအာတူ၊ ယီမန်နဲ့ တူဗာလူ စတဲ့ နိုင်ငံပေါင်း ရှစ်နိုင်ငံမှာ နိုင်ငံတော်အဆင့် လွှတ်တော်တွေမှာ အမျိုးသမီးအမတ် လုံးဝ မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၃။ ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ ၁၅% လောက်ကိုပဲ အမျိုးသမီးခေါင်းဆောင် အုပ်ချုပ်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ၂၆ နိုင်ငံမှာပဲ နိုင်ငံ ဒါမှမဟုတ် အစိုးရအဖွဲ့ရဲ့ အကြီးအကဲအဖြစ် အမျိုးသမီး ဦးဆောင်တာ ရှိပြီး ဒါဟာ ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ ၁၅ % တောင် မရှိဘူးလို့ Women's Power Index အဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့ထဲမှာ ရာထူးတစ်ဝက် ဒါမှမဟုတ် တစ်ဝက်ကျော်ကို အမျိုးသမီးတွေ ရထားတဲ့ နိုင်ငံပေါင်းဟာ ၁၅ နိုင်ငံပဲ ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၄။ ၁၉၄၆ ခုနှစ်ကစလို့ နိုင်ငံပေါင်း ၈၀မှာ အမျိုးသမီးတွေ ဦးဆောင်အုပ်ချုပ်
၁၉၄၆ ခုနှစ်ကစလို့ အကြမ်းအားဖြင့် ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ ၄၀% ဖြစ်တဲ့ နိုင်ငံပေါင်း ၈၀ မှာ အမျိုးသမီးတွေက နိုင်ငံအကြီးအကဲ ဒါမှမဟုတ် အစိုးရအဖွဲ့အကြီးအကဲအဖြစ် အုပ်ချုပ်ခဲ့ကြတယ်လို့ အမျိုးသမီး သြဇာညွှန်းတမ်းက ဆိုပါတယ်။
ဘုရင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ သီရိလင်္ကာနိုင်ငံမှာ ၁၉၆၀ ခုနှစ်မှာတော့ ဆီရီမာဗို ဘန်ဒါရာနိုင်ခေ ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
"အဲဒီအချိန်ကစလို့ ဒီမိုကရေစီစနစ်ရဲ့ တွန်းအားပေးမှုအဖြစ် နောက်ထပ်နိုင်ငံအတော်များများမှာ အမျိုးသမီးတွေကို အမှုဆောင်ချုပ်အဖြစ် ခန့်အပ်လာခဲ့ကြတယ်"လို့ ဟာရီ က ပြောပါတယ်။
"ဒါပေမဲ့လည်း အများအားဖြင့် အဆင့်အမြင့်ဆုံး ရုံးဌာနတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေလောက် နေရာမရဘဲ ရှိနေကြဆဲပါ။ ဘယ်အချိန်ပဲကြည့်ကြည့်၊ နိုင်ငံရေး အမှုဆောင်ချုပ်ရာထူးတွေအားလုံးနီးပါးလောက်ဟာ အမျိုးသားတွေပဲ ဖြစ်နေကြဆဲပါပဲ"လို့ ဟာရီက ပြောပါတယ်။
အမျိုးသမီး ကိုယ်စားပြုပါဝင်ရေးက ဘာ့ကြောင့် အရေးပါတာလဲ
နိုင်ငံရေး ရုံးဌာနတွေမှာ အမျိုးသမီးတွေကို ပိုခန့်အပ်ထားရှိခြင်းအားဖြင့် အပြုသဘော ပြောင်းလဲမှုတွေ ရှိလာတယ် ဆိုတာကို လေ့လာချက်တွေက ဖော်ပြနေပါတယ်။
၂၀၂၁ ခုနှစ် ကော်လိုရာဒို ဘိုလ်ဒါ တက္ကသိုလ်ရဲ့ ၂၀၂၁ ခုနှစ် လေ့လာချက်အရ နိုင်ငံတော်အဆင့် လွှတ်တော်တွေမှာ အမျိုးသမီးတွေ ပိုသြဇာညောင်းလာချိန်မှာ အဲဒီနိုင်ငံတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ပိုရင်းနှီးမြှုပ်နှံလာကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အလားတူပဲ ကိန်းဘရစ်ချ်တက္ကသိုလ်ရဲ့ ၂၀၂၀ ခုနှစ်လေ့လာချက်ထဲမှာလည်း ဆာဟာရတောင်ပိုင်းဒေသ အာဖရိကန်နိုင်ငံတွေက လွှတ်တော်တွေမှာ အမျိုးသမီး ဦးရေ ပိုတိုးလာမှုဟာ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ် တိုးလာမှု၊ ကလေးငယ်တွေနဲ့ မွေးကင်းစကလေးတွေ အသေအပျောက် လျော့ကျလာမှုတွေနဲ့ ဆက်နွှယ်နေတာ တွေ့ရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အမျိုးသမီးအမတ်တွေ ပိုများတဲ့ လွှတ်တော်တွေက ပိုခိုင်မာတဲ့ ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေး မူဝါဒတွေ အတည်ပြု ချမှတ်ကြတယ်လို့ သြစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ်က သုတေသီတွေရဲ့ ၂၀၁၉ ခုနှစ် လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း အမျိုးသမီးတွေကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ဒီလိုရလဒ်မျိုး ထွက်လာမယ်လို့တော့ အာမမခံနိုင်ဘူးလို့ CFR အဖွဲ့ရဲ့ အမျိုးသမီးသြဇာ ညွှန်းတမ်းက ဂျိမ်းစ်က ပြောပါတယ်။
အမျိုးသမီးတွေဟာ တစ်သားတည်း မဟုတ်တာကြောင့် အားလုံးအနေနဲ့ အမျိုးသား အမျိုးသမီး တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်ရေး စတာတွေကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။












