ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာ့အရေး ဘာကြောင့် စိတ်ဝင်စားသလဲ

ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံရဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ အိမ်နီးချင်းမြန်မာ့အရေးကို ကြားဝင်ဖို့ ကြိုးစားနေပါတယ်။

သူတင်မက ညီမဖြစ်သူ ယင်လတ် ရဲ့ အစိုးရပါ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတာပါ။

မြန်မာနိုင်ငံနဲ့ ပြောစမှတ်ဖြစ်တဲ့ ပတ်သက်ဆက်နွှယ်မှုတွေရှိခဲ့သူ အသက် ၇၀ ကျော်အရွယ် သက်ဆင်ဟာ မြန်မာစစ်တပ်ခေါင်းဆောင်ဟောင်းတွေ နဲ့ အဆက်အဆံ ရှိခဲ့ဖူးသူပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ထိုင်းမှာတွေ့ခဲ့တဲ့ သက်ဆင်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့လည်း တွေ့ခွင့်တောင်းထားတယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ မြန်မာ့အရေး ကြားဝင်မှု အောင်မြင်နိုင်မလားဆိုတာကို နိုင်ငံရေးအကဲခတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

သက်ဆင် နဲ့ မြန်မာ

၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်မှာ သက်ဆင်အစိုးရကိုဖြုတ်ချပြီး ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၀၈ ခုနှစ်ကတည်းက သက်ဆင်က နိုင်ငံပြင်ပမှာ ၁၇ နှစ်ကြာအောင် ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

သူကပြည်ပြေးဘဝမှာတင် သက်ဆင်ဟာ မြန်မာပြည်က ဘောလုံးပရိသတ်တွေ သိကြတဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးဘောလုံးအသင်းကို ဝယ်ယူခဲ့မှုက ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

မနှစ်ကမှ ပြည်တော်ပြန်ဝင်လာတဲ့ သက်ဆင်ကို အဂတိမှုတွေနဲ့ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးဘက်က ဆုံးဖြတ်ထားတဲ့အမှုတွေထဲ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အမှုတစ်ခုလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပို့ကုန်-သွင်းကုန် (Exim) ဘဏ်က တစ်ဆင့် မြန်မာနိုင်ငံကို ချေးငွေ ဘတ် ၄ ဘီလီယံကို ခွင့်ပြုခဲ့တာမှာ သူ့ရဲ့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက မြန်မာစစ်အစိုးရကို ငွေချေးခဲ့တာဖြစ်ပြီး အကျိုးစီးပွားဆက်နွှယ်မှုနဲ့ ထောင် ၃ နှစ် ချမှတ်ခံထားရပါတယ်။

အဲဒီအမှုအပါအဝင် စုစုပေါင်း အမှု ၃ မှု အတွက် ထောင်ဒဏ် ၈ နှစ် တရားရုံးက ချမှတ်ခဲ့ပါတယ်။

မြန်မာက မစ္စတာသက်ဆင်မိသားစုပိုင်တဲ့ ရှင်ဂြိုဟ်တုလုပ်ငန်းထုတ်ကုန်တွေကို ဝယ်ယူနိုင်အောင် အတိုးနည်းနည်းနဲ့ ငွေချေးခဲ့တာဆိုပြီး တရားရုံးက ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေ နဲ့ ဆက်ဆံရေးရှိတဲ့ သက်ဆင်ဟာ ထောက်လှမ်းရေးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။

စီးပွားရေးသမားနောက်ခံကနေ နိုင်ငံရေးသမားဖြစ်လာသူ သက်ဆင်ဟာ စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ နဲ့လည်း ခင်မင်ပါတယ်။

ရန်ကုန်၊ လှိုင်မှာရှိတဲ့ MICT Park စတင်တည်ဆောက်တုန်းက သက်ဆင်ရဲ့ ရှယ်ယာတွေပါဝင်ခဲ့ပြီး ၄၀ ရာခိုင်နှုန်းကျော်အထိရှိတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုပြောပြီး နောက်ပိုင်းမှာတော့ သက်ဆင်က ရှယ်ယာတွေ ပြန်ထုတ်ယူသွားတာ လို့ သူကပြောပါတယ်။

‘’ဘာတွေဖြစ်နေတယ်ဆိုတာ ပြောရခက်တယ်။ ဒါပေမဲ့ သက်ဆင်က ယုံရတဲ့သူမဟုတ်ဘူး။ သူက နိုင်ငံတော်အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ ခရိုနီတွေနဲ့ စီးပွားရေးအရပတ်သက်မှုတွေ ရှိခဲ့တယ်။’’ လို့ မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ်လင့်တနာ က ဘီဘီစီကို ပြောပါတယ်။

မြန်မာ့အရေး သက်ဆင်ရဲ့ ခြေလှမ်းတွေ

ထိုင်းနိုင်ငံရဲ့ ဆောင်ခရန် (သင်္ကြန်ပွဲတော်)ကာလအတွင်းမှာပဲ ထိုင်း-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဘန်ကောက်မှာရုံးထိုင်တဲ့ ထိုင်းအစိုးရဟာ ကီလိုမီတာ ၂ ထောင်ကျော် နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုအတွက် စိုးရိမ်စိတ်တွေရှိခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့စေလွှတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်က အခြေအနေကို စောင့်ကြည့်လေ့လာဖို့ ထိုင်းကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေဟာ မဲဆောက်မြို့ အထိသွားခဲ့ရပါတယ်။

တိုက်ပွဲသတင်းတွေရဲ့ တခြားမျက်နှာစာမှာတော့ သက်ဆင်ဟာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ နဲ့ ချင်းမိုင်မှာ တွေ့ဆုံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်အမျိုးသားအစည်းအရုံး (KNO) တို့ နဲ့ ဧပြီ ၁၃ ရက်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

‘’သက်ဆင်က သင်္ကြန်ကာလမှာ ချင်းမိုင်မှာရှိနေတယ်။ အဲဒီကာလအတွင်းမှာ သီးခြားစီ ရက်ခွဲတွေ့တာလို့ နားလည်ပါတယ်’’ လို့ တွေ့ဆုံမှုကို သိရှိသူ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

သက်ဆင်ဟာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုတော့ ဧပြီ ၂၉ ရက်က ဘန်ကောက်မှာ တွေ့ဆုံခဲ့ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (၇)ဖွဲ့ အစည်းအဝေးကို မေလ (၇) ရက်နဲ့ (၈) ရက်မှာ ကျင်းပခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ အဖြစ် 7 NCA-S EAO ပြောင်းလဲဖွဲ့စည်းထားပြီး ပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့ပါဝင်ပါတယ်။

ဒီအဖွဲ့တွေလည်း မကြာခင် သက်ဆင် နဲ့ တွေ့နိုင်တဲ့အကြောင်း တိုင်းရင်းသားအရေးလေ့လာသူတွေက ပြောပါတယ်။

သူတို့အဖွဲ့ထဲက အဖွဲ့ဝင်တချို့ကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် နဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့တဲ့အကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဘီဘီစီ ကိုပြောပါတယ်။

‘’မြန်မာ့အရေးအတွက် သူ့ကို သုံးပါ’’ လို့ သက်ဆင်က ပြောတဲ့အကြောင်း တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ သိရှိသူတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

သက်ဆင်ဟာ လက်ရှိ နိုင်ငံရေး နဲ့ စစ်ရေးအခြေအနေတွေကို သိရှိချင်လို့ တွေ့ဆုံပွဲတွေပြုလုပ်တာလို့ ပြောခဲ့တဲ့အကြောင်း သက်ဆင် နဲ့ တွေ့ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တာဝန်ရှိသူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

‘’မြန်မာ့အရေးက ထိုင်းနိုင်ငံကိုပါ ဂယက်ရိုက်တဲ့အကြောင်း သက်ဆင်က ပြောပါတယ်’’ လို့ KNPP တာဝန်ရှိသူက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ သက်ဆင်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့လည်း တွေ့ခွင့်တောင်းထားတဲ့အကြောင်း စစ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‘’တွေ့ခွင့်တောင်းထားတာ နှစ်ပတ်ကျော်ကြာပြီ။ လူကိုယ်တိုင်တွေ့ခွင့်မရရင်တောင် အွန်လိုင်းကနေ တွေ့ဖို့ ခွင့်တောင်းထားတယ်’’ လို့ သိထားတဲ့အကြောင်း ဘီဘီစီ သတင်းအရင်းအမြစ်ကပြောပါတယ်။

သက်ဆင့် နည်းနာ

သက်ဆင်က သူ့ရဲ့ မြန်မာ့အရေး ကြိုးပမ်းချက်တွေကို သိုသိပ်ထားချင်ပါတယ်။

‘’သူကပွက်လောမရိုက်ချင်ဘူး။ သူနဲ့တွေ့တဲ့အဖွဲ့တွေကိုလည်း လို့ အဲဒီလိုမှာပါတယ်။’’ လို့ တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ထိုင်းစစ်တပ် နဲ့ သူ့ရဲ့ အတိုက်အခံတွေကို သတိထားနေပုံရတယ် လို့ အကဲခတ်တချို့က ပြောပါတယ်။

သက်ဆင်ရဲ့ မြန်မာ့အရေးကြိုးပမ်းချက်ဟာ ပုဂ္ဂိုလ်ရေးရည်မှန်းချက်ရှိတယ် လို့ ယူဆနိုင်တဲ့အကြောင်း မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ဘီဘီစီကို ပြောပါတယ်။

စီးပွားရေးသမားဖြစ်သူ လက်ရှိထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင် ကို ဖွေထိုင်းပါတီက တင်မြှောက်ထားတာဖြစ်ပြီး သက်ဆင်ရဲ့ အငယ်ဆုံးသမီး ပယ်ထုံထန်း က ပါတီခေါင်းဆောင် ဖြစ်ပါတယ်။

‘’ထိုင်းဝန်ကြီးချုပ်ရော ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပါ သက်ဆင် သြဇာမကင်းပါဘူး’’ လို့ ထိုင်းအခြေစိုက် နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စီးပွားရေးပုံမှန်လည်ပတ်မှ ပြဿနာနည်းမှာ ဖြစ်ပြီး ပြဿနာနည်းမှ သူ့ပါတီ သြဇာဆက်လက်တည်မြဲမယ်ဆိုတာ သက်ဆင်ရဲ့ စဉ်းစားနည်း လို့ သူက ပြောပါတယ်။

ထိုင်းမြန်မာ နယ်စပ် မြန်မာဘက်ခြမ်းက တိုက်ပွဲတွေကြောင့် ထိုင်းရဲ့နယ်စပ်တည်ငြိမ်ရေး နဲ့ စီးပွားရေးအပေါ် သက်ရောက်လာတာကို သက်ဆင်က အလိုမရှိဘူး လို့ စီးပွားရေးလုပ်ငန်းရှင်တချို့ကလည်း သုံးသပ်ကြပါတယ်။

သက်ဆင် က မြန်မာနိုင်ငံကို စီးပွားရေးအမြင် နဲ့ ကြည့်ခဲ့တာ သူဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ဖြစ်ပါတယ်။

မြန်မာ - ထိုင်း - လာအို - ကမ္ဘောဒီးယား (၄) နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ တည်ထောင် ဖို့ ၂၀၀၃ ခုနှစ်က ဝန်ကြီးချုပ် သက်ဆင်က အဆိုပြုခဲ့တာဖြစ်ပါတယ်။

ဧရာဝတီ - ကျောက်ဖယား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (Ayeyawady - Chao Phraya – Mekong Economic Cooperation Stategy -ACMECS) လို့ အမည်ပေးထားတဲ့ ဒီမဟာဗျူဟာက သက်ဆင်ရဲ့ ဒေသတွင်း အမြင်ကိုပါ ထင်ဟပ်စေပါတယ်။

ACMECS ရဲ့ အဓိက ရည်ရွယ်ချက်တွေထဲက တစ်ခုက နယ်စပ်တလျှောက် စီးပွားရေးယှဉ်ပြိုင်နိုင်မှုတိုးတက်စေပြီး အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးမြှင့်တင်ဖို့ ဖြစ်ပါတယ်။

‘’စစ်မြေပြင်ကနေ စီးပွားရေးစျေးကွက်အဖြစ်ပြောင်းဖို့ ကြိုးစားတာက သက်ဆင့် နည်းပဲ’’ လို့ ထိုင်းမြန်မာအရေး ကျွမ်းကျင်သူ အကဲခတ်တစ်ဦးက ပြောပါတယ်။

လက်ရှိ ထိုင်းမြန်မာ နယ်စပ်က မတည်ငြိမ်မှုတွေက သက်ဆင် ဖြစ်ချင်ခဲ့တာတွေ နဲ့ ဆန့်ကျင်ဘက်အနေအထား ဖြစ်နေပါတယ်။

ပြည်တော်ပြန်ဝင်လာတဲ့ သက်ဆင် ကျခံရမယ့် ထောင်ဒဏ် ရှစ်နှစ်ကို ထိုင်းဘုရင်က လျှော့ပေါ့ပေးထားပြီး

သက်ဆင်ကလည်း ပြည်တွင်းနိုင်ငံရေးမှာ ဝင်မပါဘဲ တိတ်တိတ်ဆိတ်ဆိတ် နေပါတယ်။

ဒါပေမဲ့ ဒေသတွင်း အရေးမှာတော့ သက်ဆင် ဝင်လာပြီး သူ့ကို ‘’အာဆီယံရဲ့ စီနီယာ ရပ်မိရပ်ဖ’’ အဖြစ် လက်ခံထားသူတချို့လည်း ရှိပါတယ်။

သက်ဆင့် မဟာမိတ် ဟွန်ဆန်

သက်ဆင်ဟာ မြန်မာ့အရေး နဲ့ ပတ်သက်လို့ ကျန်တဲ့ အာဆီယံ ၈ နိုင်ငံကိုပါ ဆက်သွယ်ထားပြီးတဲ့အကြောင်း ထိုင်းမြန်မာအရေး ကျွမ်းကျင်သူ အကဲခတ်က ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

သက်ဆင် ရဲ့ တကျော့ပြန် ဒေသတွင်းနိုင်ငံရေးလမ်းခရီးမှာ အကူအညီပေးမယ့်သူက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့ မိတ်ဆွေဟောင်းတွေဖြစ်ကြပြီး သက်ဆင် အချုပ်က လွတ်လို့ နေအိမ်ပြန်‌ရောက်ချိန်မှာ ပထမဆုံးလာတွေ့သူက ဟွန်ဆန် ဖြစ်ပါတယ်။

ဘန်ကောက်ကို သီးသန့်လေယာဉ် နဲ့ လာရောက်ခဲ့တဲ့ ဟွန်ဆန် နဲ့ သက်ဆင် တွေ့ဆုံမှုမှာ သက်ဆင်ရဲ့ သမီးငယ် ဖွေထိုင်းပါတီ ခေါင်းဆောင် ပေထုံတန် လည်း ပါဝင်ခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ကမ္ဘောဒီးယား-ထိုင်း ဆက်ဆံရေး၊ အာဆီယံ-မြန်မာဆက်ဆံရေး နဲ့ အာဆီယံ-တရုတ်ဆက်ဆံရေး အကြောင်းဆွေးနွေးခဲ့ကြနိုင်တယ် လို့ ဒေသတွင်းနိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

သက်ဆင် နဲ့ ဟွန်ဆန် ရဲ့ နိုင်ငံရေးအမြင်နဲ့ ပတ်သက်လို့ ‘’တရုတ် မငြိုငြင်အောင် သတိထားမယ်၊ အမေရိကန် နဲ့ တရတ်ကြားမှာ ကြားမညပ်အောင်နေမယ်၊ မြန်မာကို ဖျောင်းဖျမယ်။’’ ဆိုတဲ့ မူကို လက်ကိုင်ထားကြတာတွေ့ရတယ် လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဟွန်ဆန်ဟာ လက်ရှိ ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဆက်အသွယ်ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဟွန်ဆန် တို့ မေလ ၇ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြပြီး အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောခွင့်ရဖို့ ဟွန်ဆန်က ခွင့်‌တောင်းခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ တွေ့ဆုံမှုတွေနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ တောင်းဆိုတာတွေဟာ ဆက်စပ်မှုရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဘီဘီစီကို ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲမတည်ငြိမ်မှုတွေကို ‌ဒေသတွင်းနိုင်ငံတွေလည်း ကြုံနေရတာကြောင့် မြန်မာ့အရေးကို စောင့်ကြည့်နေကြတယ်လို့လည်း သူကသုံးသပ်ပါတယ်။

လွယ်သလား ခက်သလား သက်ဆင်

‘’ စီအီးအို ဝန်ကြီးချုပ်’’ လို့ တင်စားခံရတဲ့ စီးပွားရေးရော နိုင်ငံရေးအတွေ့အကြုံပါရှိသူ သက်ဆင်ရဲ့ အကူအညီဟာ မြန်မာ့အကျပ်အတည်းမှာ တစုံတရာ ပြေလည်ကောင်းရဲ့ လို့ အပြုသဘောမြင်သူတချို့ရှိကြပါတယ်။

မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာအကူအညီလိုအပ်တာကို မျက်ကွယ်ပြုလို့မရဘူး လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

‘’သက်ဆင်က ထိုင်းအစိုးရကိုကိုယ်စားမပြုပေမယ့် သူ့ရဲ့အရေးပါမှုက ရှိနေတယ်’’ လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာလစ်ဆန်ညမ်ဖုမ် ကတော့ သက်ဆင်ရဲ့ တွေ့ဆုံမှုတွေဟာ ထိုင်းအစိုးရအဖွဲ့နဲ့ သက်ဆိုင်မှုမရှိဘူးလို့ သတင်းထောက်တွေကို ပြောထားပါတယ်။

သက်ဆင် နဲ့ တွေ့ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တာဝန်ရှိသူတစ်ဦးကလည်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေနဲ့ မြန်မာစစ်တပ်အဆက်ဆက်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ပြပါတယ်။

“ဦးနေဝင်းခေတ်၊ ဦးသန်းရွှေခေတ်ကတည်းက သူတို့က ရင်းနှီးနေကြတော့ ဟိုဘက်ပဲ အားသာမယ် လို့ ထင်တယ်။ တိုင်းရင်းသားနဲ့တွေ့ပြီးရင် ဦးမင်းအောင်လှိုင်နဲ့တွေ့လို့ရရင်တွေ့မယ်ဆိုတာကို သူ ပြောနေတယ်” လို့ KNPP တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သက်ဆင် နဲ့ မြန်မာစစ်တပ်ရဲ့ အတိတ်ကဆက်ဆံရေးကောင်းကို အသိအမှတ်ပြုခဲ့ပေမဲ့ လက်ရှိ နှစ်နိုင်ငံ အစိုးရချင်း၊ စစ်တပ်ချင်းဆက်ဆံရေးအကြောင်းကိုပဲ အဓိကထားဖြေဆိုပါတယ်။

အထူးသဖြင့် သူတို့ကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကို ထိုင်းနိုင်ငံရဲ့မြေကိုအသုံးချခွင့်မပေးဖို့ကိုပဲ အလေးထား ပြောပြီး သက်ဆင်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ များများစားစားမပြောခဲ့ပါဘူး။

‘’သက်ဆင်က မြန်မာစစ်တပ် နဲ့ အတိတ်က ဆက်ဆံရေးကောင်းရှိခဲ့ပေမဲ့ လက်ရှိလူတွေက သူစကားပြောခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်တွေ မဟုတ်တော့ဘူး’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

မြန်မာ့အရေး နဲ့ ဒေသတွင်းအရေးကိုနှံ့စပ်တဲ့ သတင်းစာဆရာ ဘာတေးလ်လင့်တနာ ကတော့ သက်ဆင်ဟာ ငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်ရလောက်အောင် အခြေအနေတွေကို သိနားလည်ထားတာမရှိဘူး လို့ သုံးသပ်ပါတယ်။

‘’သက်ဆင်ဝင်လုပ်လို့ ရှုပ်ထွေးကုန်တာပဲ ရှိမယ်’’ လို့ ဘာတေးလ်လင့်တနာ က ပြောပါတယ်။

ကုလသမဂ္ဂကစလို့ တရုတ်၊ဂျပန် နဲ့ အာဆီယံ အထူးကိုယ်စားလှယ်တွေ အနေနဲ့ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပေါ်လာတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြားဝင်ဆောင်ရွက်မှုက သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ မရသေးပါဘူး။

လူထုထောက်ခံမှု ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သက်ဆင်က ထိုင်းနိုင်ငံရေးမှာ အကြိမ်ကြိမ်ပြသခဲ့ပြီးပါပြီ။

မြန်မာ့အရေးနဲ့ပတ်သက်လို့ သူ့ရဲ့ ချဉ်းကပ်မှု အောင်မြင်ခဲ့ရင်တော့ သက်ဆင်အတွက် နောက်ထပ်မှတ်တိုင်သစ် တစ်ခုဖြစ်လာမှာပါ။

‘’ ဘက်အသီးသီးတွေကြားမှာ စကားပြောကြဖို့ ကျွန်တော်က ကူညီပေးမှာပါ။ တကယ်ပြေလည်အောင် လုပ်ကြရမှာက မြန်မာတွေကိုယ်တိုင်ပဲ’’ လို့ သက်ဆင်ကပြောခဲ့တဲ့အကြောင်း တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။