ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Black Friday နေ့ ဆိုတာဘာလဲ၊ စျေးဝယ်ဖို့ အတွက် အကောင်းဆုံးနေ့လား
- ရေးသားသူ, ဖါနန်ဒို ဒူတာဒေး
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
ကမ္ဘာတဝန်းလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ငွေတွေကို သုံးစွဲလိုက်ဖို့ ရည်ရွယ်ထားသည်ဖြစ်စေ၊ မသုံးစွဲသည်ဖြစ်စေ နိုဝင်ဘာ ၂၉ ရက်မှာ ဘလက်ဖရိုက်ဒေး (Black Friday)နေ့ ရောက်တော့မယ်ဆိုတာကိုတော့ အားလုံး သတိထားမိနေကြပါတယ်။
အဝင်အီးမေးလ်တွေနဲ့ အွန်လိုင်းအရောင်းဆိုင်တွေပေါ်မှာ “အခုဝယ်ထားမှ စိတ်ချရမယ်”၊ “လက်လွတ်မခံနဲ့”၊ “လျှော့စျေးနဲ့ရတာ ဒါနောက်ဆုံးပဲ” ဆိုတဲ့ စာသားတွေက နေရာယူနေပါပြီ။
အဲဒီနေ့မှာ လက်လီအရောင်းဆိုင်တွေဟာ စျေးနှုန်းတွေကို ယာယီလျှော့ချထားကြပြီး ဝယ်မယ့်သူ တွေ ငွေများများသုံးစွဲဖို့ ရည်ရွယ်ခဲ့တဲ့ အမေရိကန်ယဥ်ကျေးမှုဟာ အခုဆိုရင် ကမ္ဘာ့ အစဥ်အလာလို ဖြစ်လို့နေပါပြီ။
တဖက်မှာလည်း ဘလက်ဖရိုက်ဒေး (Black Friday)နေ့ဟာ နှစ်တစ်နှစ်ရဲ့ စျေးဝယ်ဖို့ အကောင်းဆုံးရက် ဘယ်လို ဖြစ်လာရတာလဲ။ စျေးဝယ်သူတွေအတွက် အမြဲတမ်းလိုအပ်တဲ့ သတင်းကောင်း ဘာကြောင့် မဖြစ်ခဲ့ရတာလဲဆိုတဲ့ မေးခွန်းတွေလည်းရှိနေပြန်ပါတယ်။
ဘလက်ဖရိုက်ဒေး ဘယ်လိုစဖြစ်လာလဲ
ဘလက်ဖရိုက်ဒေးနေ့ကို အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်ချီးမွန်းခြင်းနေ့ကျင်းပပြီးနောက် နိုဝင်ဘာ နောက်ဆုံးပတ် အားလပ်ရက်မှာ လုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဘလက်ဖရိုက်ဒေး ဆိုတဲ့မူလအစ ဝေါဟာရက စျေးဝယ်တာနဲ့ တိုက်ရိုက်သက်ဆိုင် နေခဲ့တာတော့ မဟုတ်ပါဘူး။ ရည်ညွှန်းမယ်ဆိုရင်တော့ ၁၈၆၉ ခုနှစ်မှာ ရွှေစျေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာတာကနေ ပထမဆုံးစခဲ့တာလို့တော့ ပြောလို့ရပါတယ်။
၂၀ ရာစု အလယ်ပိုင်းမှာတော့ အားလပ်ရက်အပြီး နောက်တစ်ရက်အနေနဲ့ ဆက်ပြီး ပိတ်ရက်ပေးဖို့ အမေရိကန်လုပ်သားထုက တောင်းဆိုမှုနဲ့လည်း ဆက်နွှယ်နေပြန်ပါတယ်။
ဘလက်ဖရိုက်ဒေးနေ့မှာ မြို့က လူတွေ တိုးမပေါက်အောင် စျေးဝယ်ကြတယ်ဆိုပြီး ဖီလာဒဲဖီးယားပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောခဲ့ပါတယ်။
၁၉၈၀ ခုနှစ်တွေအရောက်မှာတော့ စျေးသည်တွေဟာ ဘလက် ဖရိုက်ဒေး နေ့ကို ပိုပြီးအပြုသဘောဆောင် ရှုမြင်လာကြပါတယ်။
စရင်းစစ်အဖွဲ့တွေဟာ အရှုံးပြနေတဲ့ အနီရောင်ငွေစရင်း ခေါင်းစဥ်တွေကို အမည်းရောင်အနေနဲ့ပြောင်းလဲ ခြေဖျက် ပစ်လာနိုင်တာကြောင့် ဆိုင်ပိုင်ရှင်တွေအတွက် အဲဒီနေ့ဟာ အမြတ် စရတဲ့နေ့လို ဖြစ်လာပါတယ်။
အဲဒီနောက်မှာတော့ ဘလက်ဖရိုက်ဒေးဟာ အကြီးအကျယ်စျေးလျော့ရောင်းတာနဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူတွေ အလုအယက်စျေးဝယ်ယူကြတဲ့သရုပ်သကန်အဖြစ် ပြောင်းလဲလာပါတယ်။
ဘလက်ဖရိုင်းဒေးကိုအမှီပြုပြီး ဆိုက်ဘာ တနင်္လာနေ့ (Cyber Monday) ဆိုပြီးလည်း အွန်လိုင်းစျေးဆိုင်တွေက တနင်္လာနေ့ကို ဝယ်လိုအားတက်အောင် အရောင်းမြင့်တင်လာကြတာမျိုးတွေလည်း ရှိပါတယ်။
တဖက်မှာလည်း ဘလက်ဖရိုက် ဒေးနေ့ကို ကမ္ဘာ့တခြားနိုင်ငံတွေကိုရော၊ တိုက်ကြီးတွေပျံ့နှံ့သွားပါတယ်။ များသောအားဖြင့် အင်တာနက်ပေါ် ပိုပြီး ပျံ့နှံ့တာဖြစ်ပါတယ်။
ဘလက် ဖရိုက်ဒေး စျေးကွက် ဘယ်လောက်ကြီးလဲ
၂၀၂၃ ခုနှစ်က ဘလက်ဖရိုက်ဒေးနေ့မှာ ကမ္ဘာတဝန်း အွန်လိုင်းပေါ်ကနေ အမေရိကန်ဒေါ်လာ ၇၀.၉ ဘီလျံဖိုး စျေးဝယ်ခဲ့ကြတယ်လို့ အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ ဆေးဖို့လ်(Salesforce) ရဲ့ သုတေသနပြု လုပ်ချက် တွေအရ သိရပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်ကထက် ၈ ရာခိုင်နှုန်း ပိုများ လာတာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာတော့ ဘလက်ဖရိုက်ဒေး စျေးရောင်းပွဲကို ၂၀၁၀ ခုနှစ်ရောက်မှ စတင်ခဲ့တယ်ဆိုပေမဲ့ ခရစ္စမတ်နေ့ဝန်းကျင်မှာ သမိုင်းဝင်အစဥ်အလာအရ ကျင်းပတဲ့ ခရစ္စမတ်ပြီးနောက်တစ်ရက် ဘောက်ဆင်ဒေး(Boxing Day) စျေးရောက်ပွဲ စံချိန်ထက်ကျော်လွန်သွားခဲ့ပါတယ်။
အဲဒီကာလမှာ စျေးဝယ်သူတွေဟာ ဒေါ်လာ ၉ ဘီလျံလောက်သုံးစွဲနိုင်ခြေရှိတယ်လို့ PwC ငွေကြေးအတိုင်ပင်ခံကုမ္ပဏီက ခန့်မှန်းပါတယ်။
အာဖရိကမှာဆိုရင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ တစ်ရက်ထဲမှာ ငွေပေးချေတဲ့ ပမာဏဟာ နိုင်ဂျီးရီးယား၊ တောင်အာဖရိကနဲ့ ကင်ညာနိုင်ငံတဝန်းက နေ့စဥ်ပုံမှန်ငွေပေးချမှု ပမာဏထက် ၈၃ ရာခိုင်နှုန်း ပိုများခဲ့တယ်လို့ အွန်လိုင်းငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်း ပေးယူ(PayU) က ထုတ်ပြန်ပါတယ်။
လက်ရှိဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားနိုင်ငံဟာ မနှစ်က ဘလက်ဖရိုက်ဒေး ကာလအတွင်း အီလက်ထရောနစ်ကုန်သွယ်မှု(E-commerce) ၁၀၄ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း PayU ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါပေမယ့်လည်း ဘလက်ဖရိုက်ဒေးဟာ နိုဝင်ဘာလရဲ့ တစ်ခုထဲသော ကမ္ဘာလုံးဆိုင်ရာ စျေးဝယ်နေ့ကြီးတော့ မဟုတ်ပါဘူး။
ပြင်သစ်လူမျိုးတွေကတော့ သူတို့ရဲ့ ခရေစီဖရိုင်းဒေး Vendredi Fou (Crazy Friday) နေ့မှာ စျေးဝယ်ကြမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ သီတင်းတစ်ပတ်ကြာမြင့်တဲ့ အဓိကစျေးပွဲတော်နေ့ စင်ဂယ်ဒေး(Singles Day)ကို နိုဝင်ဘာ ၁၁ နောက်ဆုံးထားပြီး ကျင်းပကြပါတယ်။
မက္ကဆီကန် လူမျိုးတွေကတော့ နိုဝင်ဘာ ၂၀ ရက်နေ့ဝန်းကျင်မှာ စပိန်ဘာသာနဲ့ ဆိုရင် ကောင်းမွန်တဲ့သီတင်းပတ်ကုန်ပိုင်း (El Buen Fin de Semana) လို့ ခေါ်တဲ့ အမျိုးသားအောင်ပွဲ အလုပ်အားလပ်ရက်မှာ စျေးဝယ်ကြပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာတော့ သောကြာနေ့ဟာ ဆိုတာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာ နေ့ထူးနေမြတ်ဖြစ်တာကြောင့် ဝှိုက် ဖရိုက်ဒေး(White Friday) ဖြူစင်တဲ့သောကြာနေ့ ဆိုပြီး ဘလက်ဖရိုက်ဒေးကို ပြောင်းလဲ သုံးစွဲကြပါတယ်။
ဘလက်ဖရိုက်ဒေး နေ့ဟာ စျေးဝယ်ဖို့ အကောင်းဆုံးနေ့လား
အဖြေက မရိုးရှင်းလှပါဘူး။
ဗြိတိန်နိုင်ငံမှာ ၂၀၂၂ ခုနှစ်က ဘလက်ဖရိုင်းဒေးနေ့ စျေးဝယ်သူတွေကို လုပ်ခဲ့တဲ့ သုတေသနရလဒ်တွေ မှာတော့ ဘလက်ဖရိုက် ဒေး နေ့မှာ လျော့စျေးနဲ့ရောင်းတဲ့ပစ္စည်းတွေဟာ လွန်ခဲ့တဲ့ ၆ လက စျေးချပြီး ရောင်းတဲ့ စျေးနှုန်းတွေနဲ့တူညီနေပြီး စျေးပိုကြီးတာတွေတောင် ရှိတယ်နေပါတယ်။
တဖက်မှာလည်း စျေးဝယ်သူတွေကိုအွန်လိုင်းဝန်ဆောင်မှုပေးနေတဲ့ (MoneySavingExpert) ဝဘ်ဆိုဒ် က ၂၀၂၃ ခုနှစ်အတွင်း ရှာဖွေမှုအများဆုံး ကုန်ပစ္စည်းအမှတ်တံဆိပ် ၅၀ ကို လေ့လာကြည့်တဲ့အခါ အမှတ်တံဆိပ် ၃၅ မျိုးဟာ ခရစ္စမတ်မတိုင်ခင် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရောင်းတဲ့ စျေးနှုန်းထက် ဘလက်ဖရိုက် ဒေးနေ့မှာ ရောင်းတဲ့စျေးနှုန်းက ပိုသက်သာတာတွေ့ရတယ်လို့ ပြောပါတယ်။
ဘရာဇီးနိုင်ငံက စျေးဝယ်သူတချို့ကတော့ ဘလက်ဖရိုက်ဒေး မတိုင်ခင် ရက်ပိုင်းအလိုမှာ စျေးနှုန်းတွေ ကြို တက်ထားကြပြီး ဘလက်ဖရိုက် ဒေးနေ့မှာ လျော့စျေးပေးတာကို ပျက်ရယ်ပြုခဲ့ကြပြီး “အတုအယောင်၊ လိမ်လည်တာတွေပြန်လာတာ”(Back Fraud) လို သုံးနှုန်းကြပါတယ်။
ရောင်းသူနဲ့ ဝယ်သူနှစ်ဘက်စလုံးဟာ လိမ်ညာမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်သတိပေးတာမျိုးတော့လည်း ရှိပါတယ်။
လိမ်လည်မှုတွေအများဆုံးဟာ အဝတ်အစားဝယ်ယူတာနဲ့ဆက်နွယ်နေပြီး ဘလက်ဖရိုက်ဒေးနေ့ ဝန်းကျင်မှာ ၃ ပုံ ၂ ပုံအထိမြင့်တက်ခဲ့တယ်လို့ Lloyds ဘဏ်က သုံးသပ်ထားပါတယ်။
ဗြိတိန်နိုင်ငံမှာ ၂၀၂၁ ခုနှစ်က အင်တာနက်ပေါ်ကနေ ငွေကြေးလိမ်လည်မှုတွေဟာ ဘလက်ဖရိုက်ဒေးနေ့ ဝန်းကျင်မှာ ၂၉ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်လို့လည်း Lloyds ဘဏ်က ပြောပါတယ်။
လိမ်လည်မှုတွေကို ရှောင်ရှားပြီး စမတ်ကျကျ ဘယ်လိုစျေးဝယ်မလဲ။
ဘလက်ဖရိုက်ဒေး နေ့မှာ ဆန္ဒအလျောက်ကုန်ပစ္စည်းတွေကို အလုအယက်ဝယ်ယူကြပြီး ပစ္စည်းအများစုကို ပြန်ပို့လာတာမျိုးရှိတတ်လာတာကြောင့် ဗြိတိန်နိုင်ငံရဲ့ လက်လီစျေးကွက်လေ့လာသုံးသပ်သူတွေက ဒီဇင်ဘာ ၃ ရက်နေ့ကို ပစ္စည်းပြန်ပို့တဲ့ ကြာသပတေးနေ့ "Returns Thursday" လို့ ဟာသနှောပြီး ရည်ညွှန်းကြပါတယ်။
အဲဒီနေ့မှာ ပစ္စည်းပို့ဆောင်ရတာဟာ နှစ်တစ်နှစ်ရဲ့ အခြားရက်တွေထက် ပိုများတယ်လို့ e-commerce ကုန်သွယ်မှုအဖွဲ့ IMRG ကပြောပါတယ်။
ကာလတိုအတွင်း အထူးလျော့စျေးနဲ့ ရုတ်တရက် စျေးရောင်းချတာဟာ ဝယ်မယ့်သူအတွက် ကြာကြာစဥ်းစားချိန် မရဘဲ ဝယ်ဖြစ်ကြတာများတယ်လို့ စားသုံးသူအခွင့်အရေးတက်ကြွလှုပ်ရှားရေးအဖွဲ့တွေက ပြောပါတယ်။
"အွန်လိုင်းမှာဆို ပိုလို့တောင် ခက်ပါသေးတယ်၊ လက်လီအရောင်းဆိုင်တွေဟာ စားသုံးသူတွေအပေါ် အတင်းဝယ်ခိုင်းတဲ့ ဗျူဟာတွေကို ကျင့်သုံးဖို့ ပိုပြီးလွယ်တာပေါ့'' လို့ လန်ဒန်မြို့အခြေစိုက် ပရဟိတ ငွေကြေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမူဝါဒရေးရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရိန်းဆမ်ပယ်က ဘီဘီစီကို ပြောပါတယ်။
အကြမ်းဖြင်း အကြံပြုချက်ကတော့ လူတွေဟာ အွန်လိုင်းပေါ်ကနေ ဝယ်ယူမယ့်ပစ္စည်းကို ကလစ် မနှိပ်ခင်နဲ့ ပိုက်ဆံအိတ်ကို မဖွင့်ခင် ၂ ခါပြန်စဥ်းစားပါလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
ဒါပေမဲ့ အခြေခံလိုက်နာရမယ့်အချက်တွေကိုလည်း ကျွမ်းကျင်သူတွေက အကြံပြုထားကြပါသေးတယ်။ အထိပ်တလန့် ဖြစ်ပြီး အလျင်စလို မဝယ်ပါနဲ့။ ကိုယ်တိုင်စိတ်တိုင်းကျရှာဖွေပါ။ စျေးနှုန်းတွေကို နှိုင်းယှဥ်ကြည့်ပါ။ စျေးမှန်ဖြစ်နေရင်တောင်မှ ကိုယ်နဲ့အကျွမ်းတဝင်မဖြစ်တဲ့ အင်တာနက်စာမျက်နှာတွေကနေ မဝယ်ပါနဲ့။ နောက်လူတစ်ယောက်ရဲ့ အကြံဥာဏ်ကို ယူပါ။ ပစ္စည်းနဲ့စျေးနှုန်း ကိုက်ညီမှု ရှိ မရှိ စစ်ဆေးကြည့်ပါ။ သုံးသပ်ချက်တွေကို ရှာဖွေဖို့ အတုအယောင် တွေကို ရှောင်ရှားပြီး ယုံကြည်စိတ်ချရတဲ့ ဝဘ်ဆိုဒ်တွေကို အသုံးပြုပါ။ တစ်စုံတစ်ရာ မှားယွင်းမှုတွေရှိလာရင် ငွေရှင်းခရက်တစ်ကဒ်ရဲ့ လုံခြုံရေးကိုထပ်ပြီးတိုးမြင့်ပါ။ သင်အသုံးပြုနေတဲ့ နေရာကနေ ငွေပေးချေတာတွေကို သေချာအောင် လုပ်ပါ။