ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားတို့ရဲ့ ပင်လယ်နက် ရေတပ်စခန်း ဌာနချုပ် တိုက်ခိုက်ခံရ - စက်တင်ဘာ ၂၃ ရက် ထိပ်တန်း နိုင်ငံတကာ သတင်းများ
အသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသမှာ ရှိတဲ့ ရုရှားတို့ရဲ့ ပင်လယ်နက် ရေတပ်စခန်း ဌာနချုပ်ဟာ သောကြာနေ့တုန်းက ဒုံးကျည်နဲ့ တိုက်ခိုက်ခံ ခဲ့ရတာမှာ ထိခိုက်ဒဏ်ရာ ရသွားကြသူတွေထဲ ရုရှား ရေတပ် အရာရှိ ကွန်မန်ဒါတွေလည်း ပါဝင်တယ် ဆိုပြီး ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲ ကေရီလို ဘူဒါနော့ဗ် Kyrylo Budanov က ပြောပါတယ်။
ဆယ်ဗက်စ်စတိုလ်ပိုး မြို့မှာ ရှိတဲ့ ရုရှားတို့ရဲ့ ရေတပ်စခန်း ဌာနချုပ် တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ အနည်းဆုံး ၉ ဦး ရှိပြီး၊ ဒဏ်ရာရသူတွေလည်း ၁၆ ယောက် ရှိတယ်လို့ ဆိုပါတယ်။
ပင်လယ်နက် ရေတပ်စစ်သင်္ဘောအုပ်စုရဲ့ အရာရှိတွေ အစည်းအဝေးလုပ်နေကြတုန်း ဌာနချုပ်စခန်းကို ဒုံးကျည် ထိမှန်ခဲ့တာလို့လည်း တိုက်ခိုက်ခဲ့တဲ့ ယူကရိန်း အထူးတပ်ဖွဲ့ဘက်က ပြောပါတယ်။ ယူကရိန်းဘက်က ပြောဆိုတဲ့ အသေးစိတ် ကိန်းဂဏန်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အကြံပေးတစ်ယောက် ဖြစ်တဲ့ အန်ဒရီ ကော်တူနော့ဗ်ကတော့ အခုလို ဆိုပါတယ်။
“ ဒီတိုက်ခိုက်မှုဟာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှု အပိုင်းအရတော့ အရေးကြီးနိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တာဝေးပစ် ဒုံးကျည်သုံးပြီး တိုက်ခိုက် ခံရတာ ဖြစ်ပြီး၊ အသုံးပြုတဲ့ ဒုံးလက်နက်ကလည်း ဖျက်စွမ်းအား သိသိသာသာ ပြင်းထန်ပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုဟာ စစ်ရေးတစ်ခုလုံးကို ပြောင်းသွားနိုင်လောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် သက်ရောက်မှုမျိုးတော့ မရှိလှပါဘူး” ဆိုပြီး ပြောသွားပါတယ်။
တောင်ကိုရီးယားကို ပေးထားသလိုမျိုး ATACMS ဒုံးစနစ်ကို ယူကရိန်းကို အမေရိကန် ပေးပြီလား
ယူကရိန်းကို အမေရိကန်အစိုးရက အတက်ခ်အမ်စ် ATACMS လို့ အတိုကောက် ခေါ်တဲ့ Army Tactical Missile System ဗျူဟာမြောက် တာဝေးပစ် ဒုံးကျည် စနစ် ပံ့ပိုးပေးဖို့ သဘောတူလိုက်ပြီ ဆိုပြီး အမေရိကန် မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲက အတွင်းဘက် နေရာတွေထိ လက်လှမ်းမှီအောင် တိုက်ခိုက်နိုင်ဖို့ရာ ဒီဒုံးကျည်စနစ် ရရှိဖို့ ယူကရိန်းဘက်က ထပ်ပြန်တလဲလဲ တောင်းဆိုနေခဲ့ပါတယ်။
အခု သမ္မတဘိုင်ဒင် အစိုးရက အတက်ခ်အမ်စ် ကို ပေးတော့မယ် ဆိုတာကို နှစ်ဖက် အာဏာပိုင်တွေဘက်က တရားဝင် အတည်ပြုချက်တော့ ထွက်မလာသေးပါဘူး။
သူပုန်တွေ စစ်တန်းလျား ပြန်ရင် ဆွေးနွေးမယ်လို့ ဆူဒန် စစ်ခေါင်းဆောင် ပြော
စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ် ဖာ့တာဟ် အယ်လ်-ဘူရ်ဟန်က က သူ့အနေနဲ့ သူပုန်တပ်ဖွဲ့ ခေါင်းဆောင်နဲ့ ဆွေးနွေးလိုစိတ် ရှိတယ်ဆိုပြီး ဘီဘီစီကို ပြောပါတယ်။
ဆူဒန်နိုင်ငံကို ထိန်းချုပ်နိုင်ဖို့ရာ လက်နက်ကိုင်အဖွဲ့ RSF နဲ့ ဆူဒန်စစ်တပ်တို့ တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။ ဆွေးနွေးဖို့ကို မူအရ သဘောတူပေမယ့် RSF ဘက်က လိုက်နာရမှာတွေ ရှိတယ် ဆိုပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေရာ နယူးယောက်မြို့ကို ရောက်နေတဲ့ ဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ် ဖာ့တာဟ် အယ်လ်-ဘူရ်ဟန်က သူ ရှားရှားပါးပါး ပေးတဲ့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ အခုလို ဆိုပါတယ်။
“အသိဥာဏ်ကင်းမဲ့ပြီး လုပ်ချင်ရာလုပ်နေတဲ့ အဲဒီ အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းက သူတွေ အသိတရား ပြန်ဝင်ဖို့လိုတယ်။ လူနေ ရပ်ရွာတွေကနေ သူတို့ တပ်တွေကို ပြန်ဆုတ်သွားပြီး၊ ကိုယ့်တပ်စခန်းတွေမှာပဲ ကိုယ်ပြန်နေကြဖို့ လိုတယ်” ဆိုပြီး ဆူဒန် စစ်တပ် အကြီးအကဲ ပြောသွားပါတယ်။
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ စိုးရိမ်ဖို့ ကောင်းလောက်အောင် အရှိန်မြင့်လာ
တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှု အဆမတန် တိုးမြင့်လာတာကြောင်း အချိန်မရွေး ပဋိပက္ခ အသွင် ပေါက်ကွဲထွက်နိုင်တဲ့ အင်မတန် စိုးရိမ်ရဖွယ် အနေအထားမျိုးမှာ ရှိနေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီး ချု ကူအို-ချန် က ပြောပါတယ်။
ထိုင်ဝမ်ကျွန်း အနီး တရုတ်ပြည်မကြီး အစိုးရက စစ်လေယာဥ်တွေ၊ ဒရုန်းတွေ၊ စစ်သင်္ဘောတွေ နေရာချပြီး အကြီးအကျယ် စစ်ရေးပြ လေ့ကျင့်နေတာ ရက်အတန်ကြာ ရှိနေပြီလို့ ဆိုပါတယ်။
တရုတ် စစ်တပ်ဟာ သူတို့ရဲ့ လေယာဥ်တင် စစ်သင်္ဘောဖြစ်တဲ့ ရှန်ဒေါင်းကို ပစ်မှတ် သဖွယ် အသုံးပြုပြီး ဝေဟင်၊ ရေပြင် ချိန်ကိုက် စစ်ဆင်မှုတွေ လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ဟာ ပြည်မကြီး ပိုင်နက်မြေ တစ်ခု အဖြစ်သာ တရုတ် အစိုးရက သဘောထားပြီး၊ ပြန်လည် သိမ်းသွင်းဖို့ ဆိုရင် စစ်အင်အား အသုံးပြုတဲ့ နည်း မသုံးဘူး ဆိုတဲ့ အာမခံချက် ရှိမနေပါဘူး။
မဏိပူရမှာ အင်တာနက် ပြန်ဖွင့်ပေး
မြန်မာနဲ့ ထိစပ်နေတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ် မဏိပူရမှာ အင်တာနက် ပိတ်ထားရာက ပြန်ဖွင့်ပေးလိုက်ပြီလို့ အာဏာပိုင်တွေက ကြေညာပါတယ်။
မျိုးနွယ်စု ပဋိပက္ခတွေ ပြင်းထန်နေခဲ့တဲ့ မဏိပူရမှာ၊ သတင်းမှားတွေ၊ လူမျိုးရေး အမုန်းစကားတွေ ဖြန့်နေခဲ့ကြတာကို တားနိုင်ဖို့ ဆိုပြီး ၄ လကြာ အင်တာနက် ဖြတ်တောက် ထားခဲ့တာ ဖြစ်ပါတယ်။
အခုတော့ လုံခြုံရေး အခြေအနေ တိုးတက်မှု ရှိလာတဲ့ အတွက် ပြန်ဖွင့် ပေးလိုက်တာ ဖြစ်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ် အဲန် ဘီရန် ဆင်းဂ်က ဆိုပါတယ်။
မဏိပူရမှာ လူများစု မေ့ထေး ခေါ် ကသည်းတွေနဲ့ ကူကီး မျိုးနွယ်စုကြား ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေ အတွင်း လူ ၂၀၀ ကျော် သတ်ဖြတ် ခံခဲ့ကြရပါတယ်။