နိုင်ငံကူးလက်မှတ်လုပ်ရာမှာ အလိမ်ခံရသူတွေရှိနေ

ပတ်စပို့ရုံးအနီး မှာတန်းစီနေတဲ့ လူတန်းကြီး ( ပုံအဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပတ်စပို့ရုံးအနီး မှာတန်းစီနေတဲ့ လူတန်းကြီး ( ပုံအဟောင်း)

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းက အရင်လိုမဟုတ်ဘဲ အွန်လိုင်းကနေ ရက်ချိန်းယူ၊ သတ်မှတ်ရက်မှာ နိုင်ငံကူးလက်မှတ်သွားရောက်ပြုလုပ်တဲ့စနစ် ပြောင်းလဲခဲ့ပြီးနောက် အချို့လူတွေ အလိမ်ခံနေရတာတွေရှိတယ်လို့ ကိုယ်တွေ့ကြုံသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးဘက်ကတော့ တစ်နေ့ကို ပတ်စ်ပို့ နိုင်ငံကူးလက်မှက် လာလုပ်သူ နေ့စဉ် ထောင်ချီရှိနေတာကြောင့် ကိုဗစ် ကပ်ဘေးအန္တရာယ်လျော့ကျစေဖို့ ရည်ရွယ်ပြီးဒီစနစ်ကို ပြောင်းခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလို ပြောင်းလဲချိန်ကစပြီး ကိုယ်စားရက်ချိန်းယူတာတွေကြောင့် အမှန်တကယ် ပြုလုပ်မယ့်သူတွေဟာ ရက်ချိန်းယူဖို့ နည်းပညာအခက်အခဲအပြင် ကိုယ့်အလှည့်ရောက်ဖို့ လနဲ့ချီစောင့်ရတာ၊ အမြန်လိုချင်တယ်ဆို ပြင်ပပေါက်စျေး လေးသိန်းခွဲပေးပြီး အကျိုးဆောင်(ပွဲစား) ကနေတစ်ဆင့် လုပ်ရတဲ့အခြေအနေတွေ ဖြစ်လာတယ်လို့ နိုင်ငံကူး လက်မှတ် လုပ်မယ့်သူတွေအချို့က ဘီဘီစီကို ပြောပြကြပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ ကပ်ဘေးကြောင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးပြီး ပြည်ပထွက်ဖို့ ကြိုးပမ်းသူတွေဟာ ဒီလိုအခက်အခဲတွေကြောင့် ငွေကုန်၊ အချိန်ကုန်၊ အလုပ်ပိုရတယ်လို့လည်း ဘီဘီစီကို လာရောက်ပြောဆိုကြပါတယ်။

 နိုင်ငံကူးလက်မှတ် အွန်လိုင်းရက်ချိန်းယူစနစ်ကို မတ်လ ၂၁ ရက်နေ့က စတင်ပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နိုင်ငံကူးလက်မှတ် အွန်လိုင်းရက်ချိန်းယူစနစ်ကို မတ်လ ၂၁ ရက်နေ့က စတင်ပြောင်းလဲ

အွန်လိုင်း ရက်ချိန်းယူစနစ် ပြောင်းလဲလိုက်ပေမဲ့လည်း နိုင်ငံကူးလက်မှက်လျှောက်ထားသူတွေကတော့ အရင်ကထက် လျော့နည်းသွားတာမျိုးမရှိကြောင်းနဲ့ ပြည်ပသွားရောက်ရေး နိုင်ငံကူးလက်မှတ် လုပ်ရတာပိုပြီး ခက်ခဲလာခဲ့တယ်လို့ ပြည်ပနိုင်ငံများကို အလုပ်သမားစေလွှတ်နေတဲ့ လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တစ်ခုကပြောပါတယ်။

“အရင်ကတော့ စနစ်မရှိလို့ ခက်ခဲတာပေါ့၊ အခုဟာက စနစ်လုပ်လိုက်ပြီး ပို ခက်လာတာလို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“QR ကုဒ်ရဖို့က အတော်ကို ခက်တယ်ဗျ ၊ အခုနေ ဝင်ကြည့် ဘယ်ရက်မှ မရတော့ဘူး၊ ဘယ်လို စနစ်နဲ့ ပေးလည်းဆိုတာမသိရဘူး”လို့လည်း ကိုယ်တိုင်ပတ်စပို့ သက်တမ်းတိုးဖို့ ကြိုးစားနေသူတစ်ဦးက ပြောပါတယ်။

ဘီဘီစီက အဲဒီစာမျက်နှာကို ဝင်ကြည့်တဲ့ အချိန်မှာလည်း လာမယ့် အောက်တိုဘာလကုန်အထိ ရက်ချိန်းကုန်နေတာ တွေ့ရပါတယ်။

QR ကုဒ် ပြန်ရောင်းသူပြီး ဝယ်တဲ့သူ ရုံးထဲဝင်မရတာတွေရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, QR ကုဒ် ပြန်ရောင်းသူပြီး ဝယ်တဲ့သူ ရုံးထဲဝင်မရတာတွေရှိ

ဒါပေမဲ့ အွန်လိုင်း ရက်ချိန်းယူရာမှာ တစ်ရက်ကို လူ ၂၅၀၀ သတ်မှတ်ထားပြီး လူဦးရေ တစ်ဝက် ၁၂၅၀ ကို ရက်ပေါင်း ၉၀ အတွင်း၊ ကျန် လူ ၁၂၅၀ ကို ရက်ပေါင်း ၁၄ ရက်အတွင်း ရက်ချိန်းယူနိုင်တယ်လို့ နိုင်ငံကူးလက်မှတ်ရုံးက ထုတ်ပြန်ထားပါတယ်။

ရက်ချိန်းကို ရုံးဖွင့်ရက်တွေမှာ မနက် ၉နာရီ ကစတင် ဆောင်ရွှက်နိုင်ပြီး နေ့လယ် ၁၂ နာရီအထိ ရက်ချိန်းယူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

QR ကုဒ် ကို အွန်လိုင်းကနေ ရယူကြဖို့ အခက်အခဲတွေရှိတာကြောင့် QR ကုဒ် တစ်စောင် ရဖို့အတွက် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ အမျိုးမျိုးပေးနေရတာ ရှိတယ်လို့လည်း ဆိုကြပါတယ်။

 အဲဒါအပြင် ပွဲစားတွေကြောင့် စာအုပ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ စတာတွေအတွက်လည်း ငွေကျပ် ၂ သိန်းက နေ ၅ သိန်းအထိပေးရပြီး စာအုပ် မရတာ၊ငွေကြေးဆုံးရှုံးရတဲ့ လိမ်လည်ခံရမှုတွေလည်းရှိနေတယ်လို့ ဆိုကြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

အွန်လိုင်း ရက်ချိန်းယူစနစ်ဟာ တစ်ရက်ကို လူဦးရေ ၂၅၀၀ လက်ခံပြီး လျှောက်ထားသူအရေအတွက်က လက်ခံနိုင်သူ ဦးရေထက်များနေလို့ အခက်အခဲ ဖြစ်ပေါ်ရတာလို့လည်း သုံးသပ်ကြပါတယ်။

လက်ရှိမှာ စက်တင်ဘာ၊ အောက်တိုဘာ နိုဝင်ဘာ သုံးလစာအတွက် ရက်ပြည့်၊ လူဦးရေပြည့်ဖြစ်သွားပြီဖြစ်တယ်လို့လည်း ပြည်ပအလုပ်ကိုင် အေဂျင်စီတွေကတစ်ဆင့် သိရပါတယ်။

ဒါကြောင့် ပတ်စ်ပို့စာအုပ်လုပ်ဖို့ အမြန်လိုသူတွေအတွက် QR ကုဒ်ရပြီးသူများထဲက စာအုပ်မလုပ်ဖြစ်သောသူများရှိပါက အွန်လိုင်း ရက်ချိန်းကို ပြန်ဝယ်ရတာမျိုးများလည်းရှိ ပြီးစျေးကွက်ပေါ်လာတာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာပြီး ၊ စီးပွားရေးအခက်အခဲများကြုံတွေ့လာရတဲ့ အတွက် အိမ်နီးချင်းနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်သူတွေရှိသလို အိမ်နီးချင်းနိုင်ငံတွေမှာ ပညာ ဆက်လက် သင်ယူလိုတဲ့ ကျောင်းသားလူငယ်တွေကလည်း အချိန်မီ နိုင်ငံရပ်ခြားသို့ထွက်ခွာနိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ်စာအုပ်ကိုင်ဆောင်ထားရေးအတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Myanmaalinn

ပွဲစားတွေက အခကြေးငွေယူ ရောင်းချတဲ QR ကုဒ်တွေကို ဝယ်ပြီး နိုင်ငံကူးလက်မှတ်ရုံးထဲ ဝင်ခဲ့သူတွေကြောင့် နစ်နာမှုတွေဖြစ်နေတယ်လို့လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။

ပြီးခဲတဲ့ ဇွန်လအတွင်းက နိုင်ငံကူးလက်မှက်ရုံးအနီးမှာ နိုင်ငံကူးလက်မှတ် အမြန်လုပ်ပေးမယ်ဆိုပြီးလူတစ်ဦးကို ကျပ်နှစ်သိန်းခွဲနဲ့ လူ ပေါင်း ၁၉ ဦးထံက လိမ်လည်ခဲ့သူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ နိုင်ငံကူးလက်မှက်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပကို အလုပ်အကိုင်အတွက်နယ်ဒေသ အသီးသီကနေရန်ကုန်ကိုလာ ပြီး နိုင်ငံကူးလက်မှတ် အမြန်ထုတ်ကာ နိုင်ငံခြားသွားလိုသူတွေရှိနေတဲ့ အတွက် နယ်ကလူတွေ အလိမ်ခံရတာပိုများတယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီတွေက ပြောပါတယ်။