ထရမ့်ကို လုပ်ကြံဖို့ကြိုးစားမှုဖြစ်ခဲ့အပြီး အရေးကြီးပုဂ္ဂိုလ်လုံခြုံရေးအဖွဲ့အပေါ်ရှိလာတဲ့ မေးခွန်း ငါးခု

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, တက်ဆာ ဝေါင်း နဲ့ ဂျိမ်းစ် ဖစ်ဂါး
- ရာထူးတာဝန်, ဘီဘီစီသတင်း
စနေနေ့က ပင်ဆယ်ဗေးနီးယားမှာလုပ်ခဲ့တဲ့ လူထုစုဝေးပွဲတစ်ခုမှာ စကားပြောနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်သမားတစ်ယောက်က ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားမှုဖြစ်အပြီးမှာ အမေရိကန်က Secret Service လို့ခေါ်တဲ့ အရေးကြီးပုဂ္ဂိုလ်တွေကို အနီးကပ်အကာအကွယ်ပေးရတဲ့ အဖွဲ့နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အတော်များများ ထွက်ပေါ်လာပါတယ်။
အဲဒီ ပစ်ခတ်မှုမှာ ပရိသတ်ထဲက တစ်ယောက်သေဆုံးပြီး နှစ်ယောက် အပြင်းအထန် ဒဏ်ရာရသွားပါတယ်။ မစ္စတာထရမ့်ကိုယ်တိုင်လည်း ညာဘက်နားရွက်အပေါ်ပိုင်းကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ သေနတ်သမားကိုတော့ လုံခြုံရေးအဖွဲ့ထဲက လက်ဖြောင့်တပ်သားက ပစ်ခတ်လို့သေဆုံးသွားခဲ့ပါတယ်။ အခုတော့ ဒီလိုဖြစ်စဥ် ဘယ်လိုဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတာကို အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FBI) က ဦးစီးပြီး စုံစမ်းစစ်ဆေးနေပါပြီ။
Secret Service တပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးကိုလည်း ဇူလိုင် ၂၂ ရက်နေ့မှာ အောက်လွှတ်တော်ကော်မတီ တစ်ခုဆီမှာ လာရောက်ထွက်ဆို အစစ်ဆေးခံဖို့ ဆင့်ခေါ်ထားပါပြီ။
အခုတော့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ကိုယ်တိုင်က အဖြေလိုချင်နေတဲ့ မေးခွန်းတွေကို ကြည့်ရအောင်ပါ။
သေနတ်သမားတက်နေရာယူခဲ့တဲ့ အဆောက်အဦခေါင်မိုးကို အစကတည်းက ဘာလို့ လုံခြုံရေးယူ မထားတာလဲ။
သောမတ်စ် မက်သယူး ခရွတ်စ်ဆိုတဲ့ သေနတ်သမား တက်ပြီးပစ်ခတ်သွားတဲ့ ခေါင်မိုးဟာ မစ္စတာထရမ့်စကားပြောနေတဲ့နေရာနဲ့ဆို ပေ ၄၀၀ ကျော်ပဲ ဝေးပါတယ်။ အဲဒီနေရာကို သူ ဘယ်လိုချဥ်းကပ်ပြီး တက်သွားနိုင်သလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။
အမေရိကန် NBC သတင်းဌာနရဲ့ အဆိုအရဆို အဲဒီခေါင်မိုးနေရာဟာ လုံခြုံရေးအရအားနည်းချက် တစ်ခုဖြစ်တယ်ဆိုတာကို ပွဲမစခင်ကတည်းက သိနေကြတယ်လို့ Secret Service အဖွဲ့ရဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး သိထားသူ သတင်းရင်းမြစ်နှစ်ယောက်က ပြောတယ်လို့ ဆိုပါတယ်။
အဲဒီခေါင်မိုးပေါ်မှာ လုံခြုံရေးအဖွဲ့ထဲကလူ နေရာယူထားတာပဲဖြစ်ဖြစ်၊ အဲဒီအဆောက်အဦကို တခြားသူတွေ ဝင်လို့မရအောင် ပိတ်ထားတာပဲ ဖြစ်ဖြစ် လုပ်ထားသင့်တယ်လို့ NBC ကိုပြောပြခဲ့တဲ့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
အဲဒီလို အဆောက်အဦထဲကို ဝင်လို့မရအောင် ပိတ်ထားတာအပြင် ခေါင်မိုးပေါ်ကနေ မစ္စတာထရမ့် စကားပြောနေတဲ့နေရာကို တိုက်ရိုက်လှမ်းချိန်လို့မရအောင် ပိတ်ဆို့ထားတာမျိုးလည်း လုပ်ထားသင့်တယ်လို့ ပြောကြပါတယ်။
နေရာတစ်ခုရဲ့ လုံခြုံရေးအတွက်စီမံရင် ဒါက အခြေခံအကျဆုံးလုပ်ရမယ့်အလုပ်တစ်ခုပဲလို့ FBI ဒုတိယညွှန်ကြားရေးမှူးဟောင်း အင်ဒရူး မက်ကာဘေးက CNN သတင်းဌာနကို ပြောပါတယ်။ အထူးသဖြင့်အခုလို ကွင်းပြင်တစ်ခုမှာလုပ်ပြီး ပရိသတ်ကို ထိန်းထားနိုင်တာမျိုး မရှိတဲ့နေရာမှာ ပိုလုပ်ရမှာလို့ သူက ဆိုပါတယ်။
သေနတ်သမားကိုတွေ့လို့ သတိပေးချက်တွေကို အရေးတယူလုပ်ခဲ့လား။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပစ်ခတ်မှုကို တွေ့လိုက်ရသူတစ်ယောက်က သူရော အနားကလူတွေပါ သေနတ်သမား ခရွတ်စ်က ရိုင်ဖယ်တစ်လက်နဲ့ ခေါင်မိုးပေါ်မှာ တွားသွားနေတာကို ရှင်းရှင်းလင်းလင်း တွေ့ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ သူတို့က ရဲကို လှမ်းပြောခဲ့ပေမဲ့ သေနတ်သမားက မိနစ်အတော်ကြာအောင် ခေါင်မိုးပေါ်မှာ ဆက်နေပြီး စကားပြောစင်ဘက်ကို ပစ်ခတ်သွားနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။ အဲဒီလို ပစ်အပြီးမှာ သေနတ်သမားလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ ပစ်ခတ်တာခံလိုက်ရပြီး သေဆုံးသွားပါတယ်။
FBI ထောက်လှမ်းရေးအရာရှိ ကယ်ဗင်ရိုးဂျက်က အခုလိုအခြေအနေမှာ သေနတ်သမား ပစ်ခတ်သွားနိုင်ခဲ့တာကို သူ “အံ့သြမိတယ်” လို့ ပြောပါတယ်။
ဒေသခံရဲတပ်ဖွဲ့ကလည်း သေနတ်သမား ခရွတ်စ်ကို သူတို့တပ်ဖွဲ့ဝင်တစ်ယောက်က တွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ အချိန်မီ မတားလိုက်နိုင်ဘူးလို့ ပြောပါတယ်။ သေနတ်သမားကို တွေ့တယ်ဆိုတဲ့ သတင်းစကားက ထရမ့်အနားမှာ ရှိနေကြတဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ဆီ ရောက်သွားမသွားဆိုတာကို အခုအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အကြီးတန်းထောက်လှမ်းရေးအရာရှိတစ်ဦးကတော့ ခရွတ်စ်ကိုအစောကတည်းက မသင်္ကာစရာအဖြစ် ရဲတွေက သိထားပြီးသားလို့ CNN ကို ပြောပါတယ်။ ခရွတ်စ်ဟာ စစ်ဆေးရေးဂိတ်တစ်ခုအနားမှာ မသင်္ကာစရာအပြုအမူနဲ့ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီအကြောင်းကို အနီးကပ်လုံခြုံရေးအဖွဲ့ဆီ အကြောင်းကြားထားပြီးသားလို့လည်း ပြောပါတယ်။
ထောက်လှမ်းရေးအဖွဲ့က ဒေသခံရဲတွေကို အားကိုးလွန်းခဲ့တာလား။

သေနတ်သမား နေရာယူပြီး ပစ်ခတ်ခဲ့တဲ့နေရာဟာ ရဲတွေအဆိုအရ အပြင်စည်းကနေရာတစ်ခုလို့ ဆိုပါတယ်။ အဲဒီနေရာကို Secret Service အရာရှိတွေက မစောင့်ကြပ်ပါဘူး။ ဒေသခံရဲတွေ ပြည်နယ်လုံခြုံရေးအဖွဲ့တွေပဲ တာဝန်ယူစောင့်ကြည့်ကြပါတယ်။
Secret Service တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ကတော့ အဲဒီလိုခွဲခြားတာဝန်ယူမှုဟာ ခြိမ်းခြောက်မှု တစ်ခုခု အန္တရာယ်တစ်ခုခုကို တွေ့ရရင် ဘာလုပ်ကြမလဲဆိုတဲ့ ရှင်းလင်းတဲ့ နားလည်မှု အစီအစဥ်ရှိမှပဲ အလုပ်ဖြစ်တတ်တာမျိုးလို့ ပြောပါတယ်။
“ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေအပေါ် အားကိုးရတဲ့အခါ အသေအချာစီမံချက်ရှိဖို့လိုပါတယ်၊ ခြိမ်းခြောက်မှုတစ်ခုခုရှိလာရင် သူတို့ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထား နားလည်ထားကြဖို့လိုပါတယ်” လို့ ဂျိုနသန်ဝက်ကရိုးက ဝါရှင်တန်ပို့စ်သတင်းစာကို ပြောပါတယ်။
ဒေသခံရဲအဖွဲ့ကတော့ လိုအပ်ချက်ကြီးတစ်ခုခု ရှိသွားတယ်ဆိုတာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ အဖွဲ့တစ်ခုခုကိုပဲ ကွက်ပြီးအပြစ်တင်ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ဒီပွဲအတွက် လုံခြုံရေးအလုံအလောက် ထားပေးခဲ့လား
အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌဟောင်းတစ်ယောက်ကတော့ Secret Service မှာ လူအင်အားနည်းပါးနေတဲ့အတွက် စနေနေ့ကလုပ်သွားတဲ့ ထရမ့်ရဲ့ပွဲလို ပွဲမျိုးကို အသေအချာလုံခြုံရေးယူနိုင်အောင် ဒေသခံရဲတွေကိုလည်း လေ့ကျင့်ပေးတာမျိုး လုပ်နိုင်ခဲ့ပုံမရဘူးလို့ ထောက်ပြပါတယ်။
Secret Service တပ်ဖွဲ့ရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ရေးသားခဲ့ဖူးသူ ဂျေဆင် ချာဖက်ဇ်က သမ္မတဘိုင်ဒန်တို့ သမ္မတဟောင်းထရမ့်တို့ဟာ အရေးကြီး ပုဂ္ဂိုလ်တွေထဲမှာ "လုံခြုံမှုပေးဖို့အလိုအပ်ဆုံးသူတွေ" ဆိုတာ သိထားကြပေမဲ့ စနေနေ့က လူထုစုဝေးပွဲမှာတော့ အဲဒါကို ထင်ဟပ်တဲ့ လုံခြုံရေးအစီအမံမျိုးကို မတွေ့ခဲ့ရဘူးလို့ ဝါရှင်တန်ပို့စ် သတင်းစာကို ပြောပါတယ်။
ဒါပေမဲ့ လုံခြုံရေးအင်အား တိုးချထားပေးဖို့ စနေနေ့ကပွဲမတိုင်ခင် ထရမ့်အဖွဲ့ဘက်ကပြောတာကို ပယ်ချခဲ့တယ်ဆိုတဲ့ အပြောတွေကိုတော့ Secret Service တပ်ဖွဲ့က ငြင်းဆိုပါတယ်။
Secret Service တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်က သူ့မိတ်ဆွေ လက်ရှိအဖွဲ့ဝင်တစ်ယောက်နဲ့ အပြန်အလှန်ပြောထားကြတယ်ဆိုတဲ့ မက်ဆေ့ချ်တွေကို ဝါရှင်တန်ပို့စ်သတင်းစာက တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီမှာ သေနတ်သမားက ထရမ့်အနားထိရောက်အောင် ဘယ်လိုကပ်သွားနိုင်ခဲ့တာလဲ ဆိုတဲ့ အဖွဲ့ဝင်ဟောင်းရဲ့ အမေးကို တစ်ဖက်က ပြန်ဖြေတဲ့အခါ “လူအင်အားပေါ့” လို့ ဖြေထားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်အပြီး ထရမ့်ကို စင်ပေါ်ကအမြန်ဆုံးဆွဲထုတ်သွားနိုင်ခဲ့သလား။

ဓာတ်ပုံ ရင်းမြစ်, EPA
မစ္စတာထရမ့်ကို စင်ပေါ်မှာ အကာအကွယ်ပေးခဲ့သူတွေကို ချီးကျူးမှုတွေလည်း ရှိခဲ့ပါတယ်။ တပ်ဖွဲ့ဝင်ဟောင်း ရောဘတ် မက်ဒေါ်နယ်က အဲဒီလိုအခြေအနေမျိုးမှာ ဘာလုပ်ရမယ်ဆိုတဲ့ အတိအကျပြဋ္ဌာန်းချက်မရှိပေမဲ့ အေးဂျင့်တွေက အကောင်းဆုံးလုပ်သွားခဲ့တယ်လို့ သူက ပြောပါတယ်။
တစ်ဖက်မှာလည်း သူတို့ဟာ မစ္စတာထရမ့်ကို အနားက ကားထဲအမြန်ဆုံးရောက်အောင် ဆွဲခေါ်သွားနိုင်ခဲ့ရဲ့လားဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။
ဖြစ်ပျက်နေချိန် ရိုက်ကူးထားတဲ့ဗီဒီယိုတွေထဲမှာတော့ သေနတ်သံတွေထွက်လာပြီးတာနဲ့ အေးဂျင့်တွေက စင်ပေါ်မှာ ထရမ့်ကို ဝိုင်းပတ်ကာရံထားလိုက်ကြပါတယ်။ ဒါပေမဲ့ ချက်ချင်းဆွဲခေါ် ထုတ်မသွားသေးဘဲ ထရမ့်က ဖိနပ်စီးနေတာကို စောင့်ပေးနေကြတာတွေ့ရပါတယ်။ ပြီးတော့ မစ္စတာထရမ့်က တပ်ဖွဲ့ဝင်တွေဝိုင်းထားတဲ့ကြားက လူလုံးထွက်လာပြီး သူ့ထောက်ခံသူတွေကို လက်သီးဆုပ်ထောင်ပြသွားပါသေးတယ်။
Secret Service တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ကတော့ သူသာဆိုရင် စောင့်နေမှာမဟုတ်ဘူးလို့ နယူးယောက်တိုင်းမ်စ်သတင်းစာကို ပြောပါတယ်။
“ကျွန်တော်သာ အဲဒီနေရာမှာဆိုရင်တော့ လုံးဝပဲ၊ သွားမယ် အခုပဲသွားကြမယ်ဆိုပြီး ဆွဲခေါ်မှာပဲလို့ ဂျက်ဖရီဂျိမ်းစ်ကပြောပါတယ်။
“ကျွန်တော်သာဆိုရင်တော့ ဖိနပ်အသစ်ကျွန်တော်ဝယ်ပေးမယ်ပြောပြီး ဆွဲထုတ်ခဲ့မှာပဲ။”











