ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး အိန္ဒိယက လူသူအခြောက်ကပ်ဆုံးမြို့

ဓာတ်ပုံ ရင်းမြစ်, ARUN CHANDRA BOSE
အိန္ဒိယနိုင်ငံဟာ တရုတ်ကိုကျော်ပြီး ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာခဲ့ချိန်မှာပဲ အိန္ဒိယနိုင်ငံရဲ့ ဒေသတချို့မှာတော့ ကလေးမွေးဖွားမှုနှုန်းတွေ ကျဆင်းပြီး လူငယ်တွေ ရွှေ့ပြောင်း ထွက်ခွာသွားကုန်တဲ့အတွက် သက်ကြီးရွယ်အိုတွေချည်း ကျန်ရစ်တဲ့ မြို့တွေ ရှိလာနေပါတယ်။
သက်ကြီးရွယ်အိုတွေနဲ့ မနည်းရုန်းကန်နေရတဲ့ ကယ်ရဲလားပြည်နယ်က ကွမ်ဘနက်မြို့ဆီ ဘီဘီစီ သတင်းထောက် ဆူတစ် ဘစ်စ်ဝက် ကိုယ်တိုင် သွားကြည့်ခဲ့ပါတယ်။
ကယ်ရဲလားပြည်နယ်က မြို့တစ်မြို့မှာရှိတဲ့ ကျောင်းတွေမှာ တမူထူးခြားတဲ့ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရတာ နှစ်နဲ့ချီ ရှိနေပါပြီ။ ကျောင်းသားတွေ ရှားလွန်းလို့ ဆရာတွေက ကျောင်းသားလိုက်စုရတဲ့ ပြဿနာပါ။ ကျောင်းသားတွေ ကျောင်းလာတက်ဖို့ ဆရာတွေက သူတို့အိတ်ထဲက ငွေတောင် စိုက်ရပါသေးတယ်။
ကွမ်ဘနက်မြို့က သက်တမ်း နှစ် ၁၅၀ ရှိနေပြီ ဖြစ်တဲ့ အစိုးရ အလယ်တန်းကျောင်း တစ်ကျောင်း ဆိုရင် ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းတွေအထိ ကျောင်းသားဦးရေ ၇၀၀ လောက် ရှိခဲ့ရာကနေ အခုနောက်ပိုင်း နှစ်စဉ်ဆက်တိုက် ကျောင်းသားဦးရေ ၅၀ ပဲ ရှိပါတော့တယ်။ ကျောင်းသားအများစုက မြို့အစွန်အဖျားမှာနေတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက လာတာပါ။ သတ္တမတန်း တစ်တန်းကသာ ကျောင်းသား ၇ ဦး ရှိပြီး ကျောင်းသားအများဆုံး အတန်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကဆိုရင် အဲဒီအတန်းမှာ ကျောင်းသား တစ်ဦးပဲ ရှိခဲ့ပါတယ်။
စာသင်ကျောင်းမှာ ကျောင်းသား အလုံအလောက်ရဖို့က စိန်ခေါ်မှုကြီးတစ်ရပ်ပါ။ ကျောင်းဆရာ ၈ ယောက်စလုံးဟာ ကျောင်းသားတွေကို အိမ်နဲ့ ကျောင်း အကြိုအပို့ လုပ်ဖို့ တစ်လကို ရူပီး ၂၈၀၀ (၂၈ ဒေါ်လာ) သူတို့အိတ်ထဲက စိုက်ထုတ်ပေးနေရပါတယ်။ ဒါ့အပြင် တစ်အိမ်တက်ဆင်း ကျောင်းသားတွေလိုက်စုရပါသေးတယ်။ အဲဒီဒေသမှာ အနည်းအပါးသာ ဖွင့်ထားတဲ့ ပုဂ္ဂလိကကျောင်းတွေတောင်မှ ဆရာတွေလွှတ်ပြီး ကျောင်းသားတွေ လိုက်ရှာရပါတယ်။ အကြီးဆုံး ပုဂ္ဂလိကကျောင်းကြီးဆိုရင်ကျောင်းသားက အယောက် ၇၀ မပြည့်တပြည့်လောက်ပဲ ရှိပါတယ်။
လတ်တလော ပူအိုက်တဲ့ နေ့လယ်ခင်းမျိုးဆိုရင် သာမန်စာသင်ကျောင်းတစ်ခုမှာ ကြားရလေ့ရှိတဲ့ ကျောင်းသားတွေ စာအံသံမျိုး၊ ဆူညံအော်ဟစ်သံမျိုးတွေကို အဲဒီ အလယ်တန်းကျောင်းမှာ မကြားရသလောက်ပါပဲ။ အဲဒီအစား တိတ်ဆိတ်နေတဲ့ မှောင်မည်းမည်း စာသင်ခန်းထဲမှာ ဆရာတွေက ကျောင်းသားနည်းနည်းလေးကို စာသင်နေတဲ့ အသံမျိုးကိုသာ ကြားကြရမှာပါ။ ကျောင်းဝန်းထဲမှာဆိုရင်လည်း ကျောင်းသားအနည်းအပါး ဟိုလျှောက်ဒီလျှောက် လုပ်နေတာကို တွေ့ရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, ARUN CHANDRA BOSE
“ဘယ်လိုလုပ်မလဲ၊ ဒီမြို့မှာ ကလေးတွေ မရှိတော့ဘူး။ ပြောရရင် ဒီမှာ လူမရှိသလောက်ပါပဲ”လို့ ကျောင်းအုပ်ဆရာမကြီး ဂျာယာဒေဗီ အာရ် က ပြောပြပါတယ်။
သူပြောတာ မှန်ပါတယ်။ ကွမ်ဘနက်မြို့ဟာ လူဦးရေ ကျဆင်း၊ သက်ကြီးရွယ်အိုတွေချည်းသာ ကျန်တဲ့ ကယ်ရဲလားပြည်နယ် ပသာနမ်သစ်တာခရိုင်ရဲ့ အချက်အချာနေရာမှာ တည်ရှိတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါဟာ လူဦးရေ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းက အသက် ၂၅ နှစ်အောက် အရွယ်တွေဖြစ်တဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ ဖြစ်နေတာပါ။
အိန္ဒိယ လူဦးရေ ၃ ပုံ ၂ ပုံဟာ အိန္ဒိယအစိုးရက စီးပွားရေး လွတ်လပ်ခွင့် ပြုခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်ဦးပိုင်းတွေနောက်ပိုင်း မွေးဖွားကြသူတွေ ဖြစ်ပါတယ်။
ကွမ်ဘနက်မြို့မှာရော၊အနီးတဝိုက်က စိမ်းလန်းစိုပြေတဲ့ ရွာငယ် လေး ငါး ခြောက်ရွာလောက်မှာပါ လူ နှစ်သောင်းငါးထောင်လောက် နေထိုင်နေကြပါတယ်။ နေအိမ် ၁၁,၁၁၈ အိမ်ရဲ့ ၁၅ ရာခိုင်နှုန်းက သော့ခတ်ပိတ်ထားပါတယ်။
အိမ်ရှင်တွေ တခြားကို ပြောင်းရွှေ့ အခြေစိုက်တာမျိုး ဒါမှမဟုတ် သူတို့သားသမီးတွေ ပြည်ပမှာ နေနေကြတာမျိုးတွေကြောင့် အခုလို အိမ်တွေ ပိတ်ထားတာလို့ ရပ်ကျေးကောင်စီဥက္ကဋ္ဌ အာရှာ စီဂျေ က ပြောပြပါတယ်။ စာသင်ကျောင်းက ၂၀ လောက်ရှိပါတယ်။
ဒါပေမဲ့ ကျောင်းသားတွေကတော့ အရမ်းကို နည်းပါတယ်။
ဆေးရုံတစ်ရုံ၊ အစိုးရဆေးခန်းတစ်ခန်း၊ ရောဂါရှာဖွေရေးစင်တာ ၃၀ ကျော်နဲ့ လူအိုရုံ ၃ ရုံတို့က အဲဒီမြို့လေးရဲ့ သက်ကြီးရွယ်အိုလူဦးရေကို ထောက်ပြနေပါတယ်။ ကီလိုမီတာဝက် မရှိတရှိ အကွာအဝေးအတွင်း ဘဏ်ခွဲ ၈ ခုအပါအဝင် ဘဏ်ပေါင်း နှစ်ဆယ်ကျော်လောက်က တခြားပြည်ပနိုင်ငံတွေမှာ နေပြီး အလုပ်လုပ်နေကြတဲ့ ဒီမြို့က မြို့ခံတွေဆီက လွှဲလာတဲ့ ငွေတွေကို အပြိုင်အဆိုင် လက်ခံယူနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်ပမှာ နေထိုင် အလုပ်လုပ်ပြီး နေရပ်ကို ပြန်ပို့တဲ့ ငွေ ဒေါ်လာ ဘီလျံ ၁၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကယ်ရဲလားပြည်နယ်ဆီကို ပို့တာပါ။
အိမ်နီးချင်း တမီလ် နာဒူးပြည်နယ်လိုပဲ ကယ်ရဲလားပြည်နယ်ဟာ အိန္ဒိယနိုင်ငံထဲက လူတွေ ပြည့်ကျပ်နေတဲ့ တခြားပြည်နယ်တွေနဲ့ မတူကွာခြားတဲ့ ပြည်နယ်မျိုးပါ။ နောက်ဆုံး ကောက်ယူခဲ့တဲ့ ၂၀၀၁ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်အတွင်း သန်းခေါင်စာရင်းအရ ကယ်ရဲလားပြည်နယ်ရဲ့ ဆယ်စုနှစ်တွင်း လူဦးရေဟာ ၄ ဒဿမ ၉ ရာခိုင်နှုန်းသာ တိုးခဲ့ပြီး တခြားပြည်နယ်တွေထဲမှာ အနည်းဆုံး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတဝန်း လူ့သက်တမ်းဟာ ၆၉ နှစ်အထိ ရှည်မယ်လို့ ပျမ်းမျှ တွက်ဆထားချိန်မှာ ကယ်ရဲလားပြည်နယ်မှာ မွေးကင်းစ ကလေးငယ်ဟာ အသက် ၇၅ နှစ်အထိ ရှည်မယ်လို့ မျှော်လင့်နိုင်ပါတယ်။
အခုဆိုရင် ကယ်ရဲလားပြည်နယ်ရဲ့ ကလေးမွေးဖွားနှုန်းက လူဦးရေပြန်အစားထိုးနိုင်တဲ့ အတိုင်းအတာအောက်ကို ကျဆင်းလာနေတာ အနည်းဆုံး နှစ် ၃၀ လောက် ရှိနေပါပြီ။ အဲဒီဒေသက လူတွေဟာ မိသားစုဝင်နည်းတဲ့အတွက် သားသမီးတွေကို ပညာကောင်းကောင်း သင်ပေးနိုင်ကြပါတယ်။ ဒါ့ကြောင့် လူငယ် သားသမီးတွေက မိဘတွေကို ထားပြီး နိုင်ငံတွင်းက တခြားနေရာတွေ ဒါမှမဟုတ် ပြည်ပကို ပြောင်းရွှေ့ပြီး ဘဝတက်လမ်း ရှာကြပါတယ်။
အဲဒီဒေသက ပညာတတ် သားသမီးတွေက အလုပ်ကောင်းကောင်းရဖို့၊ ကောင်းကောင်းနေနိုင်ဖို့ ဆန္ဒရှိကြပြီး တခြားနေရာကို ပြောင်းရွှေ့အလုပ်လုပ်ကြတယ်လို့ မွန်ဘိုင်းမြို့ အခြေစိုက် လူဦးရေသိပ္ပံဆိုင်ရာ နိုင်ငံတကာအဖွဲ့က ပါမောက္ခ ကေ အက်စ် ဂျိမ်းစ်က ပြောပြပါတယ်။
“ဒါ့ကြောင့် မွေးရပ်ဌာနေမှာ သက်ကြီးရွယ်အို မိဘတွေပဲ ကျန်ရစ်ပြီး အတော်များများက သူတို့ဘာသာ သူတို့ နေနေကြရပါတယ်။”

ဓာတ်ပုံ ရင်းမြစ်, ARUN CHANDRA BOSE
ကွမ်ဘနက်မြို့က လူတစ်ရပ်မက မြင့်တဲ့ သံတံခါးဂိတ်ကြီးရဲ့နောက်က ကြွေပြားနီ နှစ်ထပ်အိမ်မှာ အသက် ၇၄ နှစ်အရွယ် အန်နမ်နာ ဂျေကော့ဘ် တစ်ယောက်တည်း နေလာတာ သူမှတ်မိသလောက်ပြောရရင် အတော်လေးကို ကြာနေပါပြီ။
သူ့ခင်ပွန်းက အစိုးရ ရေနံကုမ္ပဏီက အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်ဦးပိုင်းလောက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူ့ရဲ့ အသက် ၅၀ အရွယ် သားဖြစ်သူက အဘူဒါဘီမြို့မှာ နေထိုင် အလုပ်လုပ်နေတာ အနှစ် ၂၀ မကတော့ပါဘူး။
သမီးကတော့ မိုင်အနည်းငယ်ဝေးတဲ့ နေရာမှာ နေပါတယ်။ ဒါပေမဲ့ သားမက်ဖြစ်သူက ဒူဘိုင်းမှာ ဆော့ဖ်ဝဲ အင်ဂျင်နီယာအလုပ် သွားလုပ်နေတာ အနှစ် ၃၀ လောက် ရှိနေပါပြီ။
သူ့နဲ့ကပ်လျက် အိမ်နီးချင်းတွေကတော့ အိမ်တွေမှာ မရှိကြပါဘူး။ အိမ်နီးချင်းတစ်ယောက်က အိမ်ကို ပိတ်ပြီး သူ့မိဘတွေကို သူ သူနာပြုအလုပ်လုပ်နေတဲ့ ဘာရိန်းနိုင်ငံကို ခေါ်သွားပါတယ်။
နောက်တစ်ယောက်ကလည်း ဒူဘိုင်းကို ပြောင်းသွားပြီး သူ့အိမ်ကို သက်ကြီးရွယ်အို လင်မယားကို ငှားထားခဲ့ပါတယ်။
သူတို့ရပ်ကွက်က အထီးကျန်ဆန်လှပါတယ်။ ပီလောပီနံပင်တွေ၊ ငှက်ပျောပင်တွေ၊ ကျွန်းပင်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ ရှုခင်းတွေကြားက အိမ်ကြီးအိမ်ကောင်းတွေဟာ နေသူမဲ့ နေပါတယ်။ အိမ်ရှေ့ ကားအဝင်လမ်းပေါ်မှာ သစ်ရွက်ခြောက်တွေ ပြည့်နေပြီး ကားတွေကလည်း ဖုန်တွေ ဖုံးလွှမ်းနေပါတယ်။ အိမ်စောင့်ခွေးတွေအစား စီစီတီဗီ ကင်မရာတွေ တပ်ထားကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူသူထူထပ် ရှုပ်ထွေးလှတဲ့ တခြားမြို့တွေက ဆူညံသံတွေနဲ့ ကွဲပြားလှစွာ ကွမ်ဘနက်မြို့တလျှောက်မှာတော့ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ မြို့ခံ အတော်များများ စွန့်ခွာသွားခဲ့ပေမဲ့ ပျက်စီးယိုယွင်းနေတဲ့ မြို့တစ်မြို့တော့ မဟုတ်ပါဘူး။ လူမနေတဲ့ အိမ်တွေက ဆေးတွေ မှန်မှန်သုတ်လေ့ရှိပြီး အိမ်ရှင် အချိန်မရွေးပြန်လာနေမယ့် ပုံမျိုး ရှိနေတတ်ပါတယ်။ ဒါပေမဲ့ လူ ပြန်နေတာကတော့ အတော်ကြီးနည်းပါတယ်။
"သိပ်ကို အထီးကျန်တဲ့ ဘဝပါ။ ကျွန်မက ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး” လို့ မစ်စ် ဂျေကော့ဘ် က ပြောပါတယ်။
သူ့မှာ နှလုံးရောဂါနဲ့ အဆစ်အမြစ်ရောဂါ ရှိနေတဲ့ကြားက မစ်စ် ဂျေကော့ဘ်ဟာ သူ့သားနဲ့ မြေးတွေရှိရာ ပြည်ပကို သွားလည်လေ့ရှိပြီး သားသမီးတွေနဲ့အတူ ဂျော်ဒန်၊ အဘူဒါဘီ၊ ဒူဘိုင်းနဲ့ အစ္စရေးလ်နိုင်ငံတွေကို အပျော်ခရီး ထွက်ခဲ့ပြီးပါပြီ။

ဓာတ်ပုံ ရင်းမြစ်, ARUN CHANDRA BOSE
ကော်ဇောခင်းထားတဲ့ သူ့ရဲ့ ဧည့်ခန်းထဲက ပြည့်နှက်နေတဲ့ ပစ္စည်းတွေကို ကြည့်ရင် နိုင်ငံခြားနဲ့ သူတနည်းနည်း ဆက်နွှယ်နေတယ် ဆိုတာကို ပြောနိုင်ပါတယ်။ နိုင်ငံခြားက လာတဲ့ ပါရာစီတမောလ် ဆေးပြားတွေ၊ သစ်ကြားသီးစေ့၊ သီဟိုဠ်စေ့တွေ၊ တရုတ်လုပ်ပန်းအိုးတွေနဲ့ ထည့်ထားတဲ့ စက္ကူပန်းဝါတွေ၊ ဆပ်ပြာရည်ပုလင်းတွေ တွေ့ရမှာပါ။
တစ်ယောက်တည်းနေဖို့ အခန်း ၁၂ ခန်းပါတဲ့ အိမ်ကြီး ဘာ့ကြောင့် ဆောက်ရတာလဲလို့ သူ့ကို မေးကြည့်မိပါတယ်။ “ဒီမှာက လူတိုင်း အိမ်အကြီးကြီး ဆောက်ကြတာလေ” လို့ မစ်စ် ဂျေကော့ဘ်က ပြုံးပြီး ဖြေပါတယ်။
“ဒါက ကိုယ့်အဆင့်အတန်းကို ပြဖို့ပေါ့” တဲ့။
မစ်စ် ဂျေကော့ဘ်ဟာ ပီလောပီနံ၊ ငှက်ပျော၊ ဂျင်း၊ အင်ဥ၊ ပိန္နဲပင်တွေ စိုက်ထားတဲ့ နောက်ဖေးခြံထဲမှာ အချိန်ကုန်လေ့ရှိပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ တရားထိုင်၊ သတင်းစာ ဖတ်ပါတယ်။ သူ့မှာ ဒိုင်ယာနာလို့ ခေါ်တဲ့ ခွေးလေးတစ်ကောင် မွေးထားပါတယ်။ အိမ်အပြင်ဘက် ခွေးအိမ်လေးထဲမှာ ထားပါတယ်။
“တချို့နေ့တွေဆိုရင် ဒိုင်ယာနာနဲ့ပဲ စကားပြောပါတယ်။ သူက ကျွန်မကို နားလည်တယ်။”
သူ့အသက်နဲ့၊ သူ့ကျန်းမာရေးအရ စိုက်ခင်းထဲမှာ လုပ်ရတာက အတော့်ကို ပင်ပန်းလှပါတယ်။ မစ်စ် ဂျေကော့ဘ်က သူ့စိုက်ခင်းအတွက် လူငှားခေါ်ဖို့ မတတ်နိုင်ဘူးလို့ ပြောပါတယ်။ အလုပ်သမား ရှားပါးတဲ့အတွက် အလုပ်ရှာတဲ့သူ အနည်းအပါးအတွက် ပေးရတဲ့ လုပ်ခက နင့်နေပါတယ်။ အလုပ်ကြမ်းသမားတစ်ယောက်က ခြံစိုက်ခင်း ထိန်းသိမ်းစောင့်ရှောက်ဖို့ တစ်နေ့ ၆ နာရီအတွက် လုပ်အားခ ရူပီး တစ်ထောင် တောင်းပါတယ်။ မစ်စ် အာရှာရဲ့ ရပ်ကျေးကောင်စီတောင်မှ သူတို့မှတ်တမ်းတွေကို ဒစ်ဂျစ်တယ် မှတ်တမ်းတင်ပြုစုဖို့ လူရှာမငှားနိုင်ကြပါဘူး။
နှစ်လမ်းကျော် သုံးလမ်းလောက်မှာ နေတဲ့ ချက်ကို မန်မန်းကလည်း နှလုံးနဲ့ ဆီးချိုရောဂါသည်ပါ။ သူက သူ့ရဲ့ ငှက်ပျော စိုက်ခင်းငယ်လေးထဲမှာ နေ့စဉ် ၄ နာရီ အလုပ်လုပ်ပါတယ်။ အသက် ၇၄ နှစ်အရွယ် မစ္စတာ မန်မန်းဟာ အိုမန်နိုင်ငံမှာ အရောင်းသမားအဖြစ် နှစ် ၃၀ လောက် အလုပ်လုပ်ခဲ့အပြီး နေရပ်ဌာနေ ပြန်လာခဲ့တာပါ။ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို ၆ နှစ်လောက် လုပ်အပြီးမှာ အလုပ်ကူလုပ်ပေးမယ့်သူ အလုံအလောက် ရှာမရတာကြောင့် လုပ်ငန်းပိတ်သိမ်းခဲ့ပါတယ်။ အခုချိန်မှာ ပင်ပင်ပန်းပန်း လုပ်အပြီး သူ့ငှက်ပျောခင်းက တစ်နေ့ကို ငှက်ပျောသီး ၁၀ ကီလိုလောက် ရောင်းရပါတယ်။
“အလုပ်သမားငှားဖို့ မတတ်နိုင်ဘူး” လို့ သူက ပြောပြပါတယ်။
သက်ကြီးရွယ်အိုတွေချည်း ရှိတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ အလုပ်သမား အင်အားစုကို တိုးမြှင့်ဖို့ဆိုတာက ခက်ခဲလှပါတယ်။ တခြားပြည်နယ်တွေက အလုပ်သမားတွေ ဒီမြို့ကို ပြောင်းလာပြီး နေထိုင် အလုပ်လုပ်ရင်တောင်မှ အလုပ်မဖြစ်လှပါဘူး။ ဘာလို့လဲဆိုတော့ ဒီမြို့ကလူတွေက တခြားမြို့ကလူတွေအပေါ် ယုံကြည်စိတ် သိပ်မရှိကြလို့ပါ။ တခြားက ရွှေ့ပြောင်းလာသူတွေကို မငှားချင်ဘူးလို့ မစ်စ် ဂျေကော့ဘ်က ပြောပါတယ်။
“ကျွန်မက တစ်ယောက်တည်းနေတာလေ။ တကယ်လို့ ကျွန်မကို သတ်သွားရင် ဘယ်နှယ့် လုပ်မလဲ။”

ဓာတ်ပုံ ရင်းမြစ်, ARUN CHANDRA BOSE
သက်ကြီးရွယ်အိုတွေများပြီး သော့ခတ် ပိတ်ထားတဲ့ အိမ်တွေ ရှိနေတဲ့ ဒီမြို့မှာ ရာဇဝတ်မှုကတော့ မရှိသလောက် နည်းပါတယ်။
လူတွေက ငွေသားနဲ့ တန်ဖိုးကြီးပစ္စည်းတွေ အိမ်မှာ ထားလေ့မရှိတဲ့အတွက် ဖောက်ထွင်းခိုးမှုတွေက အရမ်းကို နည်းတယ်လို့ ရဲက ပြောပြပါတယ်။ ဒီမြို့မှာ လူသတ်မှု ဘယ်တုန်းက နောက်ဆုံးဖြစ်ခဲ့သလဲ ဆိုတာကိုတောင် သူတို့ မမှတ်မိဘူးလို့ ဆိုပါတယ်။
“ဒီမှာက အရမ်းကို ငြိမ်ဝပ် အေးချမ်းလှပါတယ်။ လိမ်ညာခံရလို့ လာတိုင်တာမျိုးလောက်ပဲ ရှိတာပါ။ အဘိုးကြီး အဘွားကြီးတွေကို ဆွေမျိုးတွေ၊ အိမ်အကူတွေက လက်မှတ်ညာထိုးပြီး ဘဏ်ကနေ ငွေလိမ်ထုတ်တာမျိုးတွေပါ”လို့ မြို့နယ်ရဲဌာန အင်စပက်တာရဲချုပ် ဆာဂျိရှ် ကူးမား ဗီ က ပြောပြပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက မြို့ခံ သက်ကြီးရွယ်အိုတစ်ဦးရဲ့ ဆွေမျိုးတစ်ဦးက လက်မှတ်အတု ထိုးပြီး ရူပီး ၁၀ သန်း လိမ်ထုတ်သွားပါတယ်။ မနှစ်က အဲဒီမြို့မှာ ဆိုင်ဖွင့်ပေးမယ်၊ ပိုက်ဆံထည့်ရင် အမြတ်အများကြီး ပြန်ရမယ်ဆိုပြီး လာသိမ်းသွင်းတဲ့ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတစ်ခုက လူ ၄ ဦးကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ ငွေအရင်းအနှီး ထည့်ခဲ့တဲ့ မြို့ခံ ၅၀၀ လောက် ရဲကို လာတိုင်ခဲ့ရာကနေ ဒါဟာ အကွက်ချ ငွေလိမ်လည်မှုကြီးအဖြစ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
“အဲဒီဖြစ်ရပ်က ဒီနေရာမှာ ကြီးမားတဲ့ ရာဇဝတ်မှုကြီး တစ်ခုပါ။ ကျန်တာကတော့ မြို့ခံတွေ အချင်းချင်းကြား အသံဆူလို့၊ အိမ်အပြင်ဘက် အမှိုက်လာပစ်လို့၊ ဘေးအိမ်က သစ်ပင်အကိုင်း ကိုယ့်အိမ်ထဲ ကျနေလို့ ဆိုတဲ့ အသေးစား အငြင်းပွားမှုမျိုးတွေလောက်ကိုပဲ အဓိက ဖြေရှင်းပေးရလေ့ ရှိပါတယ်။ ဒါမျိုးတွေလောက်ပါပဲ။”
ရာဇဝတ်မှု နည်းတဲ့အတွက် ရဲတွေအနေနဲ့ သူတို့ရဲ့ အလုပ်ချိန်အများစုမှာ သက်ကြီးရွယ်အိုတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက်ပဲ အချိန်ယူ ဆောင်ရွက်လေ့ ရှိပါတယ်။ ကျန်းမာရေး ချို့တဲ့တဲ့ တစ်ကိုယ်တည်း သက်ကြီးရွယ်အို ၁၆၀ ကို ရဲတွေက မှန်မှန် သွားရောက်ကြည့်ရှုလေ့ရှိပြီး တချို့ကို အရေးပေါ်အခါမျိုးမှာ အိမ်နီးချင်းတွေ သိနိုင်တဲ့ မိုဘိုင်း သတိပေးကိရိယာတွေ ပေးထားပါတယ်။ ၂၀၂၀ တုန်းက အိမ်ရှေ့ တံခါးခေါင်းလောင်း နှိပ်ပေမဲ့ ဘယ်သူမှ တံခါးလာမဖွင့်တဲ့ အိမ်တစ်အိမ်ကို ရဲက ရိုက်ချိုးဝင်ကြည့်တဲ့အခါ အိမ်ရှင် အဘွားအို ကြမ်းပြင်ပေါ် လဲကျနေတာကို တွေ့ခဲ့ကြပါတယ်။
“သူ့ကို ဆေးရုံခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ သူပြန်သက်သာသွားပါတယ်။ ကျွန်တော်တို့ လုပ်တဲ့ အလုပ်တွေထဲမှာ အသက်ကြီးလာသူတွေကို ဘိုးဘွားရိပ်သာ ပို့ပေးရတဲ့ အလုပ်လည်း ပါပါတယ်။ သက်ကြီးရွယ်အိုတွေကို သွားကြည့်ပေးပါတယ်။ ဆရာဝန်ဆီ ပို့ပေးပါတယ်” လို့ မစ္စတာ ကူးမားက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ARUN CHANDRA BOSE
“ဒီမြို့မှာ အိုမင်းမစွမ်းမှုက တစ်ခုတည်းသော ပြဿနာပါ” လို့ ဘုန်းတော်ကြီး ဖာသာ သောမတ်စ် ဂျွန်က ပြောပါတယ်။
ဒီမြို့မှာ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနိုင်ပြီး ကွင်းပြင်ကျယ်ကျယ်၊ တံခါးပေါက်တွေ၊ စင်္ကြန်လမ်းတွေ ကျယ်ကျယ်နဲ့ လူအိုရုံ ၃ ရုံ ရှိပါတယ်။ အလက်ဇန်းဒါး မာသိုမာ အောင်းမေ့ဘွယ် ဘိုးဘွားရိပ်သာကြီးဆိုရင် လူနာကုတင် ၁၅၀ ဆံ့တဲ့ ဆေးရုံတစ်ခုနဲ့ အတူတွဲဖွင့်ထားတဲ့ အထပ် ၅ ထပ်မြင့်တဲ့ အဆောက်အအုံကြီးဖြစ်ပြီး အသက် ၈၅ နှစ်နဲ့ ၁၀၁ နှစ်အကြား မြို့ခံ ၁၀၀ ကျော်ကို ပြုစုစောင့်ရှောက်ထားပါတယ်။ အများစုက အိပ်ရာပေါ် လဲနေသူတွေ ဖြစ်ကြပြီး သူတို့ကို ပြုစုစောင့်ရှောက်ဖို့ မိသားစုဝင်တွေက ရူပီး ၅ သောင်း လစဉ် ပေးကြပါတယ်။ သက်တမ်း ၁၆ နှစ် ရှိပြီဖြစ်တဲ့ ဒီလူအိုရုံမှာ တစ်ခါတလေ သားသမီးတွေက သူတို့မိခင်အို၊ ဖခင်အိုကြီးတွေနဲ့ အတူလာနေပေးကြပါတယ်။
သားသမီးအများစုက ပြည်ပမှာ နေနေကြတာမို့ အသက်အရမ်းကြီးတဲ့ မိဘတွေကို ဘိုးဘွားရိပ်သာပို့ဖို့က လွဲလို့ တခြားရွေးစရာလမ်း မရှိကြတော့ပါဘူး လို့ ဖာသာ ဂျွန်က ပြောပြပါတယ်။
အဲဒီကနေ သိပ်မဝေးတဲ့ နေရာမှာ သက်တမ်း ၇၅ နှစ်ကြာပြီ ဖြစ်တဲ့ ဒါမဂီရိ ဘိုးဘွားရိပ်သာမှာတော့ မြို့ခံ ၆၀ လောက်ကို ပြုစုစောင့်ရှောက်ထားပါတယ်။ သူတို့အားလုံးဟာ အသက် ၆၀ ကျော်အရွယ်တွေ ဖြစ်ပါတယ်။ မနှစ်က သက်ကြီးရွယ်အို ၃၁ ဦး ထပ်ရောက်လာပါတယ်။ အဲဒီမှာ အမျိုးသား၊ အမျိုးသမီး သီးသန့်အဆောင်တွေနဲ့ ထားထားပါတယ်။ အဲဒီမှာ နေဖို့ စာရင်းပေးထားပြီး စောင့်ဆိုင်းနေရသူတွေ ပိုပိုများလာနေပါတယ်။ သက်ကြီးရွယ်အို ၆၀ ကို ထားနိုင်တဲ့ အခန်း ၃၀ ပါ အဆောက်အဦသစ်တစ်ခုလည်း မကြာခင် ဆောက်ဖို့ ရှိပါတယ်။
ကျွန်တော်တို့ဆီမှာ နေနေတဲ့ အမျိုးသမီး အများစုဟာ အလိမ်ခံရသူတွေပါ။ တချို့ကတော့ မိသားစုတွေက စွန့်ပစ်သွားကြတာပါ။ လို့ အဲဒီဘိုးဘွားရိပ်သာဖွင့်ထားတဲ့ ဖာသာ ကေအက်စ် မက်သယူးစ် က ပြောပြပါတယ်။
“နာမကျန်းတဲ့ သက်ကြီးရွယ်အိုတွေ၊ ဘိုးဘွားရိပ်သာတွေ၊ အလုပ်သမား ပြတ်လပ်မှုတွေ၊ လူငယ်တွေ ထွက်ခွာပြောင်းရွှေ့သွားမှုတွေ၊ လူဦးရေ ကျဆင်းလာမှုနဲ့ လူသူကင်းမဲ့တဲ့ မြို့တွေ၊ ဒါတွေအားလုံးဟာ လူဦးရေ ပြောင်းလဲလာမှုနဲ့ ဆိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ အဆုံးကျရင် ဒါဟာ အိန္ဒိယတစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ဇာတ်လမ်း ဖြစ်လာပါလိမ့်မယ်” လို့ ပါမောက္ခ ဂျိမ်းစ်က ပြောပါတယ်။








