စစ်ပွဲတွေ ဘယ်နှပွဲအထိ ရပ်တန့်သွားအောင် ထရမ့်လုပ်ထားနိုင်လဲ

အိမ်ဖြူတော် တံဆိပ်ပါ စကားပြောစင်မြင့်နောက်မှာ မတ်တပ်ရပ်နေတဲ့ ဒေါ်နယ်ထရမ့်နဲ့ သူ့နောက်မှာတော့ ''ငြိမ်းချမ်းရေး အားထုတ်ခြင်း'' လို့ ဆိုတဲ့ စာသားကို အဖြူရောင် အပြာရောင် အစိမ်းရောင် BBC Vefiy တံဆိပ်တို့နဲ့အတူ မြင်တွေ့ရ
    • ရေးသားသူ, ဂျိန် ဟာတန် နဲ့ နစ် ဘိထ်
    • ရာထူးတာဝန်, BBC Verify

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှား - ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အရေး ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းနေချိန်မှာပဲ သူ သမ္မတ ရာထူးစယူချိန်ကတည်းက လုပ်ထားနိုင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်တဲ့နှုန်းကိုလည်း ပြောလေ့ရှိပါတယ်။

သြဂုတ်လ ၁၈ ရက်တုန်းက အိမ်ဖြူတော်မှာ စကားပြောချိန်တုန်းကတော့ သမ္မတ ထရမ့်က '' ကျွန်တော် စစ်ပွဲ ၆ ခုအထိ အဆုံးသတ်အောင် လုပ်ခဲ့ပြီးပါပြီ။ ... ဒီလိုအဆုံးသတ်အောင် လုပ်ရာမှာ အပစ်ရပ်စဲရေးဆိုတဲ့စကားလုံး တစ်လုံးတောင် မပြောခဲ့ရဘူး'' လို့ ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး တွန်းလုပ်ဖို့ ဥရောပခေါင်းဆောင်တွေက ပြောခဲ့ပြီးတဲ့နောက်မှာ သူက အခုလိုပြောတာဖြစ်ပါတယ်။

အဲဒီနောက် တစ်ရက်မှာတော့ သူပြောတဲ့အရေအတွက်က ''စစ်ပွဲ ၇ ပွဲ'' အထိရှိပြီလို့ သူက ထုတ်ပြောပါတယ်။

ထရမ့်ရဲ့ အစိုးရအဖွဲ့ကတော့ ''ငြိမ်းချမ်းရေးအကျိုးဆောင်ချုပ်ကြီးအတွက်'' နိုဘယ် ငြိမ်းချမ်းရေးဆုဟာ ''ရသင့်နေတာကြာပြီ'' လို့ပြောပြီး ထရမ့် အဆုံးသတ်ခဲ့တယ်လို့ဆိုတဲ့ ''စစ်ပွဲတွေ'' အရေအတွက်ကိုလည်း စာရင်းနဲ့တကွ ပြောပါတယ်။

ကာလရှည်တင်းမာမှုတွေကြာင့်ဖြစ်တဲ့ တချို့စစ်ပွဲတွေကတော့ ငြိမ်သွားတာမျိုးရှိပေမဲ့ ရက်ပိုင်းပဲ ကြာခဲ့ပါတယ်။ ပြီးတော့ တချို့ သူကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေဟာလည်း တာရှည်မလားဆိုတာ မရှင်းလင်းပါဘူး။

ထရမ့်ဟာ စစ်ပွဲတွေအကြောင်းကို သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် ထရုသ် အကောင့်မှာ ရေးတင်တဲ့အခါ ''အပစ်ရပ်'' ဆိုတဲ့စကားလုံးကို သုံးလေ့ရှိပါတယ်။

ထရမ့်ပြောတဲ့ သူ အဆုံးသတ်နိုင်ခဲ့တယ်ဆိုတဲ့ ပဋိပက္ခတွေကို ဘီဘီစီ ဗာရီဖိုင်းက စေ့ငုကြည့်ခဲ့ပါတယ်။

အစ္စရေး နဲ့ အီရန်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစ္စရေးက အီရန်နိုင်ငံရဲ့ပစ်မှတ်တွေကို ဇွန်လ ၁၃ ရက်မှာ ပစ်ခတ်တဲ့အခါ ၁၂ ရက်ကြာ ပဋိပက္ခ စတင်ပါတယ်။

ထရမ့်ကတော့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုဟာ ဒီလေကြောင်းတိုက်ခိုက်မှုတွေ မပြုလုပ်ခင်မှာ သူ့ကို အသိပေးခဲ့တယ်လို့ အတည်ပြုပြောခဲ့ပါတယ်။

အမေရိကန်ဟာ အီရန်ရဲ့နျူကလီးယားစက်ရုံနေရာတွေကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီလို တိုက်ခဲ့လို့ အစ္စရေး - အီရန် ပဋိပက္ခဟာ မြန်မြန်အဆုံးသတ်ခဲ့တယ်လို့ အများက မှတ်ယူပါတယ်။

ဇွန်လ ၂၃ ရက်မှာတော့ ထရမ့်က ''တရားဝင်ဖြစ်ပါပြီ။ အီရန်ဟာ ၁၂ နာရီအတွင်း အပစ်ရပ်ဖို့ စတင်ပါပြီ။ အစ္စရေးကလည်း ၂၄ နာရီအတွင်းအပစ်ရပ်ပါလိမ့်မယ်။ ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်မှုကို ကမ္ဘာက အသိအမှတ်ပြုပါလိမ့်မယ်'' လို့ သူ့ရဲ့ ထရုသ် လူမှုကွန်ရက်မှာ ရေးတင်ပါတယ်။

ပစ်ကြခတ်ကြတာတွေ အဆုံးသတ်သွားတဲ့အခါမှာတော့ အီရန် ဘာသာရေးခေါင်းဆောင် အရာတိုလာ အလီ ခါမေနီက သူ့နိုင်ငံဟာ ''တိကျတဲ့အောင်မြင်မှု'' ကို ဆုပ်ကိုင်နိုင်ခဲ့တယ်လို့ ပြောပေမဲ့ အပစ်ရပ်ကိစ္စကိုတော့ မပြောသွားပါဘူး။

အစ္စရေးကတော့ ခြိမ်းခြောက်မှုအသစ်တွေကို ပြန်လည် တန်ပြန်ဖို့ အီရန်ကို တဖန် ပြန်တိုက်နိုင်ခြေရှိတဲ့အပြောမျိုး အဲဒီကတည်းက ပြောထားပါတယ်။

''ထာဝရ ငြိမ်းချမ်းရေးအတွက် ဒါမှမဟုတ် အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို ဘယ်လို ဆက်ပြီး စောင့်ကြည့်မယ်ဆိုတာမျိုး သဘောတူညီချက် မရှိပါဘူး'' လို့ ဘရွတ်ကင်းစ် အင်ကျူးရှင်းက အကြီးတန်း အကဲခတ် မိုက်ကယ် အိုဟန်လွန်က ပြောပါတယ်။

''ဒီတော့ ကျွန်တော်တို့ ရသွားတာက စစ်ပွဲအဆုံးသတ်မှုတစ်ခုဆိုတာထက် တစ်ဖက်သတ် အပစ်ရပ်မှုပါပဲ။ ဒါပေမဲ့ သူ့ကိုတော့ လုပ်နိုင်ခဲ့တာအတွက် အသိအမှတ်ပြုရပါမယ်။ အမေရိကန် အကူအညီနဲ့ အစ္စရေးကြောင့် အီရန် အားလျော့သွားချိန်မှာ ဗျူဟာအရဆိုရင် သိသာထင်ရှားပါတယ်''

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တုန်းက အီရန်နိုင်ငံ မြို့တော် တဟီရန်မှာ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် အဆောက်အဦတစ်ခု ပစ်မှတ်ထားခံခဲ့ရပြီးတဲ့နောက် အပျက်အစီးတွေကြားမှာ တွေ့ရတဲ့ အီရန်နိုင်ငံသား တချို့

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၁၂ ရက်ကြာ ပဋိပက္ခအတွင်း အီရန်နဲ့ အစ္စရေးမှာ ပစ်မှတ်တွေ ထိမှန်ခဲ့

ပါကစ္စတန် နဲ့ အိန္ဒိယ

နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ ဒီနှစ်နိုင်ငံကြားက တင်းမာမှုဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ ဒါပေမဲ့ မေလတုန်းက ဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ အိန္ဒိယ အုပ်ချုပ်တဲ့ ကတ်ရှ်မီးယားနယ်ထဲမှာ တိုက်ခိုက်မှုတစ်ခုဖြစ်အပြီးမှာ ပေါ်ပေါက်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်ကြတာ ၄ ရက်ကြာပြီးတဲ့နောက်မှာတော့ ထရမ့်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ''အပစ်ရပ်တာကို မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝလုပ်ဖို့'' သဘောတူလိုက်ပြီလို့ အွန်လိုင်း ပေါ် ရေးပါတယ်။

ဒါဟာ ''အမေရိကန်က ကြားဝင်ညှိနှိုင်းခဲ့တဲ့ ညဘက်ခပ်ကြာကြာ ဆွေးနွေးမှုတွေကြောင့်'' လို့လည်း သူက ပြောပါတယ်။

ပါကစ္စတန်ကတော့ ထရမ့်ရဲ့ ''ခပ်မြန်မြန် သံတမန်ရေး ကြားဝင်မှု'' ကို ပြောရင်း ထရမ့်ကို နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမယ်လို့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

အိန္ဒိယကတော့ အမေရိကန်ရဲ့ ပါဝင်မှုကို လျှော့ချပါတယ်။ ''စစ်ရေးလုပ်ဆောင်ချက် လျှော့ချတာနဲ့ပတ်သက်ပြီး ပြောဆိုချက်တွေဟာ နှစ်နိုင်ငံ စစ်တပ်ကြား ရှိရင်းစွဲ လမ်းကြောင်းတွေကနေတဆင့် အိန္ဒိယနဲ့ ပါကစ္စတန်ကြား တိုက်ရိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ် '' လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီကရမ် မီဆရီက ပြောပါတယ်။

ရဝမ်ဒါ နဲ့ ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ

ဒီနှစ်နိုင်ငံကြား ကာလရှည် မတည့်မှုဟာ ကွန်ဂိုအရှေ့ပိုင်းက ဓာတ်သတ္တုကြွယ်ဝတဲ့ နယ်မြေကို M23 သူပုန်အဖွဲ့က သိမ်းပြီးတဲ့နောက် အခုနှစ်အစောပိုင်းမှာ ထွက်ပေါ်ခဲ့တာပါ။

ဇွန်လမှာတော့ ဒီနှစ်နိုင်ငံစလုံးဟာ ဆယ်စုနှစ်ချီကြာဖြစ်ပွားနေတဲ့ပဋိပက္ခ အဆုံးသတ်ရေး ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဝါရှင်တန်မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။ ထရမ့်ကတော့ အဲဒီသဘောတူညီချက်ကြောင့် ဒီနှစ်နိုင်ငံနဲ့ အမေရိကန်ကြား ကုန်သွယ်ရေး တိုးလာဖို့ အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

M23 သူပုန်တွေကို အဲဒီအဖွဲ့ထဲမှာ ပြန်လည် ထည့်သွင်းမယ့် ကွန်ဂိုရဲတပ်ဖွဲ့ အရာရှိတွေနဲ့ န်းရံထားတဲ့ အဖွဲ့နဲ့ အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ကွန်ဂိုနိုင်ငံ၊ ဘူခါဗူမှာ မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, M23 သူပုန်အဖွဲ့ဟာ ရဝမ်ဒါနဲ့ ဆက်နွှယ်နေပါတယ်

နောက်ဆုံး သဘောတူညီချက် ပြုလုပ်ပြီးကတည်းက နှစ်ဖက်စလုံးဟာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ စွပ်စွဲနေကြပြီး M23 သူပုန်အဖွဲ့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မတက်တော့ဘူးလို့ လေသံပစ်နေပါတယ်။

''ကွန်ဂိုနဲ့ ရဝမ်ဒါမှာ တိုက်ပွဲ ဆက်ရှိနေတုန်းပါပဲ။ ဒီတော့ အပစ်ရပ်မှုဟာ တကယ်မဖြစ်ဘူးလို့ ပြောလို့ရပါတယ်'' လို့ အောက်စဖို့တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကို ပို့ချနေတဲ့ ပါမောက္ခ မာဂရက် မက်ခ်မစ်လန်က ပြောပါတယ်။

ထိုင်း နဲ့ ကမ္ဘောဒီးယား

ဇူလိုင်လ ၂၆ ရက်တုန်းကတော့ ထရမ့်ဟာ သူ့ရဲ့ ထရုသ် လူမှုကွန်ရက်မှာ '' ထိုင်း ယာယီဝန်ကြီးချုပ်ကို ကျွန်တော်ဖုန်းခေါ်နေပါတယ်။ အပစ်အခတ်ရပ်စဲမှု တစ်ခု ပေါ်လာဖို့အတွက်ပါ။ ပြီးတော့ လက်ရှိမှာ အရှိန်မြင့်နေတဲ့ စစ်ပွဲ အသုံးသတ်ဖို့လည်း ရည်ရွယ်ပါတယ်'' ရေးတင်ပါတယ်။

နောက် ရက်အနည်းငယ်အကြာမှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်မှာ တိုက်ပွဲဖြစ်တာ တစ်ပတ်တောင်မကြာလိုက်ဘဲ ချွင်းချက်မရှိ ချက်ချင်းအပစ်ရပ်ကြဖို့ သဘောတူခဲ့ကြပါတယ်။

ဒီနှစ်နိုင်ငံ ဆွေးနွေးနိုင်ဖို့ မလေးရှားက ကြားဝင်ပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်ကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အနေနဲ့ တိုက်ပွဲ မရပ်ဘူးဆိုရင် အမေရိကန်က ကောက်ဖို့ရှိတဲ့ အခွန်တိုးမြှင့် ကောက်ခံမှုကိစ္စကို ဆွေးနွေးမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဒီနှစ်နိုင်ငံစလုံးဟာ အမေရိကန်ကို ပို့ကုန်ပို့ပြီး အများအားဖြင့် မီခိုနေရတဲ့နိုင်ငံတွေဖြစ်ပါတယ်။

သြဂုတ်လ ၇ ရက်မှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။

အာမေးနီးယား နဲ့ အဇာဘိုင်ဂျန်

အာမေးနီးယား နဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံစလုံးက ခေါင်းဆောင်တွေကတော့ သြဂုတ်လ ၈ ရက်မှာ အိမ်ဖြူတော်မှာ ကြေညာနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ဖြစ်လာရေး အားထုတ်မှုတွေကြောင့် ထရမ့်ဟာ နိုဘယ် ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ ပြောကြပါတယ်။

''ဒီနေရာမှာတော့ သူ့ အားထုတ်မှုအတွက် ချီးကျူးသင့်ပါတယ်။ အိမ်ဖြူတော်ဘဲဥပုံရုံးခန်းက လက်မှတ်ထိုးအခမ်းအနားဟာ သက်ဆိုင်ရာပါဝင်ပတ်သက်တဲ့နိုင်ငံတွေကို ငြိမ်းချမ်းရေး ရအောင် တွန်းအား ဖြစ်စေခဲ့တယ်'' လို့ မစ္စတာ အိုဟန်လွန်က ပြောပါတယ်။

မတ်လတုန်းကတော့ ဒီအစိုးရ နှစ်ရပ်စလုံးဟာ နာဂါနို - ခါရာဘတ်ခ် ဒေသနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ နှစ် ၄၀ နီးပါးကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

အာမေးနီးယား ဌာနေတိုင်းရင်းသားတွေနေထိုင်နေတဲ့ အဲဒီဒေသ ကွက်ကွက်ကို အဇာဘိုင်ဂျန်က သိမ်းယူခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်တုန်းက ဝါရှင်တန်ဒီစီမြို့က အိမ်ဖြူတော်မှာ လက်မှတ်ရေးထိုးတဲ့အခမ်းအနားအတွင်း အဇာဘိုင်ဂျန် သမ္မတနဲ့ အာမေးနီးယား ဝန်ကြီးချုပ်တို့နှစ်ဦးရဲ့ လက်ကို သမ္မတ ထရမ့်က ပြုံးပြီး ဆုပ်ကိုင်ထား

ဓာတ်ပုံ ရင်းမြစ်, Getty

အီဂျစ်နဲ့ အီသီယိုးပီးယား

အီဂျစ်နဲ့ အီသီယိုးပီးယားမှာတော့ သမ္မတ ထရမ့်အတွက် ရပ်တန့်ပေး စရာ စစ်ပွဲမရှိပါဘူး။ ဒါပေမဲ့ နိုင်းမြစ်ပေါ် ဆည်တည်တစ်ခုအရေး တင်းမာမှု မြင့်တက်နေတာကြာပါပြီ။

အီသီယိုးပီးယားရဲ့ ဆန်းသစ်စဆည်ကြီးဟာ အခုနွေမှာပဲ အပြီးသတ်ပါပြီ။ အီဂျစ်ကတော့ ဒီဆည်ကြောင့် နိုင်းမြစ်ကနေ သူတို့ ရရှိမှုအရေး သက်ရောက်မယ်လို့ ပြောပါတယ်။

နှစ်ဘက် သဘောထားမတိုက်ဆိုင်မှု ၁၂ နှစ်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက အီသီယိုးပီးယားနဲ့ ဆွေးနွေးတာတွေ ဆိုင်းထားလိုက်ပြီလို့ ဇွန်လ ၂၉ ရက်မှာ ပြောပါတယ်။

ထရမ့်ကတော့ ''ကျွန်တော်သာ အီဂျစ်သာဖြစ်ရင် နိုင်းမြစ်ထဲက ရေကို ကျွန်တော်လည်း လိုချင်မှာပဲ'' လို့ ပြောပါတယ်။ အမေရိကန်ဟာ ဒီပြဿနာကို မြန်မြန်ဖြေရှင်းပေးမယ်လို့လည်း သူက ကတိပြုပါတယ်။

ထရမ့်ရဲ့အပြောကို အီဂျစ်ဘက်က ကြိုဆိုပါတယ်။ ဒါပေမဲ့ အီသီယိုးပီးယားအရာရှိတွေကတော့ တင်းမာမှုကို မီးစထိုးပေးတာမျိုး စိုးရိမ်ပါတယ်။

ဒါပေမဲ့ အီဂျစ်နဲ့ အီသီယိုးပီယားတို့ကြား သဘောထားမတိုက်ဆိုင်မှုတွေအတွက် ဖြေရှင်းနိုင်တဲ့အဖြေ မရသေးပါဘူး။

ဆားဘီးယား နဲ့ ကိုဆိုဗို

ဇွန်လ ၂၇ ရက်မှာ ထရမ့်က ဒီနှစ်နိုင်ငံကြား ထိပ်တိုက်ရင်ဆိုင်ကြတော့မယ့် အခြေအနေကို ရှောင်ကွင်းအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ''ဆားဘီးယားနဲ့ ကိုဆိုဗိုတို့ဟာ ဖြစ်တော့မယ့် ဆဲဆဲပဲ။ ဖြစ်ရင်လည်း စစ်ပွဲကြီးဖြစ်မှာ။ ခင်ဗျားတို့ စစ်ဖြစ်ရင် အမေရိကန်နဲ့ ကုန်သွယ်မှု လုံးဝ မရှိစေရဘူးလို့ ကျွန်တော်ပြောခဲ့တယ်။ သူတို့က ကောင်းပြီလေ ဒီလိုဆို ကျွန်တော်တို့ မဖြစ်တော့ပါဘူးလို့ ပြောတယ်''

ဒီနှစ်နိုင်ငံဟာ ၁၉၉၀ ပြည့်နှစ်တွေမှာဖြစ်ခဲ့တဲ့ ဘော်လကန်စစ်ပွဲတွေကြောင့် အငြင်းပွားနေတာ ကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ တင်းမာမှု မြင့်တက်လာတာဖြစ်ပါတယ်။

''ဆားဘီးယားနဲ့ ကိုဆိုဗို ထိပ်တိုက်တွေ့တာ၊ ပစ်ခတ်တာ မရှိသေးတာ ကြာပါပြီ။ ဒီတော့ အဆုံးသတ်ပေးစရာ စစ်ပွဲ မရှိတော့ဘူးပေါ့လေ'' လို့ ပါမောက္ခ မက်ခ် မီလန်က ပြောပါတယ်။

အိမ်ဖြူတော်ကတော့ ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းမှာ လုပ်ခဲ့တဲ့ ထရမ့်ရဲ့ သံခင်း တမန်ခင်း အားထုတ်မှုတွေကို ညွှန်းပါတယ်။

ဒီနှစ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်မှာ သမ္မတထရမ့် အိမ်ဖြူတော်မှာ ရှိတုန်းက အမေရိကန်နဲ့ စီးပွားရေး ပုံမှန်သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကတည်းက စစ်မဖြစ်ကြပါဘူး။

Peter Mwai, Shruti Menon နဲ့ Eve Webster တို့လည်း ပါဝင်ရေးသားပါတယ်။

The BBC Verify banner.