ထိုင်းရောက် မြန်မာသိန်းချီစောင့်ဆိုင်းနေတဲ့ ပန်းရောင်ကတ် ဘတ်ရိုက်လုပ်ငန်းစဉ် စပြီ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ထိုင်းနိုင်ငံကို အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာအပါအဝင် နိုင်ငံလေးခုက နိုင်ငံသားတွေအတွက် ပန်းရောင်ကတ်လို့ခေါ်တဲ့ (ဘတ်)လျှောက်ထားဖို့ နာမည်စာရင်းပေးသွင်းမှု လုပ်နိုင်ပြီဖြစ်ပါတယ်။
လုပ်သားရှားပါးမှုကို ဖြေရှင်းဖို့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက အလုပ်သမားတွေကို မှတ်ပုံတင်ရေးအစီအစဉ် စတင်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးအသစ် မစ္စ တရီနွတ် တီရပ်ဟော်က ပြောပြီး သီတင်းနှစ်ပတ်အတွင်းမှာပဲ အခုအစီအစဉ်ထွက်လာတာပါ။
အောက်တိုဘာ ၁၅ ရက်ကနေ အောက်တိုဘာ ၂၉ ရက်အထိ ၁၅ ရက်တာ စာရင်းပေးသွင်းလို့ နိုင်မှာဖြစ်ပါတယ်။
အရင်နဲ့ မတူတာကတော့ အခုအစီအစဉ်မှာ အွန်လိုင်းကနေ အလုပ်လုပ်ခွင့်လက်မှတ်လျှောက်နိုင်တဲ့ စနစ်ပါ ထိုင်းအလုပ်သမားဝန်ကြီးဌာနက မိတ်ဆက်လာတာပါ။
ထိုင်းရောက်မြန်မာအလုပ်သမား သိန်းနဲ့ချီ စာရင်းတင်နိုင်ခြေရှိတဲ့ ဒီတစ်ခေါက် ဘတ်လျှောက်ထားမှုမှာ ဘယ်သူတွေ အကျုံးဝင်မှုရှိမလဲ။ ဘယ်လို အပြောင်းအလဲတွေရှိနေလဲ။
ဘတ်ရိုက်ခြင်း - ဘတ်ငွေ သန်းချီတဲ့ဈေးကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုအပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင် နည်းလမ်းနဲ့ရော၊ တရားဝင်နည်းလမ်းနဲ့ပါဝင်လာသူ သန်းချီရှိနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာအဖွဲ့(IOM) က ပြောပါတယ်။
တဖက်မှာလည်း ဒီပမာဏဟာ ပြည်တွင််းပဋိပက္ခနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူထုဟာ ရတဲ့နည်းလမ်းနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်လာကြတာကိုလည်း မြင်သာပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတွေကတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို တရားဝင်၊ တရားမဝင်လမ်းကြောင်းတွေကနေ ရောက်လာကြတဲ့ရွှေ့ပြောင်းလုပ်သားဦးရေဟာ ၆ သန်းကျော်လူဦးရေရှိတဲ့စင်ကာပူတစ်နိုင်ငံစာ ရှိတယ်လို့ ခိုင်းနှိုင်းကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်းအစိုးရရဲ့ဇူလိုင်လအထိ စာရင်းအရ အခုတစ်ခေါက် အလုပ်လုပ်ခွင့် အသစ်လျှောက်မယ့်သူ၊ သက်တမ်းတိုးမယ့်သူ စုစုပေါင်း ၂ ဒသမ ၉ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။
နှစ်စဉ်အလုပ်လုပ်ခွင့်လျှောက်ကြတဲ့နိုင်ငံလေးနိုင်ငံထဲမှာ မြန်မာက နှစ်စဉ် ဗိုလ်စွဲလေ့ရှိတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအရေးကူညီသူတွေကတော့ ဒီတစ်ခေါက်မှာ အသစ်လျှောက်မယ့် မြန်မာနိုင်ငံသား ၄ သိန်းကျော် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ထိုင်းအစိုးရကတော့ ဒီတစ်ခေါက်မှာတော့ လုပ်ငန်းစဉ်အစအဆုံး ပေးသွင်းရမယ့် ကုန်ကျစရိတ်ကို ၃,၇၈၀ ဘတ် ကျသင့်မယ်လို့ တရားဝင် ကြေညာထားပါတယ်။
ဒါပေမယ့် အကျိုးဆောင်၊ ပွဲစားတွေနဲ့ လုပ်မယ်ဆိုရင် ထိုင်းဘတ်ငွေ ၈,၀၀၀ ကနေ ဘတ် ၁၀,၀၀၀ ကျော်အထိ ပေါက်နေတယ်လို့ အသစ်လျှောက်မယ့်သူတွေက ပြောကြပါတယ်။
" ကျွန်တော်လုပ်တဲ့ပွဲစားကတော့ နာမည်စာရင်းစပေးပြီဆိုတာနဲ့ ဘတ် ၂,၀၀၀ ပေးရတယ်။ ကြားထဲမှာ ၆,၀၀၀ တစ်သုတ်ပေးရတယ်။ လဝကမှာ လက်ဗွေသွားနှိပ်ရင် ပိုက်ဆံတစ်သုတ်ပေးရတယ်။ နောက်ဆုံး စာအုပ်ထဲမှာ ဗီဇာထည့်ရင် ဘတ် ၂,၀၀၀ ပေးရတယ်။ စုစုပေါင်း ၁ သောင်းလောက်ပေးရတယ်" လို့ အသစ်လျှောက်မယ့်သူ တစ်ဦးက ပြောပါတယ်။
ဒီနှုန်းထားဟာ အခုလျှောက်ကြမယ့် ခန့်မှန်းခြေအယောက် ၄ သိန်းနဲ့ တွက်လိုက်ရင် ခန့်မှန်းခြေ ဘတ်ငွေသန်းရာချီနေတဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်။
"ရွှေ့ပြောင်းအလုပ်သမားတွေက စာရွက်စာတမ်းကို ကိုယ်တိုင် မလုပ်နိုင်သေးသရွေ့၊ သူဌေးအမည်ခံနဲ့ သွားနေရတဲ့ နည်းစနစ်၊ စာရွက်စာတမ်းနည်းစနစ်တွေ ရှိနေသေးသရွေ့ကတော့ သတ်မှတ်နှုန်းထက် နှစ်ဆ၊ သုံးဆ ကုန်ကျစရိတ် ပိုမိုကြီးမြင့်စွာနဲ့ အလူးအလဲခံရမှာပေါ့ " မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
ဘယ်သူတွေအကျုံးဝင်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းအစိုးရက နှစ်စဉ် တရားမဝင်ဝင်ရောက်လာသူတွေကို တရားဝင်ဖြစ်အောင် အလုပ်လုပ်ခွင့် အသိအမှတ်ပြုကတ် ထုတ်ပေးပါတယ်။ ဒါကို ဘတ်ရိုက်တာ ဒါမှမဟုတ် ပန်းရောင်ကတ်လို့ လူအများက ခေါ်ကြပါတယ်။
ထိုင်းအစိုးရကတော့ ဘယ်သူတွေအကြုံးဝင်သလဲဆိုတ အခုတစ်ခေါက်မှာ အတိအကျ မဖော်ပြောထားဘူးလို့ မဲဆောက်အခြေစိုက် မြန်မာလုပ်သားအရေးလုပ်ဆောင်သူ ကိုစိုင်းက ပြောပါတယ်။
ဒါပေမယ့် စာရွက် စာတမ်းမရှိ အထောက်အထားမဲ့သူတွေ၊ အလည်ဗီဇာနဲ့ ထိုင်းနိုင်ငံကို ဝင်လာရောက်ပြီး ဗီဇာသက်တမ်းကုန်သူတွေ၊ မြန်မာစစ်ကော်မရှင်ရဲ့မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်(CI) စာအုပ်အစိမ်းနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သက်တမ်းကုန်သူတွေ၊ လုပ်ငန်းရှင်အပြောင်းအလဲမှာ အချိန်မမှီလိုက်သူတွေနဲ့ မှီခိုကလေးတွေ၊ ပြီးခဲ့တဲ့နှစ် ဘတ်အသစ် မတင်လိုက်နိုင်သူတွေ လျှောက်နိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
ဒီလို အလုပ်လုပ်ခွင့် လျှောက်တဲ့အခါမှာလည်း လုပ်ငန်းရှင်ရဲ့ထောက်ခံစာ စာရွက်စာတမ်းတွေကလည်း အရေးကြီးပါတယ်။
လုပ်ငန်းရှင်နဲ့ အထောက်အထားအပြည့်အစုံရှိသူတွေက ကိုယ်တိုင်လျှောက်ထားနိုင်ပေမယ့် လုပ်ငန်းရှင် မရှိသူတွေကတော့ လုပ်ငန်းရှင်အငှား လုပ်ဖို့ ပွဲစားနဲ့ချိတ်ဆက်ရပါတယ်။
အငှား လုပ်ငန်းရှင်ဈေးနှုန်းတွေကတော့ နေရာဒေသအလိုက် ဘတ် ၂၀၀ ကစလို့ ဈေးပေါက်ပါတယ်။
အခုတစ်ခေါက်မှာတော့ အလုပ်လုပ်ခွင့် သက်တမ်းတိုးမယ့်သူတွေအတွက် "ကျန့်အော့" လို့ ခေါ်တဲ့ အလုပ်ထွက်စာ နဲ့ "ကျန့်ခေါက်" လို့ခေါ်တဲ့ အလုပ်ခန့်စာတွေကို ထိုင်းအလုပ်သမားနေရာချထားရေးရုံးက ယာယီရပ်ဆိုင်းထားတယ်လို့ အကျိုးဆောင်လုပ်ငန်းတစ်ခုစီက သိရပါတယ်။
အရင်က ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်ထွက်စာ (ကျန့်အော့) မရှိရင် အလုပ်ပြောင်းတာ၊ သက်တမ်းတိုးတာမျိုး လုပ်လို့မရပါဘူး။
အလုပ်ထွက်ပြီးပြီဆိုတာနဲ့ နှစ်လအတွင်းမှာ ကျန့်ခေါက် (တရားဝင် အလုပ်ခန့်စာ) ကို လုပ်ငန်းရှင်ဆီက ရရှိဖို့လိုပါတယ်။
ဒီနှစ်ခုစလုံးကို လုပ်ငန်းရှင်တွေကိုယ်တိုင် ထုတ်ပေးရပါတယ်။
"အခု ကျန့်အော့၊ ကျန့်ခေါက်ကို အစိုးရဘက်က ခဏပိတ်ထားတယ်။ အခု သက်တမ်းတိုးသမားတွေရော၊ အရင်နှစ်တွေက လုပ်တဲ့သူတွေကော ကျန့်ခေါက်၊ ကျန့်အော့ ပိတ်ထားတယ်။ သက်တမ်းတိုးတာကလေ အခုက လမ်းတဝက်လောက်တော့ ရောက်နေပြီ" လို့ အကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထိုင်းအစိုးရက အလုပ်သမားတွေ လက်ခံထားတဲ့လုပ်ငန်းတွေဆီကနေ ရသင့်ရထိုက်တဲ့အခွန်တွေ မရလို့ဆိုပြီး မကြာသေးခင်တုန်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သူကပြောပါတယ်။
"ဥပမာ အလုပ်ရှင်ရဲ့အလုပ်ရုံမှာ အယောက် နှစ်ထောင်ရှိတယ်။ သူဌေး အငှား စာရင်းနဲ့က အယောက်တစ်ထောင်ရှိတယ်ဆို အဲဒီအယောက် တစ်ထောင်ရဲ့အခွန်က အစိုးရဆီကို မရောက်ဘူးဖြစ်နေတာ" လို့ သက်တမ်းတိုးမယ့်သူတစ်ဦးက ပြောပါတယ်။
"သူဌေးတွေက ပိုက်ဆံယူပြီးလုပ်ထားတယ်ဆိုပေမယ့် အခွန်ကို သူတို့ကလည်း မဆောင်နိုင်ဘူး။ အဲဒီလိုအခြေအနေမှာ သူတို့ မဖြေရှင်းနိုင်ပါဘူးဆိုပြီး ပြန်ရုပ်သိမ်းတာ။ ကြားထဲက ပွဲစားက သူဌေးရှိရင် ကိုယ့်ဘာသာကိုယ် ပြောင်းကြ၊ သူဌေးမရှိဘူးဆိုရင် သူလိုက်ရှာပေးမယ်ဆိုတဲ့ အဆင့်ကို ရောက်နေတာ" လို့ သူက ပြောပါတယ်။
အသစ်လျှောက်မယ့်သူတွေကတော့ သူဌေးအငှားနဲ့ ဆက်ပြီး ဆောင်ရွက်လို့ရတယ်လို့ အကျိုးတော်ဆောင်အဖွဲ့တွေဆီက သိရပါတယ်။
ပြောင်းလဲမှုအသစ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းအစိုးရက စာရွက်စာတမ်းတွေနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်လုပ်ငန်းစဉ်တွေကို လျှော့ချဖို့ဆိုပြီး တရားမဝင်ပြည်ပလုပ်သားတွေအတွက် E-Workpermit အွန်လိုင်းကနေ လျှောက်လို့ရတဲ့ စနစ်ကို မိတ်ဆက်လာပါတယ်။
အရင်က တစ်ရက်ကို ၁၂ နာရီသာ စာရင်းတင်သွင်းခွင့်ရှိရာကနေ အခု ၂၄ နာရီလုံး ဝန်ဆောင်မှု ပေးတော့မယ်လို့ ကြေညာပါတယ်။ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေရဲ့အွန်လိုင်းကနေ စာရင်းတင်သွင်းမှုကိုတော့ အောက်တိုဘာ ၆ ရက်ကနေ စတင်ခွင့်ပြုနေတယ်လို့ဖော်ပြပါတယ်။
လုပ်ငန်းရှင်တွေနဲ့ ပြည်ပလုပ်သားတွေက အောက်တိုဘာ ၁၃ ရက်ကစပြီး စာရင်းတင်လို့ရတယ်လို့ အလုပ်သမားခန့်အပ်ရေးဌာန ဒါရိုက်တာက ပြောပါတယ်။
အလုပ်သမားခန့်အပ်ရေးဌာန ဝက်ဘ်ဆိုက် eworkpermit.doe.go.th မှာ အရင် မှတ်ပုံတင်ပြီး လျှောက်လွှာတင်တာ၊ ငွေပေးချေတာ လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးရင်တော့ အီးမေးလ်၊ မက်ဆေ့နဲ့ အာဏာပိုင်တွေရဲ့ Line ချန်နယ်ကနေ အကြောင်းကြားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာ အလုပ်လျှောက်လွှာဝန်ဆောင်မှုပေးရေး စခန်း ၅၄ ခုကိုလည်း ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။
လျှောက်ထားတဲ့အခါ အလုပ်ရှင်က အလုပ်သမားတွေကိုယ်စား စာရင်းတင်ပေးရမှာဖြစ်ပြီး အလုပ်လုပ်ခွင့် ကျသင့်ငွေကို အီလက်ထရောနစ်စနစ်က တဆင့်ပေးချေရမယ်လို့ ထိုင်းအလုပ်သမားခန့်အပ်ရေးဌာနရဲ့ဒါရိုက်တာက ပြောပါတယ်။
တင်ပြီးတာနဲ့ ဒီဇင်ဘာ ၂၈ ရက်မှာတော့ အလုပ်လုပ်ခွင့်ယာယီကတ်ထုတ်ပေးမယ်လို့ သူက ပြောပါတယ်။
နောက်ပြီး အလုပ်ရှင်ကပဲ အလုပ်သမားတွေကို ကျန်းမာရေးစစ်ဆေးတာ၊ ကျန်းမာရေးအာမခံလုပ်တာတွေ ပြုလုပ်ပေးရမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)မှာ လက်ဗွေနှိပ်တာ၊ ကိုယ်ရေးအချက်အလက်တွေကို သွားရောက်မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
အွန်လိုင်းစနစ်နဲ့ပတ်သက်လို့ "အလုပ်ရှင်ကိုယ်တိုင်လျှောက်ပေးရမယ်။ အလုပ်ရှင်တွေကလည်း ပွဲစားတွေကိုပဲ လုပ်ခိုင်းတာ များတယ်။ အဲဒီတော့ မလိုလားအပ်တဲ့အေဂျင်စီတွေ၊ ပွဲစားတွေ ဝင်လာတယ်။ အလုပ်သမားတွေအနေနဲ့လည်း မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ပိုပြီးတော့ များမယ်" မဲဆောက်အခြေစိုက် မြန်မာလုပ်သားအရေးလုပ်ဆောင်သူ ကိုစိုင်းက ပြောပါတယ်။
လူကိုယ်တိုင်လျှောက်တဲ့အခါမှာတော့ အစဉ်လိုက် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေမှာပြောင်းလဲမှုတချို့ရှိတယ်လို့ သူက ပြောပါတယ်။
အရင်က စာရင်းတင်၊ ကျန်းမာရေးစစ်၊ ကျန်းမာရေးအာမခံဝယ်၊ ဆရာဝန်ထောက်ခံချက်၊ အလုပ်လုပ်ခွင့်လျှောက်လွှာတင်၊ ငွေသွင်း၊ လက်ဗွေနှိပ်ဆိုပြီး တဆင့်ချင်း လုပ်ဆောင်ရပါတယ်။
အခုတစ်ခေါက်မှာတော့ စာရင်းတင်၊ အလုပ်လုပ်ခွင့်လျှောက်လွှာတင်၊ ငွေသွင်း၊ ကျန်းမာရေးစစ်၊ အာမခံဝယ်၊ လက်ဗွေနှိပ်ရမှာဖြစ်ပါတယ်။
နောက်ပြီး ထိုင်းအစိုးရကြေညာချက်ထဲမှာတော့ မြန်မာစစ်ကော်မရှင်က ထုတ်ပေးတဲ့ မည်သူမည်ဝါအသိမှတ်ပြုစာအုပ်(CI)ကိုတော့ အသေးစိတ် ဖော်ပြထားတာမတွေ့ရှိဘူးလို့ ကိုစိုင်းကပြောပါတယ်။
အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေက ဒီစာအုပ်ဟာ စစ်ကော်မရှင်ထံ အခွန်ငွေ တိုက်ရိုက်စီးဆင်းတယ်ဆိုပြီး ထိုင်းလွှတ်တော်ထံ စာပေးပို့မှုတွေ ရှိခဲ့တာပါ။
အလုပ်လုပ်ခွင့်ကတ်၊ ပန်းရောင်ကတ်ရဲ့သဘောက မြို့နယ်တစ်ခုတည်းမှာပဲ နေထိုင်အလုပ်လုပ်ခွင့်ဖြစ်ပြီး စီအိုင်ကတော့ ထိုင်းနိုင်ငံတွင်းခရိုင် ၇၇ ခုလုံးကို ရွှေ့ပြောင်းသွားလာနိုင်တဲ့ကတ်ဖြစ်ပါတယ်။
ဒါပေမဲ့ စီအိုင်စာအုပ်မှတ်ပုံတင်ရေးကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေးကို စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာအလုပ်သမားသံအရာရှိရုံးနဲ့ ထိုင်းအလုပ်သမားခန့်အပ်ရေးဌာနတာဝန်ရှိသူတွေအကြား အောက်တိုဘာ ၈ ရက်မှာ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလျှောက်ကြမယ့်အလုပ်လုပ်ခွင့်ကတ်တွေဟာ ဒီဇင်ဘာလနောက်ပိုင်းမှာ ရရှိနိုင်တယ်လို့ အကျိုးဆောင်အဖွဲ့တွေက ပြောပါတယ်။
အလုပ်လုပ်ခွင့်ကတ် သက်တမ်းဟာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်အထိ သတ်မှတ်ထားပါတယ်။
နိုင်ငံကူးလက်မှတ်စာအုပ်ထဲမှာ ရရှိမယ့် ဗီဇာသက်တမ်းဟာလည်း အလုပ်လုပ်ခွင့်ကတ် သက်တမ်းနဲ့အတူတူဖြစ်မှာပါ။
နိုင်ငံကူးလက်မှတ် မရှိထားသူတွေအနေနဲ့ ထိုင်းနိုင်ငံပြင်ပကို ထွက်တဲ့အခါမှာတော့ ဒီအလုပ်လုပ်ခွင့်အထောက်အထားဟာ အလိုအလျောက် ပျက်ပြယ်သွားမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။
အလုပ်လုပ်ခွင့် လျှောက်ကြတော့မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း လိမ်လည်မှုတွေမကြုံရအောင် ဝန်ဆောင်မှုယူမယ့် ပွဲစားတွေကို သေချာရွေးချယ်ကြဖို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆော်ဩထားကြပါတယ်။












