ဘုရင်စနစ်ကို အသရေညှိုးစေတဲ့ပို့စ်တွေကြောင့် ထိုင်းအမတ် ထောင် ၆ နှစ်ချမှတ်ခံရ

    • ရေးသားသူ, ဂျွန်နသန် ဟတ်
    • ရာထူးတာဝန်, ဘန်ကောက်

ထိုင်းနိုင်ငံမှာတော့ လူငယ်အမျိုးသမီး လွှတ်တော်အမတ်တစ်ဦးဟာ ဘုရင်၊ မိဖုရားနဲ့ အိမ်ရှေ့စံတွေရဲ့ ဂုဏ်သရေညှိုးနွမ်းအောင် လုပ်ဆောင်တဲ့အခါ အရေးယူနိုင်တဲ့ lese-majeste ဥပဒေအရ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။

အသက် ၂၈ နှစ်အရွယ် ရချန်နော့ ‘‘အိုက်စ်’’ စီနော့ခ်ဟာ ဘုရင်စနစ်ကို ဝေဖန်တဲ့ ပို့စ်တွေကို လူမှုကွန်ရက် X (အရင်က တွစ်တာ)မှာ တင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

သူမကတော့ မပြစ်မရှိတဲ့ကြောင်း ထွက်ဆိုပါတယ်။ အခုတော့ အယူခံဝင်နိုင်ဖို့ နောက်တစ်ကြိမ် ကျူးလွန်မှုမလုပ်ပါဘူးဆိုတဲ့ကန့်သတ်ချက်နဲ့ ထိုင်းဘတ်ငွေ ၅ သိန်းအာမခံပေးထားရပါတယ်။

အခုနှစ် မေလ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အိုက်စ်ရဲ့ ရှေ့သို့ချီပါတီ(Move Forward)ဟာ ဒီဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းခဲ့တဲ့ပါတီဖြစ်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ခံမဟုတ်တဲ့ ထိုင်းအထက်လွှတ်တော်ဟာ ရှေ့သို့ချီပါတီ အစိုးရတစ်ရပ်ဖွဲ့နိုင်ရေး အားထုတ်မှုကို ပိတ်ဆို့ဖို့ အဲဒီအချက်ကိုပဲ အသုံးချခဲ့ပါတယ်။

ဒီဥပဒေတွေကို ကန့်ကွက်မှုဟာ ၂၀၂၀ ပြည့်နှစ်မှာ အကြီးအကျယ်ဆန္ဒပြမှုထွက်ပေါ်ခဲ့သလို လနဲ့ချီလည်း ကြာမြင့်ခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာထိုင်းရှေ့နေများအဖွဲ့ကတော့ ၂၀၂၀ ကတည်းကဆိုရင် ဒီဥပဒေနဲ့ တရားစွဲခံရတဲ့အမှုပေါင်း ၂၆၀ နီးပါးရှိတယ်လို့ပြောပါတယ်။

ဆန္ဒပြပွဲတွေမှာပါဝင်မှုနဲ့ လူပေါင်း ၂၀၀၀ နီးပါးလည်း ဥပဒေအမျိုးမျိုးနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

လူမှုအသိုင်းအဝန်းအပေါ် ဝန်ဖြစ်စေတယ်လို့ တော်ဝင်မော်တော်ယာဥ်တန်းဖြတ်သန်းချိန် အော်ပြောခဲ့ရုံနဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦး အခုသီတင်းပတ်အစောပိုင်းတုန်းက ထောင်ဒဏ်ချမှတ်ခံ ခဲ့ရပါတယ်။ အခုတော့ သူလည်း အာမခံနဲ့ ပြန်လွတ်နေပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အိုက်စ် ဟာ ရှေ့သို့ချီပါတီကို မဝင်ခင်မှာ တင်ခဲ့တဲ့ ပို့စ် ၂ ခုကြောင့် ဘုရင်စနစ်ကို စော်ကားမှုနဲ့ အပြစ်ရှိတဲ့အကြောင်း ဘန်ကောက်မြို့က တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ပထမပို့စ်မှာတော့ ကပ်ဘေးကို နိုင်ငံရဲ့ကိုင်တွယ်ပုံကို ဝေဖန်ခဲ့တာဖြစ်ပြီး နောက်တစ်ခုကတော့ ဘုရင်စနစ်ကို ဝေဖန်တယ်လို့ ယူဆရတဲ့ တွိစ် တစ်ခုကို ပြန်တင်ခဲ့တဲ့ ပို့စ် ဖြစ်ပါတယ်။

အိုက်စ်ဟာ နောက်ပိုင်းမှာ ထောင်ကျခံရမယ်ဆိုရင် လွှတ်တော်ထဲက သူ့ရဲ့ အမတ်နေရာကိုလည်း ဆုံးရှုံးမှာ ဖြစ်ပါတယ်။

အိုက်စ်ဟာ အဲဒီလွှတ်တော်ထိုင်ခုံနေရာအတွက် ထိုင်းနိုင်ငံရေးမှာ အင်အားသြဇာရှိတဲ့နိုင်ငံရေးသမားတွေ ဆယ်စုနှစ်ချီကြာအောင် ဆုပ်ကိုင်ထားနိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေထဲက တစ်ခုဖြစ်တဲ့ ဘန်ဘောမဲဆန္ဒနယ်ထဲကို စက်ဘီးလေး တစ်စီးနဲ့သာ လှည့်လည်မဲဆွယ်ခဲ့ပြီးအနိုင်ရခဲ့တာကလည်း အားလုံး အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

ထိုင်းသတင်းမီဒီယာတစ်ခုကဆိုရင် အကြီးတန်းလက်ဝှေ့သမားလို ပြိုင်ဘက်နိုင်ငံရေးသမားဆီကနေ မဲဆန္ဒနယ်ကို အနိုင်ရခဲ့သူဖြစ်လို့ ‘‘လူသန်ကြီးကို အလဲထိုးသူ’’လို့တောင် နာမည်ပြောင်ပေးခဲ့ပါတယ်။

ရှေ့သို့ချီပါတီက နောက်ထပ်လူသိများတဲ့ပါတီဝင်အတော်များများလည်း lese-majeste ဥပဒေတွေနဲ့ စွပ်စွဲထားတဲ့အမှုတွေကို ရင်ဆိုင်နေရပြီး သူတို့ထဲက အများစုဟာ ၂၀၂၀ ခုနှစ် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြပါတယ်။

အဲဒီဆန္ဒပြပွဲတွေဟာ သွေးသစ်လောင်း ရှေ့သို့ချီပါတီမပေါ်ပေါက်လာခင် ဖျက်သိမ်းခံလိုက်ရတဲ့ အနာဂတ်ရှေ့ချီပါတီကို ဖျက်သိမ်းဖို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့တဲ့ အငြင်းပွားစရာ တရားရုံးဆုံးချက်ကြောင့် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အနာဂတ်ရှေ့ချီပါတီဟာလည်း ထိုင်းနိုင်ငံထဲက အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲမယ့်အစီအစဥ်တစ်ခုကို ပထမဆုံး လှုံ့ဆော်စည်းရုံးမှုလုပ်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

အနာဂတ်ရှေ့ချီပါဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ မမျှော်လင့်ဘဲ ရလဒ်ကောင်းခဲ့တဲ့ပါတီဖြစ်ပြီး လူငယ်မဲဆန္ဒရှင်တွေရဲ့ စိတ်အားထက်သန်တဲ့ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရှေ့သို့ချီပါတီဟာ အိုက်စ် အနိုင်ရခဲ့တဲ့ ဘန်ဘောလို မဲဆန္ဒနယ်တွေမှာ တခြားပါတီတွေထက်အနိုင်ရခဲ့မှုတွေနဲ့ ထိုင်းနိုင်ငံမှာ အံ့အားသင့်မှုဖြစ်စေခဲ့ပါတယ်။

ခမည်းတော် ဘုရင်ကြီးထံကနေ ၂၀၁၆ ခုနှစ်မှာ ထီးနန်းဆက်ခံတဲ့ ထိုင်းဘုရင်မင်းမြတ် ဝချီယာလောင်ကွန်းဟာ lese-majeste ကို ၂ နှစ်နီးပါးကြာ ဆိုင်းငံ့ခဲ့ပါတယ်။

ဘုရင်စနစ်ပြုပြင်ပြောင်းလဲ‌ရေးကို ၂၀၂၀ ပြည့်နှစ်မှာ ဆန္ဒပြသူတွေက ရဲရဲတင်းတင်းတောင်းဆိုလာကြချိန်မှာတော့ အာဏာပိုင်တွေဟာ ဒီဥပဒေကို ထိုင်းနိုင်ငံ့သမိုင်းမှာ အရင်က အသုံးပြုတာထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာလာပါတယ်။

ဒီဥပဒေဟာ ကျယ်ပြန့်တာကြောင့် တရားရေးအရ ခုခံကာကွယ်ဖို့လည်း ခက်ခဲပါတယ်။

ဒီဥပဒေကို အမျိုးသားလုံခြုံရေးဥပဒေတစ်ခုအဖြစ် တရားဝင် မှတ်ယူထားပြီး တရားသူကြီးတွေကလည်း တရားစွဲခံရသူတွေကို တရားဝင်လွှတ်ပေးတာ အတော်လေးကို ရှားပါးပါတယ်။ တခါတလေမှာ ကြားနာမှုတွေကို လွတ်လပ်တဲ့တရားရေး လေ့လာစောင့်ကြည့်သူတွေမပါဘဲ တရားခွင်တွေကို တံခါးပိတ် ပြုလုပ်တာဖြစ်ပါတယ်။

တရားပြိုင်တွေအတွက်လည်း သူတို့အပေါ် စွပ်စွဲထားတဲ့အမှုက ဘယ်လောက် အတိုင်းအဆပဲ ရှိနေပါစေ အပြစ်ရှိကြောင်း ဝန်ခံဖို့ ဖိအားတွေ အဆမတန်ကြီးမားပါတယ်။ အပြစ်ရှိကြောင်းဆုံးဖြတ်ခံရဖို့ကလည်း ကျိန်းသေပြီး အပြစ်ရှိကြောင်းဝန်ခံသူတွေကိုလည်း တရားသူကြီးက ထောင်ဒဏ်တစ်ဝက်ပဲ ချမှတ်လေ့ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ တရားခွင်ကြားနာမှုတွေဟာ အမိန့်မချခင်အထိဆိုရင် နှစ်နဲ့ချီကြာမြင့်တာကြောင့် lese-majeste ဥပဒေအပါအဝင် ၂၀၂၀ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး တခြားစွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေဘဝဟာ မစဲတဲ့တရားရုံးကြားနာမှုတွေနဲ့ပဲ အချိန်အတိုင်းအတာတစ်ခုအထိ ပြည့်နေမယ်ဆိုတာကလည်း မြင်သာပါတယ်။

ဒီလိုပုံစံမျိုးနဲ့ တရားရေးမှာ အာရုံစိုက်မှုလျော့လာအောင်လုပ်ပြီး ဆန္ဒပြလှုပ်ရှားမှုကို မီးသေအောင် ထိထိရောက်ရောက် လုပ်ထားနိုင်ကြောင်း သက်သေပြထားနိုင်ပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေထဲက တချို့ဟာ ဒါဇင်နဲ့ချီတဲ့တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရတာကြောင့် ဆန္ဒပြပွဲ တစ်ခုပေါ်ပေါက်အောင် စည်းရုံးဖို့ အချိန်လည်းမရှိအောင် ဦးတည်နေစေပါတယ်။