၈၁ နှစ် အရွယ် စကွစ်ဂိမ်း နာမည်ကျော် လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုမှုက လွတ်မြောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အီဗတ်တန်
- ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ
- ရေးသားသူ, ဟိုဆူလီး
- ရေးသားပေးပို့သည့်နေရာ, ဆိုးလ်
စကွစ်ဂိမ်း နာမည်ကျော် သရုပ်ဆောင် အိုယန်ဆူး လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုမှုနဲ့ စွဲဆိုခံရတာကို တောင်ကိုရီးယား တရားရုံးက လွှတ်ပေးခဲ့ပါတယ်။
အမျိုးသမီးတဦးကို နှစ်ကြိမ်တိုင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ ၈၁ နှစ် အရွယ် သရုပ်ဆောင်ကို ၂၀၂၂ က စွဲဆိုခဲ့ပါတယ်။ ဒီအမျိုးသမီးရဲ့ ဆန္ဒမပါဘဲ သူ့ကို ဖက်ပြီး ပါးကို နမ်းတယ်လို့ စွပ်စွဲပါတယ်။
မစ္စတာအိုမှာ အပြစ်ရှိကြောင်း ၂၀၂၄ က ဆုံးဖြတ်ခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ရှစ်လ ချမှတ်ခဲ့ပေမဲ့ အယူခံဝင်မယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့က တရားရုံးက သူ့အပြစ်ဒဏ်ကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး မစ္စတာအိုဟာ လိင်ပိုင်း အကြမ်းဖက်မှု ဆိုင်ရာ ပညာပေးသင်တန်းတွေ တက်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ အခင်းဖြစ်ပွားခဲ့ချိန် ကြာမြင့်မှုကို ထောက်ရှုပြီး စွပ်စွဲသူရဲ့ မှတ်မိနိုင်စွမ်း ပျက်ယွင်းနိုင်ခြေရှိကြောင်း ဆိုပါတယ်။
၂၀၁၇ က မစ္စတာအို တောပိုင်းမှာ ပြဇာတ်ကနေတုန်း ဒီစွပ်စွဲခံရတဲ့ ကိစ္စ ဖြစ်ခဲ့တာပါ။
ကျူးလွန်ခံရတယ်လို့ စွပ်စွဲသူက မစ္စတာအိုနဲ့ ပတ်သက်ပြီး ၂၀၂၁ က တိုင်ချက် ဖွင့်ပေမယ့် အဲဒီနှစ် ဧပြီလမှာပဲ အမှုပိတ်ပါတယ်။ နောက်ပိုင်းမှာ "စော်ကားခံရသူရဲ့ တောင်းဆိုချက် အရ " ဆိုပြီး အစိုးရရှေ့နေတွေဘက်က စုံစမ်းရေး ပြန်စတယ်လို့ ယုန်ဟပ် သတင်းဌာနက ရေးပါတယ်။
ဒီ စော်ကားမှုကို မစ္စတာအို ကျူးလွန်သလား သံသယရှိကြောင်း ဆူဝန်ခရိုင် တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်ဆိုပြီး ဒေသတွင်း သတင်းဌာနတွေက ရေးသားပါတယ်။
"ကျူးလွန်ခံရသူရဲ့ မှတ်ဉာဏ်က အချိန်ကြောင့် လွဲချော်နိုင်ခြေ ရှိပြီး ဒီလို သံသယရှိလာရင် တရားခံကို သံသယအကျိုး ခံစားခွင့် ပေးရမယ်" လို့ ဒီထုတ်ပြန်ချက်မှာ ပါပါတယ်။
မစ္စတာအိုက စော်ကားခံရသူကို တောင်းပန်ခဲ့လို့ ဒီအမှုကို ကျူးလွန်ခဲ့တာလည်း ဖြစ်နိုင်ကြောင်း တရားရုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျူးလွန်ခံရတယ်လို့ စွပ်စွဲသူက ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ဒီစီရင်ချက်ကြောင့် "အမှန်တရားကို မဖျောက်ဖျက်နိုင်သလို သူ ခံစားခဲ့ရတဲ့ ဝေဒနာက ပြေပျောက်မှာ မဟုတ်ဘူး" လို့ ဆိုပါတယ်။
" ဒီကနေ့ ဆုံးဖြတ်ချက် ချပေမဲ့ အဆုံးထိ အမှန်တရားကို ပြောသွားမယ် " လို့လည်း Womenlink အမျိုးသမီးအခွင့်အရေး အဖွဲ့ကတဆင့် ဒီအမျိုးသမီးက ထုတ်ပြန်ပါတယ်။
"ပြဇာတ်လောကက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ထပ်မံ ဖုံးကွယ်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်ရကြောင်း "Womenlink ကလည်း ဝေဖန်ပါတယ်။
ဒီစီရင်ချက်ကို အယူခံ ပြန်ဝင်မလားလည်း မသိရသေးပါဘူး။
တရားရုံးရဲ့ ပညာရှိရှိ စီရင် ဆုံးဖြတ်ချက်ကို ကျေးဇူးတင်ကြောင်း စီရင်ချက် ချပြီးနောက် မစ္စတာအိုက ဒေသတွင်း သတင်းဌာနတွေကို ပြောကြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စကွစ်ဂိမ်း ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပြီးနောက် မစ္စတာအိုဟာ နိုင်ငံတကာထိ ကျော်ကြားလာခဲ့ပါတယ်။
၂၀၂၂ မှာ နက်ဖလစ်က လူကြိုက်များတဲ့ သည်းထိပ်ရင်ဖို ရုပ်သံဇာတ်လမ်းတွဲ ပထမပိုင်းမှာ သရုပ်ဆောင်မှုအတွက် တောင်ကိုရီးယားရဲ့ ပထမဆုံး အကောင်းဆုံး ဇာတ်ပို့ ဆုရ ရွှေကမ္ဘာလုံးဆုရှင် ဖြစ်လာခဲ့ပါတယ်။









