ရေး -‘အမျိုးသမီးတွေကို အနိုင်ကျင့်မှု ပုံမှန်လိုဖြစ်နေတာမြင်ရတာ ကျွန်မ ထိတ်လန့်မိတယ်’

ပန်းရောင်နံရံ နဲ့ ပန်းရောင်အမွှေးပွားမီးအိမ်နောက်ခံထားပြီး အနီရောင်ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ရေး ဟာ သူ့ဘယ်ဘက်ကို ကြည့်ပြီး မီးခိုရောင်တီရှပ်ကိုဝတ်ထားပါတယ်
    • ရေးသားသူ, ရေဘက်ကာ သွန်း နဲ့ ခရစ္စတီ ဂရန့်
    • ရာထူးတာဝန်, ဘီဘီစီ အမျိုးသမီး ၁၀၀

ဗြိတိသျှ တေးရေး တေးဆို ရေးဟာ အရောင်ပြန်လင်းလက်လာတဲ့ကြယ်တစ်ပွင့်ဆိုလည်း မမှားပါဘူး။ အခုနှစ် ဗြိတိန်ဂီတဆုပေးပွဲ (Brit Awards) ပွဲမှာ ဆု ၆ ဆုအထိ စံချိန်တင်ရခဲ့သလို နောက်နှစ် ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာလည်း ဆု ၂ ခုအထိ ပါနေတာကြောင့် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတဲ့ သူ့ ဘဝ အနုပညာ ခရီးကြမ်းနှင်ခဲ့ရတဲ့ရလဒ်လို့တောင် မှတ်ယူခံရပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်တုန်းက Polydor တေးထုတ်လုပ်ရေးနဲ့ လမ်းခွဲခဲ့တာဟာ သူ့အတွက် “ဘဝ တဆစ်ချိုး” လို့ ရေးလ်က ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဥ်ကို ပြောပါတယ်။

ရေး က Polydor ထုတ်လုပ်ရေးဟာ သူနဲ့ချုပ်ဆိုတဲ့ ၇ နှစ်ကြာ စာချုပ်သက်တမ်းအတွင်း တေးအဲလ်ဘမ် တစ်ချပ် ထုတ်ပေးဖို့ ငြင်းပယ်ခဲ့ပြီး နာမည်ကြီးသွားတဲ့အကသီချင်းတွေမှာပဲ ဧည့်သည်အဆိုရှင်အဖြစ်သာ တစ်ပုဒ်ပြီး တစ်ပုဒ် ပါခိုင်းခဲ့တယ်လို့ဆိုတဲ့ပို့စ်အများအပြားကို တေးရေးတေးဆို ရေးလ်က သူ့ရဲ့ တွစ်တာမှာ ရေးတင်ခဲ့ဖူးပါတယ်။

“ကျွန်မ ထင်ခဲ့တာက ဒီဂျေ တစ်ယောက်နဲ့အတူ သီချင်းအရင်ထုတ်၊ အဲဒီနောက် နာမည်ရ လာ၊ ပြီးရင် တော့ ကျွန်မက ဦးဆောင် အဆိုတော် ဒီဂျေက ပံ့ပိုး၊ ပြီးရင်တော့ ဒီဂျေ မပါဘဲ သီတင်းတစ်ပုဒ် ထုတ်ခွင့်ပေးမယ်လို့ ထင်ခဲ့တာလေ” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကိုယ်ပိုင်သီချင်းထုတ်ခွင့် အခွင့်အရေးကတော့ ဘယ်တော့မှ အကောင်အထည် မပေါ်လာခဲ့ပါဘူး။

“ကိုယ့်အတွက်မဟုတ်တဲ့သီချင်းတွေကို အကြာကြီး လုပ်နေမိတယ်။ တခြားလူတွေ လိုချင်တာတွေကို လိုက်လုပ်ပေးရင်း ကြိုးစားပေးရင်း ကိုယ်ပိုင်လမ်းကြောင်းတွေ ပျောက်သွားတတ်တယ်” လို့ သူက ပြောပါတယ်။

“ကိုယ်မကြိုက်လွန်းလှတဲ့ အခွေ တစ်ခွေ ရောင်းချရဖို့ ကိုယ့်စံနှုန်းတွေကို ချိုဖောက် ပစ်လိုက်ရတာ ထက် ပိုဆိုးတဲ့ခံစားချက် မရှိဘူးလို့ ပြောရမလားပါပဲ”

Brit ဆုတံဆိပ်ကို လေပေါ်မြောက်အောင် ရေးလ်တယောက်ကိုင်မြှောက်ထားပြီး စင်ပေါ်မှာ သူ့အဖွားနဲ့အတူ တွဲတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆုပေးပွဲမှာ အဖွားဖြစ်သူနဲ့အတူ စင်ပေါ်မှာတွေ့ရတဲ့ ရေး

အဲဒီလို ရေးသားချက်တွေရေးတင်အပြီး မကြာခင်မှာပဲ ရေးနဲ့ သူ့ရဲ့ ဂီတထုတ်လုပ်ရေးတို့ လမ်းခွဲလိုက်ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Polydor ထုတ်လုပ်ရေးကို ပိုင်ဆိုင်တဲ့ Universal Music Group ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ “နှစ်ပေါင်းများစွာ သူနဲ့ အလုပ်အတူတူတွဲလုပ်ရပြီး အောင်မြင်မှုတချို့ ပူးတွဲရယူနိုင်ခဲ့တာက တကယ်ကို ပျော်ရွှင်ဖို့ ကောင်းပါတယ်” လို့ ပြောပြီး ရေး တယောက် “အနာဂတ်မှာ အကောင်းဆုံးတွေ ဖြစ်ပါစေ” လို့ ဆုတောင်းစကားပြောခဲ့ပါတယ်။

နောက်ဆုံးမှာ ရယ်မောနိုင်ခဲ့သူကတော့ ရေး ပါပဲ။ ၂၀၂၃ ခုနှစ်မှာ ကိုယ်ထူကိုယ်ထ ထုတ်လုပ်ခဲ့တဲ့ “ကျွန်မရဲ့ ၂၁ ရာစု စိတ်မရွှင်မှု” (My 21st Century Blues) လို့ အမည်ရတဲ့ ပွဲဦးထွက် စတူဒီယိုတေး အဲလ်ဘမ်က အောင်မြင်မှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ တေးဂီတ သုံးသပ်သူတွေကတော့ ဒါကို “ထူးကဲကောင်းမွန်တဲ့ဂီတ”၊“မှတ်ကျောက်တင်ရမယ့်ဂီတ” လို့ တင်စားခဲ့ပါတယ်။

R&B၊ Pop နဲ့ Soul ဂီတအမျိုးအစားတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ဒီတေးအယ်ဘမ်ဟာ ဗြိတိန်ဂီတဇယားမှာ နံပါတ်နှစ်နဲ့ တန်းပြီးနေရာယူနိုင်ခဲ့သလို အခပေးနားထောင်ရတဲ့ အွန်လိုင်း ဂီတ stream မှာလည်း နား ထောင်သူ သန်းနဲ့ချီရှိခဲ့ပါတယ်။

“ကျွန်မ သွားချင်တဲ့လမ်းကို ပြန်တွေ့နိုင်ခဲ့တာက ကျွန်မ ကံကောင်းတာပဲ” လို့ အသက် ၂၇ နှစ်အရွယ် ရေး က ပြောပါတယ်။

“ကိုယ်သွားချင်တဲ့ ကိုယ့် အနုပညာ ဂီတ အသက်မွေးဝမ်းကျောင်းကို ကိုယ်ကပဲ တက်ဖွင့် ရွက်လွှင့်သူဖြစ် အောင် လေးလေးနက်နက် အာရုံစိုက်နိုင်ဖို့ ကုထုံးတွေယူ၊ နားလည်အောင် ကြိုးစားခဲ့ရတယ်”

“အမျိုးသမီးတွေဟာ သိပ်တော်တယ်”

Raye stands on stage singing, in a pink dress, in front of a backdrop that says her name in capital letters.

ကမ္ဘာတလွှားမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး အတုယူဖွယ် အမျိုးသမီးအယောက် ၁၀၀ ကို ဂုဏ်ပြုဖော်ပြ တဲ့ ဒီနှစ်ရဲ့ဘီဘီစီအမျိုးသမီးအယောက် ၁၀၀ စာရင်းမှာ ရေး လည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

သူ့ရဲ့ အောင်မြင်မှုဟာ တကျော့ပြန် အောင်မြင်မှု သက်သက်တင်ကို ပြသတာတင် မဟုတ်ဘဲ ဂီတလောကမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့အဖြစ်သနစ်တွေကိုလည်း ပုံဆောင်ပါတယ်။​

ချာလီ အိတ်စ်စီအိတ်၊ ချက်ပဲလ် ရွမ်း၊ စဘရီနာ ကာပန်တာ၊ တေလာဆွဇ်တို့ လွှမ်းမိုးထားတဲ့ ကမ္ဘာတလွှားက ဂီတနားဆင်သူတွေရဲ့ ဂီတစာရင်းကို တချက်ကြည့်လိုက်ရုံနဲ့တင် အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးတွေ ဆက်တိုက်များလာတာကို ထင်သာမြင်သာတွေ့နိုင်ပါတယ်။

သာမန်ရိုးကျ ဂီတလောကမှာ ဂိတ်စောင့် ပိတ်နေသူတွေကို ကျော်လွန်ပြီး အမျိုသမီးအနုပညာရှင်တွေအနေနဲ့ သူတို့ဂီတကို လူသိအောင်လုပ်ဖို့အတွက်က ဆိုရှယ်မီဒီယာဟာ အဓိကအခန်းကဏ္ဍမှာ ရပ်တည်ပြီး အကူအညီဖြစ်စေတယ်လို့ ရေးက ပြောပါတယ်။

“ဒါက ကာလသစ် တခုပဲ။ အံအားသင့်ဖွယ်‌ကောင်းတဲ့ အမျိုးသမီးတွေက အံအားသင့်စရာတွေကို လုပ်နေတယ်လို့ လူတွေကမြင်လာတယ်၊ ‘ဒါမိုက်တယ်၊ ထပ်မျှလိုက်ရအောင်’ ဆိုတာမျိုးပေါ့”

“အခုလိုမျိုး အမျိုးသမီးတွေအောင်မြင်လာတာကိုမြင်ရတာက သိပ်ကိုလှတဲ့အရာပဲ”

တခြားအမျိုးသမီး ဂီတဖန်တီးသူတွေကို ရေးရဲ့အကူအညီပေးမှုဟာ တက်သစ်စ အမျိုးသမီး ဂီတရှင် အနေနဲ့ ဘယ်လို ဘယ်ပုံ နေထိုင်ပြုမူရမယ်၊ နောက် တခြားအမျိုးသမီးတွေကို ပြိုင်ဘက်လို့ စိတ်ထား မှတ်ယူဖို့ ဆိုတာမျိုးလို ဘောင်ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့လည်း ဦးတည်စေပါတယ်။

ချာလီ အိဇ်စီအိဇ်က အဲဒီလိုအတွေးအခေါ်ကို ချိုးဖောက်ခဲ့သူတဦးဖြစ်ပြီး “ကျွန်မအပေါ် သိပ်ကို ကောင်းပေးခဲ့တဲ့ ပထမဆုံးအနုပညာရှင်ပဲ” လို့ ရေးက ပြောပါတယ်။

Raye, Charli XCX, and Diplo stand next to each other at the GQ Style and Browns LFWM Party.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရေး၊ ချာလီ အိတ်စ်စီအိတ်နဲ့ ဒီဂျေ ဒီပလို တို့ကို ၂၀၁၈ ခုနှစ် လန်ဒန်ဖက်ရှင်သီတင်းပတ်မှာ မြင်ရတာဖြစ်ပါတယ်

အနိုင်ကျင့်စော်ကားသူတွေ

အောင်မြင်တဲ့အမျိုးသမီးတွေအတွက် ရှေ့မှာဆီးကြိုနေတဲ့ ထောင်ချောက်တွေကို လည်း ရေး တစ်ယောက်အတော် လေးသတိရှိခဲ့ပါတယ်။

“ကိုယ်ဘယ်လို ရှေ့ခရီးဆက်မယ်၊ ဘယ်လိုလူမျိုး ဖြစ်ချင်လဲဆိုတဲ့ စံနှုန်းက ယောက်ျားနဲ့ မိန်းမတွေကြားမှာ သိပ်ကိုကွဲပြားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

“ဒီနေရာမှာ အမျိုးသမီးတွေဟာ ပိုပြီးယဉ်ကျေးရတယ်၊ ဒီလိုယဉ်ကျေးဖို့အတွက်လည်း လေ့ကျင့်ခံခဲ့ရတယ်။ တခုခုကို ထုတ်ဖော်ပြောဖို့ဆိုလည်း သတိထားစရာတွေပိုများတယ်လို့ ကျွန်မထင်တယ်”

မကြာသေးခင်တုန်းကမှ ဖြစ်ထားတဲ့ အဆိုတော် ချပ်ပဲရုန်းက ပရိသတ်တွေကို “ကြောက်စရာ အပြုအမူ” ရှိတယ်လို့ ပြောလိုက်တာနဲ့ သူ့ကို နုတ်ကနေ အမနာပ ပြောတဲ့ သတင်းမုဆိုးတစ်ဦးကို ထိပ်တိုက်တွေ့ခဲ့တာနဲ့ ပတ်သက်ပြီး ပြောကြဆိုကြဖြစ်နေတာတွေကို သူက နမူနာ ပြောပြပါတယ်။

“ထိပ်ကို ရောက်နေပြီး အောင်မြင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ သူတို့ ဘာသာသူတို့ ဒီလို ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေတာကို မြင်ရင် ကျွန်မ တော်တော်အံ့သြမိတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေကို အနှောင့်အယှက်ပေးတာ၊ ဂုဏ်သိက္ခာကျအောင်လုပ်တာတွေကို ပုံမှန်လုပ်ရပ်လို ကောင်းကောင်း လုပ်နေကြတာကို မြင်မိတာကပဲ ကျွန်မကို ကြောက်မိစေတာ”

“ကျွန်မမှာ ဘဝ ကြီးကြီးမားမား ရှိနေဆဲပဲ။ ဒါပေမဲ့ ကျွန်မ အဲဒီအိပ်မက်တွေကို အမှန်တကယ် ရော လိုချင်ရဲ့လားလို့ မေးခွန်းထုတ်ရတာမျိုးလို ဖြစ်ပြန်တယ်”

“နှုတ်ဆိတ်ခြင်းအနုပညာ”

Raye sings into a microphone on a red-lit stage, wearing a nude dress with red flowers on.

သူ့ရဲ့ My 21st Century Blues ဆိုတဲ့ တေးအဲလ်ဘမ်ထဲက သူ့ဘဝကို အထင်ဟပ်ဆုံး သီချင်းတစ်ပုဒ်က Ice Cream Man သီချင်းဖြစ်ပါတယ်။ အသံသွင်းစတူဒီယိုထဲမှာ ဂီတထုတ်လုပ်သူတဦးရဲ့ စော်ကားခံရတဲ့အချိန်အကြောင်း ရည်ညွှန်းကာ လိင်ပိုင်းဆိုင်ရာအနိုင် ကျင့်တာနဲ့ စော်ကားခံရတဲ့ ရေးရဲ့ အတွေ့အကြုံတွေကိုပါ ထည့်သွင်းရေးသားထားပါတယ်။

“နင့် လုပ်ရပ်တွေက ငါ့ ဘဝ ပျက်စီးခဲ့တယ်။ ဒါတောင် ငါ ဒီအတွက် စကားတစ်လုံးတောင် ထုတ်မပြောခဲ့ဘူး။ မိန်းမ တစ်ယောက်ဖြစ်နေတာကြောင့်လို့ပဲ ထင်ပါတယ်” လို့ ရေးက သီဆိုခဲ့ပါတယ်။

ဂီတလောကမှာဆက်ပြီးဖြစ်ပျက်နေတာ အပြင်ကို ပေါက်ကြား ယိုစိမ့်လာတာမျိုးမဖြစ်အောင် “စောင့်ကြပ်၊ ကြီးကြပ်မှုတွေရှိတယ်” လို့ ရေး က ပြောပါတယ်။

“မဖြစ်သင့်ဘဲ ဖြစ်နေတဲ့ ကိစ္စတွေအများကြီးရှိနေတယ်။ ဒါတွေရပ်တန့်သွားမယ်လို့ ကျွန်မမျှော် လင့်မိတယ်” လို့ သူက ဘီဘီစီအမျိုးသမီးအယောက် ၁၀၀ အစီအစဉ်ကို ပြောပါတယ်။

A portrait of Raye looking into the camera, her face slightly turned to her left. She wears heavy thick eyeliner and curled red hair.

“နှုတ်ဆိတ်ခြင်းယဥ်ကျေးမှု” အရ ဂီတပညာရှင်တွေဟာ ဆုပေးပွဲတွေနဲ့ ပါတီပွဲတွေမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်သူတွေရဲ့ ဘေးမှာထိုင်ရတဲ့အခြေအနေတွေရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ထုတ်ဝေတဲ့ ဗြိတိန်အခြေစိုက် အမျိုးသမီးတန်းတူညီမျှရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရက်ပ်လောကမှာ အအောင်မြင်ဆုံး ကြွယ်ဝဂီတ သမားတဦးဖြစ်သူ ရှောင် “ဒစ်ဒီ” ကုမ်းဟာ လိင်ကုန်ကူးတာနဲ့ လိင်ပိုင်းဆိုင်ရာစီးပွားရေးတွေလုပ်ခဲ့တယ်ဆိုပြီး အမေရိကန်နိုင်ငံမှာ ဖမ်းဆီးအရေးယူတဲ့ ဖြစ်စဉ်လည်း အစောပိုင်းတုန်းက ဖြစ်ထားပါတယ်။

အမျိုးသမီးတွေလုံခြုံရေးအတွက်ဘာတွေလုပ်သင့်လဲလို့ မေးခွန်းထုတ်ချိန်မှာတော့ ရေးမှာ အဖြေအတိအကျမရှိနေပါဘူး။

“အမျိုးသမီးတယောက်အနေနဲ့ ကိုယ်တိုင်တုံ့ပြန် လှုပ်ရှားတာ ဒါမှမဟုတ် အကာကွယ်ပေးမယ့်သူ တွေရှိမှဖြစ်မယ်ဆိုတဲ့ အဖြေတမျိုးပဲရှိနေတာက တကယ်ကိုဝမ်းနည်းဖို့ကောင်းတယ်”

“အနိုင်ကျင့်တဲ့သူတွေကို ရပ်တန့်သွားအောင် လုပ်ဖို့လိုနေပြီ”

“like ဆိုတာက ဘဝလား”

Raye gives a thumbs up while posing for a selfie with a fan on the red carpet

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂီတအပြင် ရာသီဥတုပြောင်းလဲမှုအရေး၊ အိမ်ခြေရာမဲ့တွေ၊ မူးယစ်အနိုင်ကျင့်မှုတွေ၊ လိင်ပြဿနာ၊ ခွဲခြားဆက်ဆံတာ၊ လိင်ပြောင်းသူတွေကိုမကြိုက်နှစ်သူတွေအပါအဝင် အခြားအကြောင်းအရာ တွေကို ဆွေးနွေးဖို့အတွက်လည်း ရေးလ်တစ်ယောက် ဝန်မလေးပါဘူး။

လူမှုကွန်ရက်ဆိုတဲ့ ဆိုရှယ်မီဒီယာဟာ ပရိသတ်တွေနဲ့ တိုက်ရိုက် ထိတွေ့ပြောဆိုနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာသလို လူတွေဘဝတွေထဲမှာ နေရာယူလာတာကိုလည်း သူအတော်လေးစိုးရိမ်ပါတယ်။

“ကျွန်မတို့ အတော်များများဟာ (အင်စတာဂရမ်) story တင်ဖို့ ကိုယ့် ဘာသာ ရိုက်ကူးတယ်၊ ပြီး တော့ ရုပ်ထွက်ကောင်းစေတဲ့ အထူးလုပ်ဆောင် filter အလွှာ တွေ သုံးကြတယ်။ ဒါကပဲ ကျွန်မတို့ အခုနေထိုင်တဲ့ကမ္ဘာကြီးဖြစ်နေပြီး ဒီလိုလုပ်နေရတာအတွက် တော်တော်များများက ဒီအပေါ် ထုံနေကြပြီ” လို့ သူက ပြောပါတယ်။

ညီအမလေးယောက်မှာ အကြီးဆုံးဖြစ်ပြီး လန်ဒန်တောင်ပိုင်းမှာ ကြီးပြင်းခဲ့တဲ့ ရေး အတွက် ဆိုရှယ်မီဒီယာရဲ့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပေါ် လွှမ်းမိုးလာတာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေပါတယ်။

“likes ဘယ်လောက်များ များရလဲ၊ message ဘယ်လောက်များလဲဆိုတဲ့အပေါ် အခြေပြုချက် ရှာဖို့ မလိုဘူး။ ဒါတွေ သုံးနေတာတွေ ပစ်ချပြီး လမ်းထွက်လျှောက် ဘဝမျှတမှုရှာဖို့ သူတို့ဘယ်လိုလုပ်ကြမလဲ။ ဒါကိုစွဲလမ်းနေတဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် စိတ်ပူတယ်” လို့ သူက ပြောပါတယ်။

“ညီမလေးက ဒါတွေကိုကြည့်နေပြီဆိုရင် ကျွန်မက ပိတ်လိုက်တော့ နင် ဒါတွေလုပ်ဖို့မလိုဘူးလို့ ပြောတယ်။ အခုအမေတော်တော်များများမှာ အဲ့လိုခံစားချက်ရှိနေနိုင်တယ်"

တေးရေးတွေနဲ့ မူပိုင်ခွင့်

Raye and Rita Ora stand next to each other at the 2024 Met Gala, smiling

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရေးလ်နဲ့ ရီတာ အိုရာတို့ကို ၂၀၂၄ မက်ဂါလာမှာ မြင်ရတာဖြစ်ပါတယ်

ကိုယ်ပိုင်တေးသီချင်းတွေအကြောင်းအပြင် ရေးဟာ ဘီယွန်းစေး ၊ လစ်တဲ့မစ် ၊ အယ်လီ ဂိုးဒင်း ၊ ဂျွန်လဲဂျန့် ၊ ရီတာအိုရာ နဲ့ ဇာရာလာဆင် တို့အတွက် နာမည်ကျော်သီချင်းတွေ ရေးပေးခဲ့တဲ့ ထင်ရှားတဲ့ တေးသီချင်းရေးသားသူလည်းဖြစ်ပါတယ်။

အခြားအနုပညာရှင်တွေနဲ့မတူတာက တေးသီချင်းရေးသူတွေမှာ မူပိုင်ခွင့်ခိုင်ခိုင်မာမာ မရနိုင်ကြတာဖြစ်ပါတယ်။ သီချင်းရောင်းချရတဲ့ပမာဏရဲ့ ရာခိုင်နှုန်းအနည်းငယ်ကိုသာ သူတို့ မူပိုင်ခွင့်အဖြစ်ရကြတာပါ။

ဒါဟာ အနှိမ်ခံရတာ၊ ထိုက်တန်တဲ့ဉာဏ်ပူဇော်ခမရတဲ့ အလုပ်တစ်ခုလို့ ရေးက ယုံကြည်ပြီး ဒါကို ပြောင်းလဲဖို့ ဆုယူအပြီး ကျေးဇူးတင်စကားပြောချိန်တိုင်း မကြာခဏထည့်သွင်း ပြောလေ့ ရှိပါတယ်။

တေးသီချင်းရေးသူတွေဟာ ထိုက်တန်တဲ့အခကြေးငွေရသင့်တယ်ဆိုတာကို သေချာအောင် လုပ်သင့်တဲ့အကြောင်း “ပုံမှန်အနေအထားဖြစ်အောင်လုပ်သင့်ပြီး မဖြစ်မနေလည်း လုပ်သင့်တယ်” လို့ ဘီဘီစီအမျိုးသမီးအယောက် ၁၀၀ အစီအစဉ်ကို သူက ပြောပါတယ်။

Raye sits on stage in a pink satin dress, singing into a microphone with her arm reaching out above her.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကားခိုးယူခံယူရပြီးတဲ့နောက် သီချင်းရေးသားထားတဲ့ စာအုပ်တွေလည်း ကားပေါ်ပါသွားပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ အနုပညာရှင်က မကြာသေးခင်ကမှ ထုတ်ဖော်ပြောကြားထားပါတယ်။အများစုဟာ နောက်ထပ်ဒုတိယတေးအယ်ဘမ်အတွက်ရေးသားထားတဲ့ သီချင်းတွေဖြစ်လို့ ထုတ်ဝေဖို့ နောက်ကျမယ့်သဘောရှိပါတယ်။

ဒီလိုစာအုပ်တွေပျောက်သွားပေမဲ့ တေးအဲလ်ဘမ်ထွက်ဖို့ အလောတကြီးမလုပ်ဖို့ ရေးလ် တယောက်ဆုံးဖြတ်ထားပါတယ်။

“ကျွန်မခေါင်းထဲမှာခံစားနေရတာက သတ်မှတ်ချက်က တအားမြင့်တယ်။ ဒီအတွက် အချိန်ကြာ ကြာလိုအပ်လိမ့်မယ်” လို့ သူက ပြောပါတယ်။

သူရဲ့ အသက်မွေးဝမ်းကြောင်း တဟုန်ထိုးတက်လာကာ ခေတ်သစ်တခုဖြစ်လာဖို့ သီချင်းတွေထုတ် ပြီး အားသစ်လောင်းဖို့လိုအပ်ပေမဲ့ နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ရေး တယောက် မသိနေပါဘူး။

“လာမယ့်အနာဂတ်ကာလရှည်မှာ Jazz club တဆိုင်ကို လန်ဒန်တောင်ပိုင်းမှာ ကျွန်မတကယ်ဖွင့် ချင်တယ်။ တပတ်တခါ ကျွန်မကိုယ်တိုင်သီချင်းဆိုမယ်၊ ဒါကို ဦးဆောင်ပြီး မြို့က အကောင်းဆုံးဆို သူတွေ လာဖျော်ဖြေကြမယ်။ အဲဒါကို တကယ်ကို ကောင်းမွန်ကျေနပ်စရာကောင်းမှာပဲ” လို့ သူက ပြောပါတယ်။

“ဒါပေမဲ့ ကိုယ်ပိုင်ဂီတရပ်ဝန်းတည်ဆောက်ပြီး တေးသီချင်းအဲလ်ဘမ်တွေအများကြီး ကျွန်မအရင်ထုတ်ဖို့လိုတယ်”