စစ်ခေါင်းဆောင်တွေရဲ့ ရုရှားခရီးစဥ်တွေစိပ်- ရုရှားကို စစ်ကောင်စီ ဒုခေါင်းဆောင် သွားပြန်

မြန်မာစစ်အာဏာသိမ်း စစ်ခေါင်း‌ဆောင်တွေ ဆက်ဆံရေး ပိုမြှင့်လာနေတဲ့ ရုရှား နိုင်ငံဆီကို စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိ နေပါတယ်။

ရုရှားနိုင်ငံမှာကျင်းပနေတဲ့ နိုင်ငံတကာ စစ်တပ်ပွဲတော် -၂၀၂၂ (International Army Games-2022) ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်ဖို့ သူ သွားရောက်တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် ရုရှား စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလပိုင်းကလည်း စစ်ကောင်စီ ဒုခေါင်းဆောင်ဟာ ရုရှားကို သွားခဲ့ပါသေးတယ်။

ဒီ သြဂုတ်လထဲမှာပဲ မြန်မာစစ်တပ်က ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးလည်း ရုရှားကို သွားခဲ့ပါတယ်။

ဒါ့အပြင် ရုရှား နိုင်ငံခြားရေး ဝန်ကြီးလည်း သြဂုတ်လအစပိုင်းမှာပဲ နေပြည်တော်ကို ရောက်လာခဲ့တာမို့ ရုရှားနဲ့ မြန်မာ စစ်ကောင်စီ အကြား ဆက်ဆံရေး အခြေအနေက ယခင်ကာလတွေထက် ပိုပြီး တိုးတက်လာတာကို တွေ့ရပါတယ်။

လက်ရှိ သူတို့အကြား ဆက်ဆံရေးအခြေအနေဟာ ပိုမိုကောင်းမွန်လာနေတယ်လို့ စစ်ကောင်စီ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော ပါတယ်။

“တပ်မတော်အချင်းချင်း ဆက်ဆံရေး ကနေ နောက်ပိုင်းမှာ ဆက်ဆံရေးက ပိုပြီး ကောင်းမွန်လာတာ တွေ့ရတယ်၊ အစိုးရ အဖွဲ့ ဆက်ဆံရေးပါ ပိုမိုကောင်းမွန် လာတာတွေ့နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အဆင့်ရော၊ တပ်မတော်အဆင့်ရော ကိုယ်စားပြုတဲ့ ခရီးစဥ်တွေ (ရုရှားကို) သွားရောက်နေတာ ဖြစ်ပါတယ်။”

နိုင်ငံတကာအရေးလေ့လာ‌စောင့်ကြည့်သူတွေကတော့ ရုရှားနဲ့ မြန်မာ စစ်ကောင်စီ အကြား ဆက်ဆံရေးဟာ အနောက်နိုင်ငံတွေအပါအဝင် နိုင်ငံများစွာနဲ့ အဆင် မပြေဖြစ်ပြီး ပစ်ပယ်ခံထားရသူတွေ အချင်းချင်း မဟာမိတ်ဖွဲ့ကြတဲ့ သဘောလို့ သုံးသပ်ကြပါတယ်။

စစ်ရေးအပြင် ထိတွေ့မှု တိုးချဲ့နေ

စစ်လက်နက် ပစ္စည်းတွေ မြန်မာကို ရောင်းနေတဲ့ ရုရှားဟာ ယူကရိန်းကို ဝင်ကျူးကျော်တဲ့နောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကြုံနေရကာ သူ့နိုင်ငံထွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ရောင်းနိုင်ဖို့ အရေး ကြိုးပမ်းနေရပါတယ်။

တဖက်မှာလည်း လောလောဆယ်ကာလမှာ လောင်စာဆီ ရှားပါးမှုနဲ့ ကြုံနေရတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေ အဖို့ လောင်စာဆီတွေကို စျေးကွက်မှာ ပိုသက်သာတဲ့ စျေးနဲ့ ရယူနေချင်တာပါ။

မြန်မာစစ်ခေါင်းဆောင်တွေဖက်က ရုရှားနဲ့ ပတ်သက်ပြီး လိုလားချက်တွေကို Central European University က နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာခဲ့တဲ့ ကျောင်းဆင်းတယောက်က အခုလို ဆိုပါတယ်။

“ပထမဆုံး တခုကတော့ အားလုံးသိတဲ့အတိုင်း မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာ လိုအပ်ချက် အများစုက ရုရှားကနေ ဝယ်တာ ဖြစ်တယ်... ဒုတိယတချက်ကတော့ စစ်ကောင်စီဘက်က ဟိုတနေ့ကတင် ပြောထားတာ ရှိတယ်၊ စက်သုံးဆီ စားရိတ်တွေ မြင့်တက်နေတာကို ဖြေရှင်းနိုင်‌ အောင် ရုရှားကနေ စက်သုံးဆီတွေ သွင်းယူပြီး ဖြေရှင်းဖို့ကြိုးစားမယ်လို့ ပြောထားတယ်၊ တတိယတချက်အနေနဲ့ ကတော့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဆန်ရှင် ပိတ်ထားတာဆိုတော့ သယံဇာတတို့ ကျွန်းတို့ကို ရောင်းနိုင်အောင် စျေးကွက်ရှာတာလည်း ဖြစ်နိုင်ပါတယ်။”

အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်ဆံရေး လျှော့ချတာကို ကြုံနေရတဲ့ မြန်မာ စစ်ကောင်စီဟာ စစ်လက်နက်ရရှိရေး၊ ကုန်သွယ်စီးပွားရေးပိုင်း တွေမှာ ရုရှားအပေါ်ပိုမှီခိုလာရသလို သံတမန်ရေးနဲ့ ပတ်သက်ပြီး ပိုအားကိုး လာနေရတယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ကောင်စီ ဒုတိယ ခေါင်းဆောင်ရဲ့ ဒီခရီးစဥ်အပြီးမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ရုရှားကိုထပ်သွားမယ်လို့ လုံခြုံရေး ဆိုင်ရာ လေ့လာစောင့်ကြည့်သူတွေက ဘီဘီစီကို ပြောပါတယ်။

အဲဒီခရီးစဥ်ဟာ လာမယ့် စက်တင်ဘာမှာ ပြန်စမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စစ်ကောင်စီရဲ့ကိုယ်စားပြုမှုရရှိဖို့ ရုရှားနိုင်ငံကနေ အကူအညီပေးဖို့ အတွက် တောင်းဆိုသွားလိမ့်မယ်လို့ နိုင်ငံတကာဆက်ဆံရေး လေ့လာ‌ စောင့် ကြည့်သူတွေက သုံးသပ်နေကြပါတယ်။

သူတို့ ယူကရိန်းစစ်ပွဲကို ထောက်ခံထားတဲ့ မြန်မာစစ်ကောင်စီကို ရုရှားကလည်း နိုင်ငံရေးအရ ပြန်ကူညီမယ်လို့ တွက်ဆကြမှာပါ။ ဒါ့အပြင် ရုရှားဘက်က လက်နက် ရောင်းတာ၊ လောင်စာဆီရောင်းတာ အပြင် နောက်ထပ် လိုလားချက်တွေ ရှိနိုင်ပါသေးတယ်။

ရုရှားနိုင်ငံဟာ အင်ဒိုပစိဖိတ်ဒေသကို မြန်မာကတဆင့် သြဇာဖြန့်ကြက်ဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသိပ္ပံလေ့လာသူက ထောက်ပြပါတယ်။

“စစ်ရေးရှုထောင့်အရ ကြည့်မယ်ဆိုရင် အင်ဒို ပိစိဖိတ် ဒေသမှာ အမေရိကန်ရဲ့ စစ်ရေးအရ လှုပ်ရှားမှုက ပိုပြီး များများ ရှိနေတာကို တွေ့ရလိမ့်မယ်၊ ရုရှားက ကမ္ဘာ့အနောက်ဘက်ခြမ်း Eurasia (ဥရောပနဲ့ အာရှဆက်စပ်နေရာပိုင်း)တို့ဘက်မှာ အားကောင်းတယ်၊ ဒါပေမယ့် အင်ဒိုပိစိဖိတ် ဒေသမှ ရုရှားက စစ်ရေးလှုပ်ရှားမှု သိပ်အများကြီး မရှိဘူး၊ ဒီတော့ ရုရှားက မြန်မာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ရင်း အင်ဒို-ပစိဖိတ်ဒေသကို သူတို့ သြဇာလွှမ်းနိုင်အောင် ကြိုးစားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”