အာမက် အယ်လ် ရှာရာ - သူပုန်ခေါင်းဆောင်ဘဝကနေ အိမ်ဖြူတော်ရောက်တဲ့ဆီးရီးယားသမ္မတ

ဓာတ်ပုံ ရင်းမြစ်, Syrian Presidency press office
သေသေသပ်သပ်ချုပ်ထားတဲ့ အနောက်တိုင်းဝတ်စုံကို ကျကျနန ဝတ်ဆင်ထားတဲ့ ဆီးရီးယားသမ္မတသစ် အာမက် အယ်လ် ရှာရာရဲ့ လူထုကြား တိုးထွက်လာတဲ့ပုံရိပ်ဟာ အခုချိန်မှာတော့ ပြတ်ပြတ်သားသားနဲ့ ရုပ်လုံးပေါ်လာပြီလို့ဆိုနိုင်ပါတယ်။
တိုက်ရေးခိုက်ရေးတွေကနေ လာတဲ့သူဟာ အခုဆို ကမ္ဘာပေါ်က သြဇာရှိ နိုင်ငံ့ခေါင်းဆောင်အချို့ကို နာမည်အသစ်တစ်ခုအောက်ကနေ လက်ဆွဲနှုတ်ဆက်တဲ့အဆင့်ကို ရောက်နေပါပြီ။
အမေရိကန်က သတ်မှတ်ထားတဲ့ ကမ္ဘာ့အကြမ်းဖက်ခေါင်းဆောင်စာရင်းကနေ အာမက်ကို တရားဝင် ရုတ်သိမ်းပြီး နှစ်ရက်အကြာမှာပဲ ဆီးရီးယားခေါင်းဆောင် အာမက်ဟာ ဝါရှင်တန်ထိ ခရီးဆိုက်ခဲ့ပါပြီ။
ဆီးရီးယား လက်နက်ကိုင် သူပုန်ခေါင်းဆောင်ဖြစ်တဲ့ အာမက်ဟာ အာဆတ်အစိုးရကို ဖြုတ်ချပြီး ၁၁ လအကြာမှာပဲ အိမ်ဖြူတော်မှာ အမေရိကန် သမ္မတထရမ့်နဲ့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။
တစ်ချိန်က ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းဆိုပြီး ကြေညာခံခဲ့ရဖူးသလို အမေရိကန်စစ်တပ်ရဲ့လေကြောင်းကနေ သုတ်သင်ရှင်းလင်းဖို့အထိ ပစ်မှတ်ထားခံခဲ့ရတဲ့ သူပုန်ခေါင်းဆောင်တစ်ယောက် တရားဝင်နိုင်ငံရေးဇာတ်ခုံတွေပေါ်ရောက်အောင် ဘာတွေက တွန်းအားပေးခဲ့ပါသလဲ။

ဓာတ်ပုံ ရင်းမြစ်, Louai Beshara/AFP via Getty Images
ရှာရာဟာ လွန်ခဲ့တဲ့ တစ်နှစ်က ဆီးရီးယားသမ္မတအဖြစ် အာဏာရယူချိန်ကစပြီး အာဆက်အစိုးရလက်အောက် ဆယ်စုနှစ်တွေများစွာ ပိတ်ဆို့ခံရတဲ့အထီးကျန်မှုတွေနဲ့ ၁၃ နှစ်ကြာ ပြည်တွင်းစစ်အပြီးမှာ ဆီးရီးယားရဲ့ရပ်တည်မှုကို ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပြန်ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ ရှာရာက စက်တင်ဘာမှာ အမေရိကန်ကို သွားရောက်ခဲ့ပါတယ်။ ဆီးရီးယားအနေနဲ့ ကမ္ဘာ့နိုင်ငံတွေကြား သူ့ရဲ့နေရာမှန်တစ်ခုကို ပြန်ရယူနေပြီး ပိတ်ဆို့အရေးယူမှုတွေကိုလည်း ဖယ်ရှားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အဲဒီမှာ တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bandar Al-Jaloud/Saudi Royal Court/Handout/Anadolu via Getty Images
ဒါပေမဲ့လည်း ရှာရာရဲ့ နိုင်ငံရေးအရွေ့အပြောင်းတွေက ဆယ်စုနှစ်တစ်ခုအကြာမှာတော့ လူသိရှင်ကြား ထုတ်ပြန်ချက်တွေနဲ့ နိုင်ငံတကာတွေ့ဆုံ မေးမြန်းမှုတွေမှာ သာမက လူချင်းတွေ့ဆုံတဲ့အထိပါ ခြေလှမ်းလှမ်းနိုင်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှာရာဟာ သူ့ရဲ့ဖြတ်သန်းခဲ့ရတဲ့ဘဝကနေ ဇာတ်ခုံပေါ်မှာ ထင်ကျန်အောင် ဘယ်လိုပုံဖော်ရမလဲဆိုတာကို ကောင်းကောင်းနားလည်ထားပုံရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ အဝတ်များခဲ့တဲ့ သူပုန်ဘဝတုန်းက မြင်တွေ့နေက ဂျီဟက် အဝတ်အစားထက် အနောက်တိုင်း ဝတ်စားဆင်ယင်မှုတွေကို ပိုဝတ်လာတာတွေ့ရပါတယ်။
မနှစ်တုန်းက အာဆတ်အစိုးရကို ဖြုတ်ချတဲ့ ထိုးစစ်တွေတုန်းကလည်း သူဟာ စစ်ဝတ်စုံပြည့် ဝတ်ဆင်ပြီး စစ်ဆင်ရေးကွပ်ကဲမှုခန်းမထဲမှာ တပ်မှူးတစ်ယောက် အသွင် ပီပြင်အောင် ဝတ်ခဲ့သူပါ။
အာမက် အယ်လ် ရှာရာကို ဆီးရီးယားရဲ့သမ္မတအဖြစ် မြင်တွေ့ရတာဟာ အစ္စလာမ္မစ် Hayat Tahrir al-Shams (HTS) လက်နက်ကိုင်အဖွဲ့ကို အဘူ မိုဟာမက် အယ် ဂျိုလန်နီ နာမည်နဲ့ ဦးဆောင်ခဲ့တဲ့ သူပုန်ခေါင်းဆောင်တစ်ယောက်ရဲ့ အသွင်နဲ့ဆိုရင် အခြားနားကြီး ခြားနားသွားပါပြီ။
HTS အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ ရှာရာ ခေါင်းဆောင်မဖြစ်လာခင်အထိ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်တဲ့အဖွဲ့ဖြစ်ခဲ့ပါတယ်။ HTS ခေါင်းဆောင်မဖြစ်ခင်တုန်းကတော့ ရှာရာဟာ အီရတ်မှာ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး အချိန်ကာလတစ်ခုအထိ အမေရိကန်တပ်တွေရဲ့အကျဉ်းကျခံရတာလည်း ခံခဲ့ရပါတယ်။
အာမက်လက်အောက်မှာ HTS က ဆီးရီးယားရဲ့ အနောက်မြောက်ဘက်ခြမ်းက သူပုန်တွေကြီးစိုးနယ်မြေဖြစ်တဲ့ အစ်ဒလစ်မြို့ ခြေကုတ်ယူနိုင်တဲ့အထိ လွှမ်းမိုးနိုင်လာပါတယ်။ ဒီမြို့ကြီးဟာ လူပေါင်း လေးသန်းလောက်နေထိုင်တဲ့မြို့ကြီးဖြစ်ပြီး အများစုဟာ ဆီးရီးယားရဲ့ တခြားပြည်နယ်တွေကနေ စစ်ကြောင့် ပြောင်းလာကြသူတွေဖြစ်ပါတယ်။
အရပ်သားတွေနေနေတဲ့ အဲဒီဒေသကို ကြီးစိုးခြယ်လှယ်နေတာက သူပုန်လက်နက်ကိုင်တပ်ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေထွက်ခဲ့တဲ့အပေါ် ဖြေရှင်းဖို့ဆိုပြီး HTS အဖွဲ့က HTS ဆိုတဲ့ နာမည်ကနေ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးလက်ရုံး အဖွဲ့ ဆီးရီးယားကယ်တင်ရေး- Syrian Salvation Government (SG) ကို ဖွဲ့စည်းပါတယ်။
SG အဖွဲ့ဟာ ဝန်ကြီးချုပ်၊ ဝန်ကြီးဌာနတွေနဲ့ ဒေသဆိုင်ရာဌာနတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ပြန်လည်တည်ဆောက်ရေးစတဲ့ ကဏ္ဍတွေကို ကြီးကြပ်ပြီး ရှာရီယာ ဒါမှမဟုတ် အစ္စလာမ်ဥပဒေနဲ့ လမ်းညွှန်ထားတဲ့ ပြည်နယ်ကောင်စီတစ်ခုအသွင်လိုမျိုး အုပ်ချုပ်မှုကို ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရှာရာဟာ သူ့ရဲ့ ပုံရိပ်ကို ပြောင်းလဲမြင်လာကြအောင် ထပ်ပြီး အားထုတ်တဲ့အနေနဲ့ လူထုနဲ့ ထိတွေ့ ဆက်ဆံပြောဆိုမှုတွေ ခပ်စိပ်စိပ်လုပ်ပါတယ်။ ပြည်တွင်းစစ်ကြောင့်နေရပ်ရှောင်ဒုက္ခသည်စခန်းတွေဆီ သူသွားပါတယ်။ ပွဲတွေတက်ပါတယ်။ ငလျင်လိုမျိုးဖြစ်ချိန်မှာ အကူအညီပေးရေးအပိုင်းလိုကိစ္စရပ်တွေမှာ ကိုယ်တိုင်ကြီးကြပ်ပါတယ်။
HTS ဟာ သူ့ရဲ့အုပ်ချုပ်မှုကို တရားဝင်ပြီး တည်ငြိမ်မှုရှိစေဖို့ အခြေခံအဆောက်အအုံတွေကိုလည်း အောင်အောင်မြင်မြင်ဆောက်လုပ်ပေးခဲ့ပြီး နိုင်ငံအတွက် ဝန်ဆောင်မှုပေးနိုင်တယ်ဆိုတဲ့အချက်ကို မီးမောင်းထိုးပြခဲ့ပါတယ်။
ဒါကိုလည်း ၂၀၂၁ ခုနှစ်မှာ အာဖဂန်နစ္စတန်မှာ အာဏာပြန်ရခဲ့ရတဲ့ တာလီဘန်တွေက ချီးကျူးပါတယ်။ HTS ဟာ ဂျီဟတ်ဝါဒကြိုးပမ်းအားထုတ်မှုတွေနဲ့ နိုင်ငံရေးဆန္ဒတွေ ထိရောက်ဟန်ချက်ညီစေဖို့ သူတို့ကို စံနမူနာယူခဲ့တယ်ဆိုပြီး တာလီဘန်ဘက်က ပြောခဲ့ဖူးပါတယ်။
အစ်ဒလစ်မြို့မှာ ရှာရာရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ HTS အဖွဲ့အနေနဲ့ ဂျီဟတ်ဝါဒကို အကောင်အတည်ဖော်နိုင်တာအပြင် အုပ်ချုပ်မှုကိုလည်း ထိထိရောက်ရောက်လုပ်နိုင်တယ်ဆိုတာကို ပြနိုင်တဲ့သူ့ရဲ့ ဗျူဟာကျယ်မှုကိုလည်း ထင်ဟပ်ပါတယ်။
တည်ငြိမ်ရေး၊ လူထုဝန်ဆောင်မှုတွေနဲ့ ပြန်လည်တည်ဆောက်ရေးတို့ကို ဦးစားပေးစနစ်နဲ့ အုပ်ချုပ်ပြခဲ့တာကလည်း HTS ရဲ့ အုပ်ချုပ်မှုအောက်မှာ အစ်ဒလစ်ကို စံနမူနာအဖြစ် ပြရန်ရည်ရွယ်ပြီး HTS အဖွဲ့ရဲ့ တရားဝင်မှုနဲ့ နိုင်ငံရေးဆန္ဒတွေကို မြှင့်တင်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို တုံံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကလည်း HTS အပေါ်မှာ သူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဒီနှစ်အစောပိုင်းမှာ ရုပ်သိမ်းခဲ့ပါတယ်။
ဒါပေမဲ့ အာမက်ရဲ့ ဦးဆောင်မှုအောက်မှာ HTS က အာဏာကို စုစည်းနိုင်ပြီး နိုင်ငံရေးဇာတ်ခုံအခင်းအကျင်းတွေထဲရောက်အောင် ကြိုးပမ်းတဲ့အပေါ် တခြား ဂျီဟတ်နဲ့ သူပုန် လက်နက်ကိုင် စစ်သွေးကြွအဖွဲ့တွေကို ချေမှုန်း ပစ်ပယ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
HTS အဖွဲ့ဟာ အာဆက်ကို မဖြုတ်ချခင် လပိုင်းအလိုကတည်းက ပြုပြင်ပြောင်းလဲမှုတွေအများကြီးကို ခြေလှမ်းစလှမ်းခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံရတဲ့ အငြင်းပွားဖွယ်ရာ လုံခြုံရေးတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံသားတွေ အခွင့်အရေးအတွက် တိုင်ကြားနိုင်ဖို့ နစ်နာမှုတိုင်ကြားနိုင်တဲ့ ဌာနတစ်ခုကို ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။
ဝေဖန်တဲ့သူတချို့ကတော့ ဒီလိုပြောင်းလဲဖွဲ့စည်းတာတွေဟာ သဘောထားကွဲလွဲချက်တွေကို ထိန်းချုပ်ဖို့လုပ်တဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရှာရာအနေနဲ့ ထရမ့်နဲ့တွေ့ဆုံမှုဟာ သူ့ရဲ့ သံခင်းတမန်ခင်း ပုံရိပ်ကို ပြန်လည်တည်ဆောက် မြှင့်တင်ဖို့ နောက်ဆုံးပြုလုပ်ထားတဲ့ကြိုးပမ်းချက်လည်းဖြစ်ပါတယ်။
သူဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ မေလတုန်းက ဆော်ဒီမြို့တော် ရီယတ်မှာ တွေ့ခဲ့ပြီး ထရမ့်က ရှာရာဟာ ''အတိတ်ခိုင်မာတဲ့ ကြံ့ခိုင်တဲ့လူ'' လို့ ရည်ညွှန်းပြောတာ ခံခဲ့ရပါတယ်။
စက်တင်ဘာလတုန်းကတော့ သူဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောဖို့ အမေရိကန်ကို သွားခဲ့ပါတယ်။ ဆီးရီးယားဟာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ လူမှန် နေရာမှန် ပါဝင်နေပြီလို့ သူက ပြောပြီး ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါတယ်။
ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ကုလလုံခြုံရေးကောင်စီဟာ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားရေး အစီအမံတွေပါတဲ့ အမေရိကန်ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဘက်က ဆီးရီးယားခေါင်းဆောင်သစ်နဲ့ ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကို လနဲ့ချီ ကြာအောင် တဖြည်းဖြည်း ရုပ်သိမ်းသွားမယ့် လုပ်ဆောင်ချက်နဲ့လည်း အချိန်ကိုက်နေပါတယ်။
နောက်ခံအကြောင်းတရားတွေ မရှင်းပေမဲ့ ရှာရာဟာ အာဆတ်အုပ်စိုးမှုကို မကြိုက်တဲ့ ကမ္ဘာတလွှားအစိုးရတွေရဲ့ ထောက်ခံမှုကို ရနေပါတယ်။ ဆီးရီးယားရဲ့ တိုင်းရင်းစားအစုအဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အားပေးထောက်ခံမှုရနိုင်အောင် ကြိုးပမ်းမယ့် အစိုးရတစ်ရပ်ဖြစ်အေင် ဦးဆောင်မယ်လို့ ရှာရာကိုယ်တိုင်လည်း ကတိကဝတ်ပြုထားပါတယ်။
အီကောနောမစ် သတင်းစာနဲ့ပြုလုပ်တဲ့ မေလတုန်းက အင်တာဗျူးမှာတော့ ဆာရှာက ''လက်စားချေမှုနဲ့ အနာဂတ်ကို ကျွန်တော်တို့ တည်ဆောက်လို့မရဘူး။ ဆီးရီးယားဟာ နိုင်ငံသူ နိုင်ငံသားတိုင်းအတွက် ခိုလှုံရာဖြစ်ရပါမယ်'' လို့ပြောပါတယ်။
တကယ်တမ်းမှာတော့ သူ အမေရိကန်ပြည်ထောင်စုကို မရောက်ခင် နာရီပိုင်းလေးမှာပဲ ဆီးရီးယား လုံခြုံရေးအဖွဲ့တွေဟာ IS အဖွဲ့ဝင်လို့ မသင်္ကာသူ လူ ဒါဇင်ချီကို ထိန်းသိမ်းခဲ့တယ်လို့ ကြေညာပါတယ်။
အခုနှစ်အစောပိုင်းတုန်းကတော့ သူဟာ ဆီးရီးယားက အလာဝီ လူနည်းစုထဲက လူတွေကို ကွပ်မျက်တယ်လို့ စွပ်စွဲခံရတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေရှိနေမယ်ဆိုရင် ဒီအဖွဲ့ဝင်တွေကို ဖော်ထုတ်အရေးယူမယ်လို့လည်း သူက ပြောထားပါတယ်။
တဖက်မှာလည်း ဒါဟာ သူ့ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်မှုအပိုင်းကို အတော်လေး အဆုံးအဖြတ်ပေးမယ့်ကိစ္စဖြစ်နေပါတယ်။
မကြာသေးခင်ကာလအတွင်းမှာ ဆွန်နီ ဘီဒူ မျိုးနွယ်စု တိုက်ခိုက်ရေးသမားတွေနဲ့ ဒရုဇ် စစ်သွေးကြွတွေကြား သွေးကြောင်းစီးမှုဖြစ်ထားပါတယ်။
ဒါကြောင့်ပဲ နိုင်ငံတကာ စင်မြင့်မှာ ဆီးရီးယားရဲ့ပုံရိပ်တင့်အောင် သမ္မတက ဘယ်လိုပဲ ကြိုးပမ်း ကြိုးပမ်း ဆယ်စုနှစ်တစ်ခုကျော်ကြာ စစ်ဖြစ်ခဲ့တဲ့ဆီးရီးယားနိုင်ငံကို HTS အဖွဲ့ဦးဆောင်တဲ့အစိုးရက တည်ငြိမ်အောင်ပြန်လုပ်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်နေပါတယ်။
BBC Monitoring၊ BBC Global Journalism နဲ့ ဘီဘီစီသတင်းတို့ ပူးတွဲရေးသားပါတယ်။












