အာဆတ်မိသားစု ဘာဆက်ဖြစ်မလဲ

ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတ ဘာရှား အယ်လ် အာဆတ်နဲ့ သူ့ဇနီး အက်စ်မာတို့ ရုရှားမှာ ရောက်နေပါတယ်။ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတ ဘာရှား အယ်လ် အာဆတ်နဲ့ သူ့ဇနီး အက်စ်မာတို့ ရုရှားမှာ ရောက်နေပါတယ်။ (ပုံဟောင်း)

ဆမ် ဟန်းကော့

ဘီဘီစီ သတင်း

ဘာရှားအယ်လ်အာဆတ် ဖြုတ်ချခံလိုက်ရတာဟာ သူ့ရဲ့ ၂၄ နှစ်တာ သမ္မတ သက်တမ်း ပြီးဆုံးသွားတာတင် မဟုတ်ဘဲ ဆီးရီးယားမှာ သူတို့မိသားစု နှစ် ၅၀ ကျော် ကြီးစိုးခဲ့မှုတစ်ခုလုံးပါ ဆုံးခန်းတိုင်သွားတာ ဖြစ်ပါတယ်။

အာဆတ် မတိုင်ခင်က ကွယ်လွန်သူ သူ့ဖခင် ဟာဖက်ဇ် ဆီးရီးယားမှာ ဆယ်စုနှစ် သုံးစု သမ္မတလုပ်ခဲ့ပါတယ်။

အခုအခါမှာ အစ္စလာမ်မစ် လက်နက်ကိုင်အုပ်စု ဟာရက် တာရီယာ အယ်လ် ရှမ် HTS ဦးဆောင်တဲ့ သူပုန်တွေက အကူးအပြောင်းကာလ အစိုးရကို ဖွဲ့စည်းထားပြီဖြစ်ပြီး ဖြုတ်ချခံရတဲ့ သမ္မတ၊ သူ့ဇနီးနဲ့ ကလေး သုံးယောက်ရဲ့ ရှေ့ရေးကတော့ မရေမရာ ဖြစ်နေပါပြီ။

အာဆတ်နဲ့ မိသားစု ရုရှားကို ထွက်ပြေးသွားခဲ့ပြီး အဲဒီမှာ ခိုလှုံခွင့်ရထားပါတယ်။ ရှေ့မှာ သူတို့ ဘာဆက် ဖြစ်ကြမလဲ။

အာဆတ်က ဘာကြောင့် ရုရှားကို ထွက်ပြေးတာလဲ

ရုရှားဟာ ဆီးရီးယား ပြည်တွင်းစစ်ပွဲတလျှောက် ဆီးရီးယားအစိုးရရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်ပြီး ဆီးရီးယားမှာ ရုရှားရဲ့ အရှေ့အလယ်ပိုင်းဒေသက အဓိက စစ်အခြေစိုက်စခန်းနှစ်ခုလည်း ရှိပါတယ်။

၂၀၁၅ မှာ ရုရှားက အာဆတ်အစိုးရဘက်ကနေ လေကြောင်းက ကူတိုက်ပေးခဲ့ပြီး စစ်ပွဲမှာ ဆီးရီးယားအစိုးရဘက်က အသာရစေခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီနောက် ကိုးနှစ်တာ ကာလအတွင်းမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈,၇၀၀ အပါအဝင် လူ ၂၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယူကေအခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်း စစ်ပွဲမှာ အာရုံများနေတဲ့ ရုရှားဟာ နိုဝင်ဘာ နှောင်းပိုင်းမှာ သူပုန်တွေက အာဆတ်အစိုးရကို လျင်လျင်မြန်မြန် ထိုးစစ်ဆင်လာချိန်မှာတော့ သူပုန်တွေကို တားဆီးဖို့ အာဆတ်ကို ကူပြီး ဝင်မတိုက်ချင်တော့တာ ဒါမှမဟုတ် ဝင်မတိုက်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

ဒမတ်စကပ်ကို သူပုန်တွေက ထိန်းချုပ်ပြီး နာရီအတော်အကြာမှာတော့ အာဆတ်နဲ့ သူ့မိသားစု ရုရှားနိုင်ငံ မော်စကိုကို ရောက်နေပြီဖြစ်ပြီး သူတို့ကို "လူသားချင်းစာနာမှုအရ" ခိုလှုံခွင့်ပေးထားတယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အာဆတ် ရှိနေတဲ့နေရာနဲ့ ခိုလှုံခွင့်ခံယူတဲ့အကြောင်းတွေကို ရုရှားအစိုးရ ပြောခွင့်ရ ဒီမစ်ထရီ ပက်စကော့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက မေးတဲ့အခါ "အခု ဘာမှ ပြောစရာမရှိပါဘူး။ သေချာတာက ဒီလို ခိုလှုံခွင့်ပေးတာမျိုးက နိုင်ငံ့ခေါင်းဆောင် မပါဘဲ မလုပ်နိုင်ပါဘူး။ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပါ" လို့ ပြောပါတယ်။

အာဆတ်နဲ့ ရုရှားနိုင်ငံအကြား အထူးသဖြင့် မော်စကိုကြားက ဆက်နွှယ်မှုတွေဟာ သေချာ မှတ်တမ်းမှတ်ရာတွေ ရှိနေပါတယ်။

Financial Times သတင်းစာက ၂၀၁၉ မှာ စုံစမ်းလေ့လာဖော်ထုတ်မှုအရ အာဆတ်နဲ့ မိသားစုတွေဟာ ဆီးရီးယား စစ်ပွဲအတွင်း ဒေါ်လာ သန်းဆယ်ချီ ထိန်းသိမ်းထားနိုင်ဖို့ ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ တန်ဖိုးကြီး တိုက်ခန်း အနည်းဆုံး ၁၈ ခန်း ဝယ်ခဲ့တယ်လို့ သိရပါတယ်။

အာဆတ်ရဲ့ အကြီးဆုံးသား ဟာဖက်ဇ်က မော်စကိုမှာ ပါရဂူဘွဲ့သင်တန်း ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဒေသတွင်း သတင်းစာတစ်စောင်က အသက် ၂၂ အရွယ် ဟာဖက်ဇ်ရဲ့ ပါရဂူဘွဲ့စာတမ်းအကြောင်း ဖော်ပြခဲ့ပါသေးတယ်။

ကသောင်းကနင်းတွေ ဖြစ်နေခဲ့တဲ့ သီတင်းပတ်ကုန်ရက်မှာ ဆီးရီးယားမှာရှိတဲ့ ရုရှား စစ်အခြေစိုက် စခန်းတွေနဲ့ သံတမန်အဖွဲ့တွေ လုံခြုံရေးအတွက် ရုရှားအစိုးရဟာ "ဆီးရီးယား လက်နက်ကိုင် အတိုက်အခံတွေ"နဲ့ စကားပြောနေတယ်လို့ ရုရှားနိုင်ငံပိုင် ရုပ်သံက ဖော်ပြခဲ့ပါတယ်။

အာဆတ်ဇနီးနဲ့ ကလေးတွေက ဘယ်သူတွေလဲ

အာဆတ်ရဲ့ ဇနီးက ဗြိတိန်နဲ့ ဆီးရီးယား နှစ်နိုင်ငံသား ဖြစ်သူ အက်စ်မာပါ။ သူက လန်ဒန် အနောက်ပိုင်းမှာ ဆီးရီးယား မိဘတွေကမွေးဖွားကြီးပြင်းခဲ့သူပါ။

သူဟာ လန်ဒန်မှာ အထက်တန်းနဲ့ တက္ကသိုလ်တက်ခဲ့ပြီးနောက် ဘဏ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ပါတယ်။

အက်စ်မာက ဆီးရီးယားကို ၂၀၀၀ ပြည့်နှစ်မှာ အချိန်ပြည့် ပြောင်းရွှေ့လာခဲ့ပြီး အာဆတ်သူ့ ဖခင်ဆီက သမ္မတရာထူး ယူခဲ့ချိန်လောက်မှာ အာဆတ်နဲ့ လက်ထပ်ခဲ့ပါတယ်။

အက်စ်မာက "ဗြိတိသျှ နိုင်ငံကူးလက်မှတ် ကိုင်ထားလို့ (ရုရှားမှာ ဆက်နေမယ့်အစား) သူယူကေကို ပြန်လာနိုင်တယ်"လို့ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံကျောင်း LSE က ဧည့်သုတေသီ ဒေါက်တာ နက်စရင်း အယ်လ်ရီဖာယီက ပြောပါတယ်။

"ဒါပေမဲ့ အမေရိကန်က သူ့ဖခင် ဒေါက်တာ ဖာဝါ့ဇ် အယ်လ် အာခရက်ဇ်ကို ပိတ်ဆို့အရေးယူထားပြီး သူဟာလည်း ရုရှားမှာရှိတယ်လို့ ဆိုတာကြောင့် အက်စ်မာလည်း အခုတော့ မော်စကိုမှာ ဆက်ပြီးနေချင်ပါလိမ့်မယ်"လို့ သူက ပြောပါတယ်။

Mail Online ဝက်ဘ်ဆိုက်သတင်းမှာတော့ အက်စ်မာရဲ့ ဖခင် နှလုံးအထူးကု ဆရာဝန်နဲ့ မိခင် အငြိမ်းစား သံတမန် ဆာဟာတို့ဟာ သမီးနဲ့ သမက်တို့ကို "နှစ်သိမ့်" ပေးဖို့ မော်စကိုမှာ နေချင်ကြတယ်လို့ အိမ်နီးနားချင်းတွေကို ကိုးကား ဖော်ပြပါတယ်။

အာဆတ်နဲ့ သူ့ဇနီးတို့မှာတော့ သားသမီး သုံးယောက် ရှိပါတယ်။ ပါရဂူတန်း ကျောင်းသား ဟာဖက်ဇ်၊ ဇိန်းနဲ့ ကာရင်မ်တို့ပါ။

ဆီးရီးယား သမ္မတ ဟာဖက်ဇ် အာဆတ်၊ ဇနီး အနီဆာနဲ့ သားသမီးများ - (ဘယ်မှညာ) မာဟာ၊ ဘာရှား၊ ဘာဆယ်လ်၊ မတ်ဂျ်ဒ်၊ ဘွတ်ရှ်ရာ - ၁၉၉၀

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးရီးယား သမ္မတ ဟာဖက်ဇ် အာဆတ်၊ ဇနီး အနီဆာနဲ့ သားသမီးများ - (ဘယ်မှညာ) မာဟာ၊ ဘာရှား၊ ဘာဆယ်လ်၊ မတ်ဂျ်ဒ်၊ ဘွတ်ရှ်ရာ - ၁၉၉၀

၂၀၂၂ မှာ အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ကို အစီရင်ခံစာအရ အာဆတ်မိသားစုတွေရဲ့ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံကနေ ၁.၆ ဘီလျံကြား ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အိမ်ခြံမြေ၊ လုပ်ငန်းတွေနဲ့ တခြားနိုင်ငံတွေမှာ အခွန်ရှောင်ထားတဲ့ လုပ်ငန်းတွေနဲ့ ပုံစံအမျိုးမျိုး ဖြန့်ခွဲ ဖုံးကွယ်ထားတာကြောင့် သူတို့ပိုင်ဆိုင်မှုကို ခန့်မှန်းဖို့ ခက်ပါတယ်။

အစီရင်ခံစာအရ ဘာရှားနဲ့ အက်စ်မာတို့ဟာ ဆီးရီးယားရဲ့ အကြီးဆုံး စီးပွားရေးသမားတွေကို အနီးကပ် လွှမ်းမိုးနိုင်တဲ့ ဆက်ဆံရေးရှိပြီး တရားမဝင် လုပ်ငန်းတွေကရတဲ့ ငွေတွေကို သူတို့ကုမ္ပဏီတွေကနေ ခဝါချပြီး သူ့အစိုးရအတွက် သုံးစွဲပါတယ်။

အက်စ်မာက ဆီးရီးယားရဲ့ လက်ရှိ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနေတဲ့ စီးပွားရေး ကော်မတီအပေါ်မှာလည်း လွှမ်းမိုးမှုရှိပြီး ဆီးရီးယားရဲ့ အစားအစာ၊ လောင်စာဆီထောက်ပံ့ကြေး၊ ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာ အရေးကိစ္စတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

သူဟာ ဆီးရီးယားဖွံ့ဖြိုးတိုက်တက်ရေးအဖွဲ့အပေါ် လွှမ်းမိုးမှုရှိပါတယ်။ အစိုးရထိန်းထားတဲ့ နယ်မြေတွေအတွက် ပြန်လည်ထူထောင်ရေး နိုင်ငံခြားအကူအညီတွေကို အဲဒီအဖွဲ့ကတစ်ဆင့် ပေးနေတာ ဖြစ်ပါတယ်။

အက်စ်မာဟာ သူ့ခင်ပွန်းနဲ့ သူ့မိသားစုတွေရဲ့ အကူအညီကို သုံးပြီး ဆီးရီးယား ပြည်တွင်းစစ်ကနေ ခေါင်းပုံဖြတ်အမြတ်ထုတ်သူတွေထဲက နာမည်ဆိုးနဲ့ အကျော်ကြားဆုံး သူတစ်ယောက် ဖြစ်လာပြီလို့ ၂၀၂၀ တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်ခဲ့သူ မိုက် ပွန်ပေယိုက စွပ်စွဲပြောဆိုပါတယ်။

အက်စ်မာဟာ "မိသားစုရဲ့ စီးပွားရေးကို ဦးဆောင်သူ" နဲ့ "သြဇာရှိသူ" ဖြစ်ပြီး ဘာရှားရဲ့ ဝမ်းကွဲညီဖြစ်သူ ရာမီ မာခါလုဖ်နဲ့ ပြိုင်ဆိုင်နေသူလို့ ထရမ့်အုပ်ချုပ်ရေးအဖွဲ့ထဲက အကြီးတန်း အရာရှိတစ်ဦးကလည်း ပြောခဲ့ပါတယ်။

ရာမီ မာခါလုဖ်ဟာ ဆီးရီးယားက အချမ်းသာဆုံးသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ သူ့ကို ဆက်ဆံပုံကို မကြေနပ်လို့ဆိုပြီး ဆိုရှယ်မီဒီယာမှာ သူတင်တဲ့ ဗီဒီယိုတွေကြောင့် မိသားစု အက်ကြောင်းကို အများက သိခဲ့ကြပါတယ်။

အာဆတ် တရားရုံးတင်ခံရနိုင်လား

"ဆီးရီးယားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်" လို့ အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အတွင်းရေးမှူး အဂ်နက်စ် ကဲလာမာတ်က ပြောပါတယ်။

ဒါတွေထဲမှာ ဓာတုလက်နက်တွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် တခြား လူသတ်မှု၊ နှိပ်စက်မှု၊ အတင်းအကျပ်ဖမ်းဆီးမှုနဲ့ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ အမှုလို စစ်ရာဇ၀တ်မှုတွေ ပါဝင်ပါတယ်။

နိုင်ငံတကာ ဥပဒေတွေနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ သံသယရှိသူတွေကို သူတို့ရဲ့ ပြစ်မှုတွေအတွက် စုံစမ်း အပြစ်ပေးခံရစေဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်ကြဖို့ သူက တိုက်တွန်းပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်စက်မှုတွေမှာ ပါ၀င်ခဲ့တဲ့၊ ပြုတ်ကျသွားတဲ့ အစိုးရရဲ့ အကြီးတန်း အရာရှိကြီးတွေကို ဖော်ပြမယ်လို့ အစ္စလာမ်မစ် သူပုန်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

တခြား နိုင်ငံတွေကို ထွက်ပြေးသွားသူတဲ့ အစိုးရ အရာရှိတွေကို သူရဲ့ ဆီးရီးယား ကယ်တင်ရေး အစိုးရက ဆီးရီးယားကို ပြန်ခေါ်ဖို့ လုပ်မယ်လို့လည်း အာမက် အယ်လ် ရှာရာက ပြောပါတယ်။

၂၀၁၃ မှာ ဆီးရီးယား ဖြစ်ပွားခဲ့တဲ့ ဓာတုလက်နက်မှုတွေနဲ့ ပတ်သက်ပြီး အာဆတ်ကို လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ စွပ်စွဲပြီး ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အရ ပြင်သစ်မှာ စုံစမ်းစစ်ဆေးရေးဆိုင်ရာ တရားသူကြီးတွေက ဖမ်းဝရမ်း ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ရုရှားကတော့ သူ့နိုင်ငံသားတွေကို ရာဇဝတ်မှု သံသယနဲ့ တခြားနိုင်ငံမှာ ဥပဒေအရ တရားရင်ဆိုင်ဖို့ လွှဲပေးလေ့ မရှိပါဘူး။

အာဆတ်ကတော့ ရုရှားကနေ ထွက်ခွာပြီး သူ့ကို ရာဇဝတ်မှုတွေနဲ့ အရေးယူဖို့ ဆီးရီးယားကို ဖြစ်ဖြစ် တခြားနိုင်ငံကို ဖြစ်ဖြစ် ပြန်ပို့ခံရမယ့် နိုင်ငံမျိုးကို သွားမယ့် အခြေအနေ မရှိပါဘူး။