အာဆတ်ပြုတ်ကျခဲ့ပေမဲ့ ဆီးရီးယား ကာ့ဒ်တွေဟာ တူရကီနဲ့ တိုက်နေရဆဲ

A child in black top and traditional read scarf on her head, waves a green, red and yellow scarf as she sits on someone's shoulders at anniversary celebrations. A large crowd can be seen behind her.
ဓာတ်ပုံ ပုံစာ, အိုက်အက်စ်တို့ မြို့ကိုဝိုင်းပိတ်ခဲ့တာကို တွန်းလှန်နိုင်တဲ့ ၁၀နှစ် ပြည့် အောင်ပွဲခံပွဲတော်ကို ဇန်နဝါရီလက ကိုဘာနီမြို့ခံ ကာ့ဒ်တို့ ကျင်းပခဲ့ကြ

ယာဂိုးလ်

ဘီဘီစီ ပရပ်ရှားဘာသာဌာန

ကျွန်တော်တို့ ဆီးရီးယား အနောက်မြောက်ပိုင်းကို ရောက်ဖို့ တိုက်ဂရစ်မြစ် ရေပြင် ပေါ်မှာ မျောပြီးထိုးထားတဲ့ ခနော်နီခနော်နဲ့ တံတားတစင်းကို ဖြတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အီရတ် ကာဒက် စတန်ကနေ ခရီးစဥ်စခဲ့တာပါ။ ကျွန်တော်တို့ကို သယ်ဆောင်ပြီး ဆီးရီးယား ရေနံမြေကို ဖြတ်သွားနေတဲ့ မီနီဘတ်စ်ကားလေးက ဂျိုးဂျိုးဂျောက်ဂျောက် အသံတွေ အစုံထွက်နေတာကို ကြားနေနေရပြီး၊ လမ်းဘေး ၂ ဘက်မှာရှိတဲ့ ရေနံတူးစင်မောင်းတံကြီးတွေက တရိပ်ရိပ် လှုပ်ရှားပြီး ရေနံတူးနေကြတာကို မြင်နေရပါတယ်။

ဒီနယ်မြေကို ကာ့ဒ်တွေက ထိန်းချုပ်ထားပြီး သူတို့အခေါ်အရတော့ ဒီနယ်ရဲ့ အမည်က ရိုဂျာဗာ ပါ၊ အဓိပ္ပါယ်ကတော့ အနောက် ကာဒက်စတန်ပေါ့။ ပြည်တွင်းစစ်ဖြစ်တဲ့ ၂၀၁၂ က စလို့ ဒီနယ်မြေကို ကာ့ဒ်လူမျိုးတွေက ကိုယ်ပိုင်အုပ်ချုပ်ရေးချထားပြီး ကာ့ဒ် ဦးဆောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့က အကာအကွယ်ပေးထားပါတယ်။

ဒါပေမဲ့ ဘာရှား အယ်အာဆတ်က သူတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ် မပြုပါဘူး၊ အခု အာဆတ်ပြုတ်ကျသွားပြီးနောက်မှာလည်း ကာ့ဒ်တို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးက မသေချာ မရေရာသေးပါဘူး။

ဆယ်စုနှစ်ချီကြာတဲ့ ပြည်တွင်းစစ်ကို ဆီးရီးယား ကာ့ဒ်တို့ တိုက်နေခဲ့ရတဲ့ အချိန်မှာပဲ မြောက်ဘက်နယ်စပ်က တူရကီကိုလည်း တိုက်ခဲ့ရပါတယ်၊ အဲဒီ တူရကီနဲ့က အခု လည်း ဆက်ပြီးတိုက်နေရပါတယ်။

အစ္စလာမ်မစ် နိုင်ငံတော်နဲ့ တိုက်ပွဲ

A woman holding a gun stands in a destroyed street in Kobane. There are wrecked buildings behind her.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုက်အက်စ် ဝိုင်းထားတာကို တွန်းလှန်ပြီးတဲ့နောက် ၂၀၁၅ ဇန်နဝါရီအတွင်းက ကိုဘာနီမြို့

လွန်ခဲ့တဲ့ ၁၀နှစ်ကာလလောက်က ဒီ‌ဒေသကို အစ္စလာမ်မစ်နိုင်ငံတော် (Islamic State group - IS) တပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ရောက်လာတဲ့အခါ ခုခံမှု သိပ်များများကို မကြုံလိုက်ရပါဘူး၊ သူတို့ မြို့တွေ၊ ရွာတွေကို အလွယ်တကူ သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ စက်တင်ဘာလအတွင်း တူရကီ နယ်စပ်နားက ကိုဘာနီမြို့ကို ရောက်တဲ့ အခါမှာတော့ ခိုင်မာတဲ့ ခုခံမှုကို သူတို့ ရင်ဆိုင်လိုက်ရ ပါတော့တယ်။

အိုက်အက်စ် စစ်သွေးကြွတွေ အဲဒီမြို့ကို မဝင်နိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ လတွေနဲ့ ချီပြီး မြို့ကို ပိတ်ဆို့ဝိုင်းထားခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ထောက်ခံရပ်ပေးထားတဲ့ ကာ့ဒ် ဦးဆောင် တပ်တွေဟာ ၂၀၁၅ အစောပိုင်းမှာ မြို့ကို ဝိုင်းထားတဲ့ အိုင်အက်စ်တွေကို တွန်းလှန် ဖောက်ထွက်နိုင်ခဲ့ကြပါတယ်။ အဲဒီအဖြစ်ရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည်ဖြစ်တဲ့ ဒီနှစ် ဇန်နဝါရီလမှာ ကျွန်တော် ဒီမြို့ထဲက ဒေသခံတွေနဲ့ တွေ့နိုင်ခဲ့ပါတယ်။

ကိုဘာနီမြို့ဝင်ဂိတ်မှာ အသက် ၅၀ တဝိုက် အမျိုးသမီးကြီးတွေက အေကေ - ၄၇ မောင်းပြန် ရိုင်ဖယ်တွေ လွယ်ပြီး စစ်ဆေးရေး ဂိတ်တွေမှာ ကင်းစောင့်နေကြ ပါတယ်။ အိုင်အက်စ်နဲ့ တိုက်ခိုက်ရာမှာ အမျိုးသမီးတွေက အရေးပါတဲ့ အခန်း ကဏ္ဍမှာ ပါဝင်ခဲ့ပြီး အမျိုးသမီးအများအပြားက အမျိုးသမီးကာကွယ်ရေး တပ်ဖွဲ့ (Women's Protection Units - YPJ) ကို သူတို့ သဘောဆန္ဒနဲ့ သူတို့ ဝင်ခဲ့ကြ ပါတယ်။

Two women in with AK-47 assault rifles slung over their shoulders. They are wearing long dresses and headscarves.
ဓာတ်ပုံ ပုံစာ, အမျိုးသမီးရဲဘော်တွေက ကိုဘာနီမြို့ဝင်ဂိတ်တွေမှာ ကင်းစောင့်နေကြ

ကျွန်တော်တို့ကား မြို့ထဲကို မောင်းဝင်လာတော့ လမ်းဘေးတလျောက်မှာ အသတ်ဖြတ်ခံခဲ့ရအသတ်ဖြတ်ခံခဲ့ရတဲ့အမျိုးသားတွေ၊ အမျိုးသမီးတွေရဲ့ ရုပ်ပုံ ပိုစတာတွေကို တွေ့ရသလို စစ်ပွဲက ကျန်ခဲ့တဲ့ တခြား ဒဏ်ရာတွေကိုလည်း မြင်နေရဆဲပါ။

ဒါပေမဲ့ ရင်ပြင်ကျယ်တခုမှာတော့ လူတွေက ပွဲတော်ကျင်းပရင်း မြူးပျော် နေပါတယ်။ အရောင်စုံ ကာ့ဒ် ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တွေ၊ လူငယ်တွေက လက်ချင်းချိတ် ကခုန်လို့၊ တေးသီချင်းတွေဆိုလို့ သူတို့ အောင်ပွဲခံ ပျော်ရွှင်နေကြပါတယ်။

သူတို့ထက် အသက်ကြီးတဲ့ မျိုးဆက်ကတော့ အပျော်တဝက် ဝမ်းနည်းတဝက် အချိန်အခါပါ။ "ကိုဘာနီမှာ အသတ်ဖြတ်ခံခဲ့ရတဲ့ အာဇာနည် ကျွန်မ အကိုနဲ့ တခြား အာဇာနည် ရဲဘော်ရဲဘက်တွေ အတွက် ညက ကျွန်မ ဆီမီးထွန်းပြီး အမှတ်တရ အောက်မေ့ခဲ့တယ်" လို့ ကလေး ၄ ယောက်တို့ရဲ့ မိခင် အသက် ၄၅ နှစ် အရွယ် အမျိုးသမီး နရော့ဇ် အာမက်က ပြောပါတယ်။ "ဒီနေ့က ပျော်စရာနေ့ပါ၊ တချိန်တည်း မှာပဲ နာကျင်ရတဲ့နေ့ပါ၊ သူ့ကို ကျွန်မ ဒီမြင်ကွင်းတွေကို မြင်စေချင် လိုက်တာ။"

တူရကီနဲ့ ပဋိပက္ခ

A woman with a red, yellow and green scarf tied around her head holds two fingers in the air in a v shape or victory sign. There are crowds from the anniversary celebrations behind her.
ဓာတ်ပုံ ပုံစာ, နရော့ဇ် အာမက်ရဲ့ အကိုက ကိုဘာနီ တိုက်ပွဲမှာ ကျဆုံးခဲ့၊ သူ့မြို့ကို တူရကီနဲ့ အပေါင်းပါတို့ရဲ့ လက်ထဲ မအပ်နိုင်ဘူးလို့ ဆို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (Syrian Democratic Forces -SDF) က ၂၀၁၉ မှာ ဆီးရီးယားအနောက်မြောက်ပိုင်းက အိုင်အက်စ်တွေကို အနိုင်ရ ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကာ့ဒ်တို့အဖို့ အိုက်အက်စ်တို့အပေါ် အောင်ပွဲရပြီး ငြိမ်းချမ်းရေးရတာက သိပ်ရေရှည် မခံခဲ့ပါဘူး။

တူရကီနဲ့ တူရကီက ထောက်ပံ့ပေးထားတဲ့ ဆီးရီးယား အမျိုးသား စစ်တပ် (Syrian National Army - SNA) တို့က ၂၀၁၆ ကစပြီး ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) ထိန်းချုပ်ရာနယ်မြေတွေကို ထိုးစစ်ဆင်နေတာပါ။ ကီလိုမီတာ ရာနဲ့ချီရှည်လျားတဲ့ တူရကီနယ်စပ်တလျောက်က နယ်မြေတွေကိုလည်း တူရကီနဲ့ SNA တို့က သိမ်းထားပါတယ်။

တူရကီတို့က ဆီးရီးယား ကာ့ဒ် တို့ရဲ့ SDF နဲ့ YPG တို့မှာ ပါဝင်သူအများစုဟာ သူတို့ တူရကီနိုင်ငံမှာ ကာ့ဒ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရဖို့အတွက် ဆယ်စုနှစ်များစွာ ကတည်းက တောင်းဆိုနေတဲ့ (Kurdistan Workers' Party - PKK) နဲ့ တဆက် တည်းပဲလို့ သတ်မှတ်ထားပါတယ်။ PKK ပါတီကို တူရကီက အကြမ်းဖက် အဖွဲ့ အစည်း (Terrorist Organisation) အဖြစ် သတ်မှတ်ထားပါတယ်။ သူတို့က SDF ကို သူတို့နယ်စပ်နဲ့ ကပ်မလာအောင် တွန်းထုတ်ထားလိုပါတယ်။

အာဆတ် အစိုးရ ၂၀၂၄ နှောင်းပိုင်းလတွေမှာ ပြုတ်ကျသွားတဲ့နောက် တူရကီ ထောက်ခံရပ်ပေးထားတဲ့ SNA တပ်ဖွဲ့တွေက ယူဖရေးတီးမြစ် အနောက်ဘက်မှာရှိတဲ့ နယ်မြေတွေကို SDF လက်ထဲကနေ သိမ်းပိုက်ချင်တဲ့အတွက် ထိုးစစ်သစ် တွေ ဆင်နွှဲနေပါတယ်။

ကာ့့ဒ်

အခု တိုက်ပွဲတွေက ကိုဘာနီနဲ့ နီးတဲ့ ဧရိယာတွေအထိ ရောက်လာပါပြီ။ မြို့ထဲက ကာ့ဒ် တပ်မှူးတယောက်က ကျွန်တော့်ကို တိုးတိုးတိတ်တိတ်ပြောပါတယ်၊ "ဒီနေရာမှာ ဗီဒီယို မရိုက်ပါနဲ့တဲ့၊ ကျွန်တော်တို့ မြို့တခါ ထပ်အဝိုင်းခံရမှာကို ကြိုပြင်တဲ့အနေနဲ့ မြို့အောက်မှာ လိုဏ်ခေါင်းတွေ တူးနေတယ်။"

မြို့ထဲမှာ မီးစက်မောင်းသံတွေကို နေရာတိုင်းမှာ နားကွဲမတတ်ကြားနေရပြီး ဓာတ်ဆီနံ့တွေက လေထဲမှာ ပျံ့လို့ပါ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတွေ၊ ရေနံချက် စက်ရုံတွေ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတိုင်တွေ အများစုဟာ တူရကီ လေတပ်က လေကြောင်းတိုက်ခိုက်တာတွေကို ခံခဲ့ရတယ်လို့ ဒေသခံတွေက ကျွန်တော့်ကို ပြောပါတယ်။

နရော့ဇ် အာမက်က "ကိုဘာနီက အိုက်အက်စ်ကို နိုင်အောင်တိုက်ခဲ့ပြီးပြီ၊ ကျွန်မတို့ မြို့ကို တူရကီနဲ့ သူ့လက်ဝေခံတွေလက်ထဲ မပေးနိုင်ဘူး၊ ကျွန်မတို့ သူတို့ကိုနိုင်အောင် တိုက်မှာ" လို့ ပြောပါတယ်။

စားသောက်ဆိုင်မှာ ကျွန်တော်တို့ ထိုင်နေတုန်း ကျွန်တော်တို့ ဒေသခံမှန်း မဟုတ်တာကို သတိထားမိကြတဲ့နောက် လူတချို့က ကျွန်တော်တို့ဆီ ဝိုင်းလာပြီး စကားပြောကြပါတယ်။ လက်ထဲမှာ တုတ်ကောက် ကိုင်ထားတဲ့ လူကြီးတယောက်ကို ကျွန်တော်က အသက်ဘယ်လောက်ရှိပါပြီလဲ လို့ မေးလိုက် ပါတယ်။ ကျွန်တော့် အထင် သူ့ အသက် ၈၀ လောက်ရှိပြီလို့ မှန်းခဲ့ပါတယ်၊ ဒါပေမဲ့ မဟုတ်ပါဘူး၊ "ကျွန်တော့် အသက် ၆၀" လို့ သူက ဖြေပါတယ်။

လူသေဆုံးမှုတွေ၊ သွေးမြေကျရမှုတွေကို ခဏခဏကြုံခဲ့ရတဲ့ စစ်ကြောင့် လူတွေ ဘယ်လောက် နွမ်းနယ်နေကြပြီလဲဆိုတာ သိသာလှပါတယ်။

အခုလည်း နောက်ထပ် စစ်ပွဲတပွဲက ချဉ်းကပ်လာနေပါပြီ။

A man in army uniform stands in front of a building holding a gun.
ဓာတ်ပုံ ပုံစာ, ကိုဘာနီမြို့ တဝိုက်မှာ SDF စစ်သားတွေကို တွေ့ရ

အရပ်သားတွေကို တိုက်ခိုက်တယ်လို့ ပြောနေ

တူရကီလုပ် ဒရုန်းတွေနဲ့ တူရကီ ဂျက်တိုက်လေယာဉ်တွေဟာ SDF တပ်စွဲထားတဲ့ မြို့တဝိုက်က နေရာတွေနဲ့ ထောက်ပို့ရေး လမ်းကြောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ပါတယ်။ ဆန္ဒပြတဲ့ အရပ်သားတွေလည်း တိုက်ခိုက်ခံရပါတယ်။

ဒဏ်ရာရခဲ့လို့ ဒေသတွင်းက ဆေးရုံတခုမှာ ကုသခံနေရတဲ့ အသက် ၂၈ နှစ်အရွယ် ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်သူ ဂျာမနီ အမျိုးသမီး လီယာ ဘန့်စ်ကို ကျွန်တော်တွေ့ခဲ့ ပါတယ်၊ သူက ရိုဂျာဗာက အမျိုးသမီးတွေ ခိုလှုံရာ စခန်းမှာ ဗော်လံတီယာ တယောက်အနေနဲ့ ကူညီပေးနေတာ ၂ နှစ်ကျော်လောက် ရှိနေပါပြီ။

ဇန်နဝါရီလအတွင်းမှာ သူပါဝင်တဲ့ ဆန္ဒပြပွဲတခု အတိုက်ခိုက်ခံရပြီး အဲဒီအဖြစ် ဖြစ်ပွားစဉ် ရိုက်ထားကြတဲ့ ဗီဒီယိုကို မစ္စ ဘန့်စ်က ကျွန်တော့်ကို ပြပါတယ်။

ကခုန်နေတဲ့ လူအုပ်ကို မိုးပေါ်က ပစ်လွှတ်လိုက်တဲ့ အရာ ၂ ခု ထိမှန်သွားတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

ဆန္ဒပြပွဲက ဗျူဟာမြောက်တဲ့ တစ်ရှ်ရင်းန် ဆည်နားမှာ လုပ်ကြတာဖြစ်ပြီး အဲဒီဒေသတဝိုက်မှာ တိုက်ပွဲတွေကလည်း ဆက်ပြီး ရှိနေပါတယ်။ အဲဒီအဖြစ်မှာ အရပ်သား ၆ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေ ဒဏ်ရာ ရခဲ့ကြတယ်လို့ SDF က ပြောပါတယ်။

"ကျွန်မဘေးက အဖိုးအို တယောက်လည်း ဒဏ်ရာရခဲ့တယ်" လို့ မစ္စဘန့်စ်က သူ့ ခုတင်ပေါ်ကနေ ပြောပြပါတယ်။

"ကျွန်မ ဒဏ်ရာက သွေးနည်းနည်း ထွက်နေတယ်၊ ကျွန်မတို့ အရေးပေါ် လူနာတင် ကားထဲလည်း ရောက်ရော၊ နောက်ထပ် ဒရုန်းတခုက ကျွန်မတို့ အရေးပေါ် ကားဘေးနားကို တိုက်ခိုက်ပြန်တယ်" လို့ သူက ပြောပါတယ်။

ကာ့ဒ် လခြမ်းနီ အရေးပေါ် လူနာတင်ယာဉ်ကို တိုက်ခိုက်တာက တူရကီနဲ့ SNA ပူးပေါင်းတပ်တွေရဲ့ "စစ်ရာဇဝတ်မှုလို့ ဆိုနိုင်တယ်" လို့ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch က ပြောပါတယ်။

"အရပ်သားတွေနဲ့ အရေးကြီး အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုမှာ တူရကီ က ပါဝင်ပတ်သက်တယ်ဆိုတဲ့ သတင်းတွေဟာ အမှန်ကို မထင်ဟတ်ပါဘူး" လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘီဘီစီကို ပြောပြီး SDF တွေဟာ အရပ်သားတွေကို "ပဋိပက္ခတွေ ဖြစ်နေတဲ့ ဧရိယာကို ရည်ရွယ်ချက်ရှိရှိ သွားခိုင်းပြီး" အဲဒီလူတွေကို "လူသား ဒိုင်းအကာ" အဖြစ်သုံးကာ အဆိုပါ ဆည်ကို ထိန်းချုပ်လို့ မရအောင် လုပ်နေကြတာလို့ ဆိုပါတယ်။

ဒမတ်စကတ် အခက်ကြုံနေရ

ဆီးရီးယား ခေါင်းဆောင်သစ် အာမက် အယ်ရှာရာက ကျဉ်းထဲကျပ်ထဲ ရောက်နေ ပါတယ်။

ကြားဖြတ်အစိုးရခေါင်းဆောင် ရှာရာရဲ့ အစ္စလာမ်မစ် အဖွဲ့ ဟာရက် တီဟာ အရှမ် (Hayat Tahrir al-Sham - HTS) က ဦးဆောင်တဲ့ တပ်တွေက အာဆတ်ကို ဖြုတ်ချပြီးတဲ့နောက် ရှာရာက ဆီးရီးယားမှာ အားလုံးပါဝင်နိုင်တဲ့ အစိုးရထူထောင်ဖို့ ကတိပြုထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ အားလုံး လက်နက်စွန့်ကြဖို့ကိုလည်း သူက တောင်းဆိုထား ပါတယ်။ နိုင်ငံအနောက်မြောက်ဘက်နဲ့ ပတ်သက်လို့ အဖြေရှာနိုင်ရေးအတွက် SDF နဲ့ ကြားဖြတ်အစိုးရကြား ဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက် ပါတယ်။

ဒါပေမဲ့ ကာ့ဒ်တွေကို ပါဝင်ခွင့်ပေးမယ်ဆိုရင် ရှာရာအဖို့ သူ့ အဓိက မဟာမိတ် နိုင်ငံ တနိုင်ငံနဲ့ ပြဿနာ ရှိပါလိမ့်မယ်၊ အဲဒီနိုင်ငံက တူရကီပါ။

အင်္ဂါနေ့က ဆီးရီးယား အနာဂတ်အတွက် အမျိုးသားအဆင့် တွေ့ဆုံဆွေး‌နွေးရေး ညီလာခံကို ရှာရာ ဖွင့်လှစ်လိုက်ပါတယ်၊ ဒါပေမဲ့ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ ညီလာခံမှာ မပါဝင်တာကို တွေ့ရပါတယ်။ ကာ့ဒ်တွေက သူတို့ကို ညီလာခံတက်ဖို့ မဖိတ်ခဲ့ဖူးလို့ ဆိုပါတယ်။

Headshot of Gen Mazloum Abdi - he is wearing army uniform and has short dark hair.
ဓာတ်ပုံ ပုံစာ, SDF တပ်မှူး ဗိုလ်ချုပ် မက်ဇ်လွန် အက်ဘ်ဒီက သူ ဆီးရီးယား ကြားဖြတ်အစိုးရ ခေါင်းဆောင် ရှာရာနဲ့ တွေ့ခဲ့တယ်၊ သဘောတူညီမှု တစုံတရာတော့ မရသေးလို့ ပြောပါတယ်

ဆီးရီးယား အရှေ့မြောက်ပိုင်း ဟာဆာကာ ပြည်နယ်ထဲမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းနားက လျှို့ဝှက်နေရာ တနေရာကနေ SDF တပ်မှူး ဗိုလ်ချုပ် မက်ဇ်လွန် အက်ဘ်ဒီက ကျွန်တော့်ကို ပြောရာမှာ ဒမတ်စကတ်မှာ သူနဲ့ ရှာရာ တွေ့ဆုံဖူးတဲ့ အကြောင်း ပြောပြပါတယ်။

ဒါပေမဲ့ နှစ်ဘက်အကြား သဘောတူညီမှု ရအောင်လုပ်ရဦးမယ်လို့ ဆိုပါတယ်။

"လက်တွေ့မှာတော့ တူရကီနဲ့ သူ့လက်ဝေခံတွေကို ကျွန်တော်တို့ စစ်တိုက် နေရတုန်းပါ။ တူရကီ ဂျက်တိုက်လေယာဥ်တွေနဲ့ ဒရုန်းတွေက ကျွန်တော်တို့ကို ဗုံးကြဲနေတုန်းပါ" လို့ သူက ပြောသလို "ဒမတ်စကတ်မှာလည်း အစိုးရသစ်က ဘယ်ခြေလှမ်းကို လှမ်းမလဲဆိုတာက မရေရာ မသေချာပါဘူး။ ကျွန်တော်တို့ သဘောထားက အပြုသဘောဆောင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ထိန်းချုပ်မှု အောက်က ဧရိယာတွေကို တိုက်ချင်တဲ့ တူရကီရဲ့ ဖိအားအောက်မှာ သူတို့ ရှိနေ ပါတယ်" လို့ ဆိုပါတယ်။

"ဒါပေမဲ့ အမေရိကန်၊ ပြင်သစ် နဲ့ အာရပ်နိုင်ငံတချို့က ကာ့ဒ်တွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့ သူတို့ကို ဖိအားပေးနေပါတယ်" လို့ သူကပြောပါတယ်။

အမေရိကန်အတွက်ကတာ့ သူတို့ အိုင်အက်စ်ကို တိုက်ခိုက်တဲ့ပွဲမှာ SDF တပ်ဖွဲ့က သူတို့ အားထားလို့ အရဆုံး မဟာမိတ်ဖြစ်ခဲ့ပါတယ်။

ဇာတ်မြှုပ်နေတဲ့ အိုက်အက်စ် တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် ကာ့ဒ် ထိန်းသိမ်း ထားတဲ့ ဧရိယာတွေထဲမှာ ရာနဲ့ချီတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ဒီနေ့အထိ ရှိနေဆဲပါ။

ဒါပေမဲ့ အခုတော့ သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီတပ်တွေကို ရုတ်သိမ်းလိုက်မှာကို ကာ့ဒ်တွေက စိုးရိမ်ပါတယ်။ အဲဒီလိုသာ လုပ်လိုက်ရင် တူရကီက သူတို့ကို ထိုးစစ်ဆင် လာနိုင်ပြီး သူတို့ အကာအကွယ်မဲ့သွားမှာ ဖြစ်သလို အိုက်အက်စ်တို့ လည်း ပြန်ခေါင်းထောင် ထလာနိုင်ပါတယ်။

အရှေ့မြောက်ဒေသအတွင်း SDF ထိန်းချုပ်ထားတဲ့ စခန်းတွေနဲ့ ‌ထောင်တွေထဲမှာ ခန့်မှန်းခြေ အိုင်အက်စ် မိသားစုဝင် ၄၀,၀၀၀ နီးပါးနဲ့ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေးသမား ၁၀,၀၀၀ လောက် ရှိသေးတယ်လို့ ဗိုလ်ချုပ် အက်ဘ်ဒီက ပြောပါတယ်။

"တူရကီက တိုက်ခိုက်လာရင် တိုက်လာတဲ့ဘက်ကို ကျွန်တော်တို့ အင်အားတွေ စေလွှတ် နေရာချရမှာက လွဲလို့ တခြားရွေးစရာ မရှိပါဘူး၊ အဲဒါဆိုရင် ထောင်တွေကို အိုက်အက်စ်တွေ တိုက်ခိုက်ဖို့ အခွင့်အလမ်းရသွားမယ်၊ သူတို့ တိုက်ခိုက်ရေး သမား တွေကို ထောင်တွေထဲက လွတ်အောင် လုပ်လိမ့်မယ်။"

မသေချာတဲ့ အနာဂတ်

Headshot of Roksana Mohamed wearing army uniform - she has long dark hair which is tied back. A green flag with a red star and the letters Y and P can be seen behind her.
ဓာတ်ပုံ ပုံစာ, YPJ ပြောခွင့်ရ ရော့ဆာနာ မိုဟာမက်က အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ လိုတယ်လို့ ပြော

အိုင်အက်စ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ YPJ ထဲက တာဝန်အဆင့်ဆင့် အမျိုးသမီး ရဲ‌ဘော်တွေရဲ့ အနာဂတ်က ပိုပြီးတော့ မသေမချာဖြစ်နေပါတယ်။

ကျဆုံးခဲ့တဲ့ YPJ အမျိုးသမီးတပ်မှူးတွေရဲ့ ပုံတွေကို အဲဒီအမျိုးသမီးတပ် ရဲ့ ပြောခွင့်ရ အသက် ၂၉ နှစ်အရွယ် ရော့ဆာနာ မိုဟာမက် ရဲ့ ရုံးခန်းနံရံတွေပေါ်မှာ ချိတ်ဆွဲထား ပါတယ်။

"ဒမတ်စကတ် အစိုးရသစ်မှာ အမျိုးသမီးတွေကို ခေါင်းဆောင်မှုနေရာပေးတာမျိုး အခုထက်ထိ မတွေ့ရသေးပါဘူး" လို့ သူက ပြောပါတယ်။ "အမျိုးသမီး တယောက် ဟာ ကာကွယ်ရေးဝန်ကြီး ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ"

မစ္စ မိုဟာမက်က ဒီဒေသက အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် သူတို့ တိုက်ပွဲဝင် ခဲ့တယ်။ နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး ဘက်ပေါင်းစုံကနေ သူတို့ ပါဝင်ခဲ့တယ်လို့ ပြော ပါတယ်။

"ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို အသိအမှတ်မပြု အလေးမထားကြရင် ဘယ်လို လုပ်ပြီး ကျွန်မတို့ရဲ့ လက်နက်တွေကို စွန့်နိုင်မှာလဲ"

တချို့က ဆီးရီးယား တည်ငြိမ်မှုကို မြင်နေရပြီလို့ ယုံကြည်နေကြချိန်မှာပဲ ကာ့ဒ်တို့ အဖို့ အနာဂတ်က မသေချာသေးပါဘူး။ ဆီးရီးယား နိုင်ငံသစ်မှာ သူတို့ကို မိတ်ဖက် အဖြစ် အသိအမှတ်ပြုခံရ မလား၊ ဒါမှမဟုတ် နောက်ထပ် စစ်ပွဲကို သူတို့ ရင်ဆိုင်ရလေ မလား။