တစ်တော့ကို ယူကေ အစိုးရ ဖုန်းတွေမှာ ပိတ်ဖို့ရှိ

tiktok

ဓာတ်ပုံ ရင်းမြစ်, Reuters

တရုတ်ကုမ္ပဏီပိုင် ဆိုရှယ်မီဒီယာ အပ်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ တစ်တော့ကို ယူကေ အစိုးရ ဝန်ကြီးတွေနဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ ဖုန်းတွေမှာ တားမြစ်ဖို့ ရှိနေပါတယ်။

ဝန်ကြီးရုံးဝန်ကြီး အိုလီဗာ ဒေါင်ဒန်က ဒါကို နောက်ပိုင်းမှာ ကြေညာဖို့ ရှိနေပါတယ်။

တရားဝင်ပြောကြားတာ မရှိသေးပေမဲ့ တစ်တော့ကို အသုံးပြုနိုင်တဲ့ ပစ္စည်း ကိရိယာတွေအားလုံးမှာ ပိတ်ပင်တဲ့အကြောင်း မစ္စတာ ဒေါင်ဒန်က အတည်ပြုဖို့ ရှိပါတယ်။

တစ်တော့ကို အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရကို လွှဲပြောင်းပေးနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရင်ဆိုင်နေရပါတယ်။ ကုမ္ပဏီကတော့ အဲဒါကို အပြင်းအထန် ငြင်းထားပါတယ်။

ယူကေ အမျိုးသား ဆိုင်ဘာ လုံခြုံရေး ဌာနက တစ်တော့ကို အစိုးရ ဖုန်းတွေမှာ တားမြစ်သင့်သလားဆိုတာ ပြန်သုံးသပ် နေတာ ဖြစ်ပါတယ်။

အမေရိကန်၊ ကနေဒါ၊ ဘယ်ဂျီယံနဲ့ ဥရောပ ကော်မရှင်တို့က တစ်တော့ကို အစိုးရဖုန်းတွေမှာ ပိတ်ထားကြပြီး ဖြစ်ပါတယ်။