ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဥရုမြစ်ထဲမှာ ရာနဲ့ချီတဲ့ရွှေမျောတွေ ရွှေထုတ်နေ
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက ဟုမ္မလင်း မြို့နယ်ထဲ ဖြတ်သန်းစီးဆင်းတဲ့ ဥရုမြစ် (ဒေသအခေါ် ဥရုချောင်း) ဘေးတစ်လျှောက်မှာတော့ နေ့ညမပြတ် မီးစက်မောင်းသံတွေနဲ့ ဆူညံ နေပါတယ်။
အဲဒါအပြင် ဥရုမြစ် ရေအစပ်ထဲအထိ ၅ လက်မအထက်ရှိတဲ့ ပိုက်တွေကို ဖောင်တွဲပြီး တန်းစီချထားတာ မြစ်ရိုးတလျှောက်မှာ အစီအရီအများအပြားကို တွေ့မြင်နိုင်ပါတယ်။
အဲဒီပိုက်တွေက ရေပေါ်တင်ချထားတာမျိုး မဟုတ်ပါဘူး။ မြစ်ကြမ်းပြင်ရဲ့အောက် အနည်းဆုံး ၁၀ပေ ကနေ ပေ ၂၀ကျော်အထိ မြစ်ကြမ်းပြင်အောက်ကို ထိုးစိုက်ထားတာပါ။ အဓိကတော့ မြစ်ကြမ်းပြင်က ခဲတွေ သဲတွေနဲ့အတူ ရောပါနေတယ်လို့ဆိုတဲ့ ရွှေကို စုပ်ယူစစ်ထုတ်တဲ့ ရွှေမျောလုပ်ငန်းတွေက ချထားတဲ့အရာ တွေဖြစ်ပါတယ်။
ရွှေမျောဆိုတာက မြစ်ကြမ်းပြင်က သဲတွေ၊ ကျောက်တွေ အပါအဝင် ကြမ်းပြင်မှာရှိတဲ့ အရာတွေကို စက်တွေနဲ့စုပ်ယူပြီး မြက်အတုပုံစံ သို့မဟုတ် အရပ်အခေါ် ကတ္တီပါအစပေါ် လောင်းချလိုက်ပြီး ပါရှိလာတဲ အရာတွေကို ပြန်လည်စစ်ယူပါတယ်။
အဲဒီလို စစ်လို့ရတဲ့အရာတွေထဲမှာ ပါလာတဲ့ ရွှေကို ဓာတုပစ္စည်း ပြဒါးကို အသုံးပြုပြီး ရွှေဖမ်းယူကြတာပါ။
ရွှေဖမ်းယူပြီးနောက်မှာတော့ မလိုအပ်တဲ့ အနည်တွေ အပါအဝင် စွန့်ပစ်မြေစာပုံစံတွေကို ချောင်းအတွင်း ပြန်ချတာမျိုးရှိသလို၊ ချောင်းဘေးတွေမှာပဲ ဆက်လက် စုပုံထားတာမျိုးလည်း ရှိပါတယ်။
ဥရုမြစ်နဲ့ ဟုမ္မလင်းဒေသခံတွေရဲ့ ဘဝများ
ဥရုမြစ် (ဒေသအခေါ် ဥရုချောင်း) ဟာ ကချင်ပြည်နယ် ဟူးကောင်းလွင်ပြင်ကနေ မြစ်ဖျားခံပြီး ပြည်နယ်ရဲ့ အရှေ့မြောက်ဘက်ကနေ အနောက်တောင်ဘက်ကို စီးဆင်းလာပြီး ဟုမ္မလင်းမြို့ ရဲ့ အနောက်တောင်ဘက်မှာ ချင်းတွင်းမြစ်ထဲကို စီးဝင်သွားတဲ့ မိုင် ၁၃၀ ကျော်ရှည်လျားတဲ့ မြစ်တစ်စင်းပါ။
ဟုမ္မလင်းဒေသအတွက်တော့ ဥရုမြစ်ဟာ ရေလမ်းပို့ဆောင်ရေးအသုံးပြုဖို့လည်း အထောက်အပံ့ရတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။ နွေရာသီရေအခန်းဆုံးအချိန်ကလွဲရင် အချိန်အများစုမှာတော့ ဟုမ္မလင်းဒေသနဲ့ အခြား အထက်ပိုင်းကဒေသတွေကို ချိတ်ဆက်ပေးထားတဲ့ ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ဟုမ္မလင်းမြို့အပိုင်း ဥရုမြစ် စီးဆင်းရာတစ်လျှောက် မြစ်ဘေးမှာ မြစ်ကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေတဲ့ ကျေးရွာပေါင်း ရာချီ ရှိနေပါတယ်။
တံငါလုပ်ငန်း၊ စိုက်ပျိုးရေးအပါအဝင် မြစ်ကိုအမှီပြုနေသူတွေအတွက်တော့ ဥရုမြစ်ဟာ အရေးပါလွန်း လှပါတယ်။
ဒါပေမဲ့ မြစ်အတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်လောက်ကစပြီး ရွှေရှာတဲ့ လုပ်ငန်းတွေကို တစ်စတစ်စ လုပ်ဆောင်ခဲ့ရာက အရင်နွေရာသီ ရေဝင်နည်းချိန်ကြည်လင်မှုရှိခဲ့တဲ့ ဥရုမြစ်ရေဟာ အခုအခါမှာတော့ အမြဲလို မြစ်ရေ နောက်ကျိနေတဲ့ အခြေအနေဖြစ်နေပြီလို့ ဒေသခံတွေက ပြောပြကြပါတယ်။
အခုတော့ ဟုမ္မလင်းမြို့နယ်အတွင်း စီးဆင်းနေတဲ့ ဥရုမြစ်အပိုင်းမှာ ရွှေမျောလုပ်တဲ့ လုပ်ငန်းတွေက အာဏာသိမ်းပြီး နောက်မှာတော့ အရင်ထက် အဆမတန်များပြားလာပါတယ်။
အာဏာမသိမ်းခင်မှာ တရားမဝင်လုပ်ကိုင်တဲ့ ဘယ်ရွှေမျောလုပ်ငန်းကိုမှ ခွင့်ပြုလုပ်ကိုင်ခွင့် မရှိခဲ့ဘူးလို့ ဥရုချောင်းဘေးက ပြည်သူတွေက သိရှိထားရသလို အခုလို အုံနဲ့ကျင်းနဲ့ လုပ်ကိုင်နေတာလည်း ဘယ်တုန်းက မှမရှိခဲ့ဘူးလို့ ဆိုကြပါတယ်။
ရွှေမျောလုပ်တာ ဘယ်သူတွေလဲ
အခုဆိုရင် ရွှေမျောလုပ်တဲ့ သူတွေနဲ့ စက်ပစ္စည်းစတာတွေက ဥရုချောင်းဘေးမှာ အစီအတန်းလိုက်ရှိနေပြီး နေ့ည မပြတ် စည်ကားနေပါတယ်။
၂၀၁၅ ခုနှစ်ကစလို့ အာဏာမသိမ်းခင်အထိ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုချောင်းထဲက ကန့်သတ်နေရာ အနည်းငယ်လောက်ပဲ ရွှေမျောလုပ်ကိုင်ဖို့ လုပ်ငန်း ၄၇ခုကိုသာ ခွင့်ပြုထားခဲ့တာရှိတယ်လို့ ချောင်းဘေးတစ်လျှောက် နေထိုင်ကြသူတွေထံကသိရပါတယ်။
အခုအခါတော့ အဲဒီခွင့်ပြုချက်ရထားတဲ့ လုပ်ငန်း ၄၇ ခုသာမက အာဏာသိမ်းပြီးအခါမှာတော့ ရွှေမျော လုပ်သူရာချီရှိလာသလို မျောဖောင်တွေကလည်း အရင်ထက်များပြားစွာ အမြောက်အမြား ရွှေထုတ် တာတွေ လုပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေက ပြောကြပါတယ်။
အာဏာသိမ်းကာလမှာတော့ တရားဥပဒေစိုးမိုးမှုမရှိတော့တာကြောင့် အောက်ခြေက အာဏာပိုင်အဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေက အခကြေးငွေပေးပြီး တရားမဝင် ရွှေမျောလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာကြတာလို့ ဆိုကြပါတယ်။
ရွှေမျောလုပ်ငန်းတစ်ဖောင်အတွက်ကို တစ်လကို အနည်းဆုံး ကျပ်ငွေ သိန်း ၃၀ နဲ့အထက်ပေးသွင်းပြီး လုပ်ကိုင်ကြတာလို့ ရွှေမျောလုပ်ငန်းတွေအကြောင်း သိရှိသူတွေက ဘီဘီစီကို ပြောပြလာကြပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ကတော့ သူတို့အဖွဲ့တွေထံကို ရွှေမျောလုပ်လိုသူ လုပ်ငန်းရှင်တွေက လာရောက်ခွင့်တောင်းတဲ့အခါ လူထုအများစုလက်ခံတဲ့နေရာတွေမှာ လုပ်ကိုင်ခွင့်ပြုထားတာမျိုးရှိတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မိန်းက ပြောပါတယ်။
အဲဒီအပေါ်မှာ အခွန်ပုံစံ လုပ်ငန်းပေါ်မူတည်ပြီး ရယူတာမျိုးတော့ရှိတယ်လို့လည်း ဆိုပါတယ်။ သူတို့ခွင့်ပြု ပေးထားတဲ့ ရွှေမျောလုပ်ငန်းအရေအတွက် အတိအကျကိုတော့ ဘီဘီစီကို မပြောပြနိုင်ဘူးလို့ ဆိုပါတယ်။ SNA ကနေ ခွင့်ပြုပေးပြီးလုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့လုပ်ငန်းတွေကြောင့် ဒေသခံတွေအပေါ် ထိခိုက်မှုမရှိအောင် ထိန်းသိမ်းကြပ်မတ်ပေးတယ်လို့ ဆိုပါတယ်။
သူတို့ ခွင့်ပြုပေးထားတဲ့လုပ်ငန်းတွေရှိသလို၊ ဒေသန္တရအုပ်ချုပ်ရေး လည်ပတ်နေသူတွေက ခွင့်ပြုပေးထားတဲ့ လုပ်ငန်းတွေလည်း အများကြီးရှိနေတယ်လို့ စိုင်းအောင်မိန်းက ပြောပြပါတယ်။
ဒေသခံတွေလက်မခံလို့ ရွှေမျောတွေကို မီးရှို့ဖျက်ဆီး
ဟုမ္မလင်းမြို့နယ် ဥရုမြစ် ဖြတ်သန်းစီးဆင်းတဲ့ နောင်တောရွာက ဒေသခံတွေဆိုရင် ရွှေမျောဖောင်တွေကို မတ်လ ၃ရက်နေ့က သွားရောက်မီးရှို့ဖျက်ဆီးပြီး တားဆီးခဲ့ရတဲ့ဖြစ်စဥ်အထိ ရှိခဲ့ပါတယ်။
နောင်တောရွာက ဥရုမြစ်ဘေးမှာရှိနေတဲ့ ရွာတစ်ရွာပါ။ ရွာကအသုံးပြုနေတဲ့ ရေလမ်းကြောင်းအပေါ်အထိ ရွှေမျောဖောင်တွေထားရှိကာ ရွှေထုတ်ယူတဲ့အထိ ရှိလာတာကို ဖြေရှင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တွေအထိ တင်ပြခဲ့ပေမယ့် ၃လကြာအောင် ပြန်လည်ပြန်ကြားလာတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပြကြပါတယ်။
အဲဒီနောက်တော့ ရပ်မိရပ်ဖတွေကိုယ်တိုင် သွားရောက် တွေ့ဆုံတောင်းဆိုရာမှာ ဒေသခံတွေကိုယ့်နည်း ကိုယ့်ဟန်နဲ့သာ ဖြေရှင်းကြပါလို့သာ ပြန်ပြောခဲ့တယ်လို့ နောင်တောဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။
ဒေသခံတွေကတော့ ရွှေမျောဖောင်ပိုင်ရှင်တွေကို နောင်တောရွာအပိုင် ရေလမ်းကြောင်းကို မပိတ်ဆို့ဖို့နဲ့ အဲဒီ ဝန်းကျင်မှာ လာရောက်မလုပ်ကိုင်ဖို့ ရွှေမျောဖောင်ပိုင်ရှင်တွေကို သွားရောက်တောင်းဆိုခဲ့ပေမယ့် ဆက်လုပ် နေတာကြောင့် ကျေးရွာနေသူအားလုံးက အဲဒီလိုမီးရှို့ပြီး ဖျက်ဆီးခဲ့ကြတာလို့ နောင်တောဒေသခံတွေက ဘီဘီစီကိုပြောပြကြပါတယ်။
အခုလိုလုပ်ပြီးတဲ့ နောက်မှာတော့ နောင်တောဝန်းကျင်မှာ ရွှေမျောလုပ်ကိုင်တာမျိုးတွေ လုံးဝမရှိတော့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အခြား နောင်တောရွာပတ်ဝန်းကျင်က ဥရုမြစ်အတွင်းမှာတော့ အရင်ထက်များပြားတဲ့ ရွှေမျောတွေ ထပ်ရှိလာတယ်လို့ ဆိုကြပါတယ်။
ဒေသခံတွေက ဘာကြောင့်စိုးရိမ်ကြတာလဲ
သိသိသာသာ များပြားလာတဲ့ တရားမဝင် ရွှေထုတ်ယူကြတဲ့ ရွှေမျောတွေကြောင့် လက်ရှိမှာပဲ ဥရုမြစ်ရေဟာ အမြဲညစ်ညမ်းကာ နောက်ကျိနေပါတယ်။
ရေလမ်းခရီးကို အားပြုသွားလာကြသူတွေအတွက် အခု ဧပြီလအခါမှာ ရေလမ်းခရီးအတွက် ရွှေမျောတွေက အတားအဆီးလို ဖြစ်လာတယ်လို့ ဒေသခံတွေဘက်က ပြောလာကြပါတယ်။ အကြီးမားဆုံး အန္တရာယ်ကတော့ မိုးရာသီ ရေဝင်လာတဲ့အခါမှာ ကျေးရွာတွေ ရေတိုက်စားပြီး နေအိမ်တွေမကြာခဏ ဆုံးရှုံးရတာလို့ နောင်တော ဒေသခံတွေက ပြောပြကြပါတယ်။
"ချောင်းရေ ကြီးလာတာနဲ့ ဘယ်ရွာကို ထိုးဖောက်မလဲ၊ ဘယ်ရွာတွေ ခါးပြတ်သွားမလဲ၊ ဘယ်ကမ်းပါးပြိုမလဲ ဆိုတာကို မြင်ရတော့မှာပါ" လို့ နောင်တောရွာခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
ဟုမ္မလင်းမြို့ ဥရုမြစ်ရိုးဘေးတစ်လျှောက်မှာ ရှိနေတဲ့ ကျေးရွာပေါင်းရာကျော်က နှစ်စဥ်နဲ့အမျှ ကမ်းပြို ကျတာ၊ နေအိမ်တွေ ဆုံးရှုံးရတာစတာတွေက နှစ်စဥ်ဆိုသလိုရှိခဲ့လို့ အာဏာမသိမ်းခင်ကာလတွေက ရွှေမျောလုပ်ငန်းတွေကို သတ်မှတ်နေရာ တိတိကျကျနဲ့ အနည်းငယ်သာ ခွင့်ပြုလုပ်ကိုင်ခွင့်ပေးခဲ့တာလို့လည်း ဒေသခံတွေကပြောပြကြပါတယ်။
ဒါပေမဲ့ အခု တစ်နှစ်ကျော်ကာလအတွင်းမှာပဲ သိသိသာသာများပြားလာတဲ့ တရားမဝင် ရွှေမျောလုပ်ငန်း တွေကြောင့် ရေများလာမယ့် မိုးတွင်းအခါ မြစ်ကြောင်းပြောင်းလဲတာကစလို့ ရေစီးကြောင်းပြောင်းကာ ကမ်းပါးပြိုတာ၊ မြစ်ရေညစ်ညမ်းတာ၊ မြစ်ရေတိုက်စားတာတွေ ဖြစ်လာတော့မှာကို နောင်တော၊ ဟွေပေါင် အပါအဝင် ရွာအများအပြားက ဒေသခံတွေက စိုးရိမ်ပူပန်နေကြရပါတယ်။