ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပရီးမီးယားလိဂ်- အဲရစ် တဲန်ဟဂ် မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းလဲနိုင်ဖို့ ၃ နှစ်ကြာမယ်
သီတင်းပတ် အတော်ကြာကြာ ဆွေးနွေးကြ၊ ငြင်းခုံကြ၊ မှန်းဆကြနဲ့ အဆုံးမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သူတို့လိုချင်တဲ့ လူရောက်လာခဲ့ပါပြီ။
လာမယ့်နွေရာသီက စပြီး အသင်းကို ဥရောပ ဘောလုံး လောကမှာ ထိပ်တန်း တနေရာကို ပြန်လည် ရောက်ရှိသည်အထိ ပဲ့ကိုင်ထိန်းကျောင်းပေးဖို့ ဒတ်ချ် လူမျိုးနည်းပြ အဲရစ် တဲန်ဟဂ်ကို အသင်းရဲ့ မန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။
တကယ်ဆို အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ဖလား တခေါက်မနားဖြစ်တာ ပြီးခဲ့တဲ့ ၂၀၁၃ ကတည်းက ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကတော့ ၂၀၀၈ ကတည်းက မလာတော့တာဆိုတော့ ဒါတွေကိုပြန်မြင်ရဖို့က တော်တော် ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ဒါတင်လား ဆိုတော့ မကပါဘူး။ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးနေရာကို ယူထားတဲ့ မန်ချက်စတာ စီးတီးနဲ့ လစ်ဗာပူးလ်တို့ကိုပါ အပြိုင်အဆိုင် အနိုင်လုဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ဥရောပ ဘောလုံးလောကကို ထဲထဲဝင်ဝင် သိနားလည်ကြတဲ့ Guillem Balague၊ James Horncastle ၊ Julien Laurens နဲ့ ဒတ်ချ် သတင်းစာဆရာ Marcel van der Kraan တို့ကို ဘီဘီစီရဲ့ BBC Radio 5 က လက်ရှိ အိုင်းယက်စ် မန်နေဂျာက ဘာအပြောင်းအလဲ တွေယူဆောင်လာမလဲ လို့ မေးကြည့်ခဲ့ပါတယ်။
Guillem Balague က တဲန်ဟဂ်လို နည်းပြမျိုး လိုကို လိုအပ်နေတယ်ဆိုတာတော့ အားလုံးက လက်ခံကြမှာပါ။ မန်ချက်စတာ ယူနိုက်တက်ဟာ နာမည်ကြီးတွေ၊ အသင်းနဲ့ မကင်းခဲ့ဖူးသူတွေ စသည်ဖြင့် ခေါ်သုံးကြည့်ခဲ့ပြီး ဖြစ်တယ်။ အခုမှ ခေတ်မီ ကစားကွက်တွေနဲ့ နည်းပြကို ရတော့တယ်လို့ ဆိုပါတယ်။
လမ်းကြောင်းလွဲနေတဲ့ အသင်းကို ပြန်တည့်မတ်ပေးဖို့၊ ရော်နယ်ဒိုလို ကစားသမားကို ပထုတ်ပြီး သူလုပ်နေကိုင်နေတာ တွေအရေးပါတဲ့ အကြောင်း အသင်းလူကြီးတွေ ယုံကြည်လက်ခံဖို့ တဲန်ဟဂ်ရဲ့ အစွမ်းကို မြင်ရဖို့ လုပ်ရမှာက ၃ နှစ်မက ကြာကောင်းကြာလိမ့်မယ်။
အသင်းကို ဦးဆောင်မယ့် သူဆိုတော့ အားလုံးက ရင်းနှီးကျွမ်းဝင် ချစ်ခင်ကြတဲ့ လူမျိုး ဖြစ်စေချင်ရင်တော့ မမျှော်လင့်ပါနဲ့။ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ်ဟာ အသင်းထဲကရော ပြင်ပက လူတွေပါ ဖြစ်စေ မြင်စေချင်တဲ့ ပုံစံမျိုးမဟုတ်ပါဘူး။
ပရိသတ်တွေကတော့ သတင်းစာ ရှင်းလင်းပွဲတောင်မှ ဝေဝေဆာဆာ ရှိတာမျိုးပဲ မြင်ချင်ကြတာပါ။ ဒီအခြေအနေမျိုးတွေအတွက် တဲန်ဟဂ်ဘက်က ပြင်ဆင်ထားမလား ဆိုရင်တော့ လုံးဝအသင့် ဖြစ်နေမှာပါလို့ သူက ဆိုပါတယ်။
ဘာတွေ ကြုံလာရမလဲ ဆိုရင် တခုခုမှားပြီ ဆိုတာနဲ့ အပြစ်အားလုံးက တဲန်ဟဂ်ပေါ် ရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ သူက ရင်ဆိုင်ဖို့ အသင့်ဖြစ်နေမှာပါ။ သူလုပ်နိုင်ပါလိမ့်မယ်။ အဲဒီလို မဖြစ်လာရင်တော့ ပိုလေးနက်စွာ သုံးသပ်ကြည့်ဖို့ လိုပါမယ်၊ အဲ့လို မဟုတ်ရင် ပရိသတ်ကို လိမ်နေသလိုပါပဲလို့ ပြောပါတယ်။
James Horncastle ကတော့ အင်္ဂလိပ် ဘောလုံး လောကက မန်နေဂျာတွေကို အသင်းရလဒ်တွေ သာ မက သူတို့ရဲ့ သွင်ပြင်လက္ခဏာ နေပုံထိုင်ပုံ ကအစ ကြည့်ပြီး အကဲဖြတ်ကြတာလို့ ပြောပါတယ်။ Unai Emery တုန်းကပဲ ကြည့်ပါ။ သူဆိုရင် အောင်မြင်မှုတွေ ရနေတဲ့သူ ဖြစ်ပေမဲ့ သူ့ရဲ့ ပြောပုံ ဆိုပုံ တွေကို ပုံတူကူး လူမှုကွန်ရက်တွေပေါ်မှာ ဟာသလုပ်ကြ တာမျိုးတွေတောင် ရှိတယ်။ အထူးသဖြင့် အင်္ဂလိပ် သတင်းလောကမှာပါ။
တဲန်ဟဂ်မှာရော ဒီလို စရိုက်လက္ခဏာတွေ ရှိနေနိုင်မလား ။
ကမ္ဘာ့ ဘောလုံးလောကမှာ အခက်ခဲဆုံး အလုပ်
Marcel van der Kraan ကတော့ ပရီးမီးယားလိဂ်မှာ ဘယ် ဒတ်ချ် မန်နေဂျာကမှ အပြောင်းအလဲ ကြီးကြီးမားမား လုပ်ပြနိုင်တာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဂတ်စ် ဟစ်ဒင့်တုန်းက ချဲလ်ဆီး ယာယီနည်းပြ အဖြစ် တာဝန်ယူခဲ့စဉ်မှာ အောင်မြင်မှု ရခဲ့ဖူးတယ်။ လူဝီ ဗန်ဟားလ်ဆိုရင် အိုင်းယက်စ်၊ ဘိုင်ယန်မြူးနစ် နဲ့ ဘာစီလိုနာလို အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံလည်း ရှိတယ်။ အင်္ဂလန်ကို ရောက်တာ့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားဟန်အသစ်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး၊ အသင်းနဲ့ ပတ်သက်လို့ သူနားမလည်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
တကယ် အောင်မြင်မှု ရဖို့ဆိုရင် ပရီးမီးယားလိဂ်မှာ ကစားဖူးတာ၊ ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖူးတာလိုမျိုး ဗြိတိန်နဲ့ ပတ်သက်မှု တခုမဟုတ် တခု ရှိဖို့ လိုတယ်။ အဲ့လိုမှ မပြည့်စုံသေးရင်တော့ ဒီအလုပ်က ကမ္ဘာ့ဘောလုံး လောကမှာ အခက်ခဲဆုံး အလုပ်တခုပါပဲလို့ သူက ပြောပါတယ်။
တဲန်ဟဂ်အနေနဲ့ အသင်းရဲ့ ကြောထောက်နောက်ခံ ပေးမှု အများကြီး လိုတယ်။ ဖေးလ်ဂျုံးစ်၊ ဟယ်ရီမက်ဂွိုင်းယား၊ လုခ်ရှော တဲ့ ဗြိတိသျှ ကစားသမားတွေကလည်း အများကြီး ရှိတယ်။ အသင်း အုပ်ချုပ်မှု အဖွဲ့ကလည်း ဗြိတိသျှလူမျိုးတွေ အများကြီးရှိနေတယ်လို့ ပြောပါတယ်။ တဲန်ဟဂ် အနေနဲ့ သူ့ရဲ့ စိတ်ကူးအကြံတွေ ကို ဒီလူတွေရဲ့ နားလည် လက်ခံမှု ရအောင်လုပ်ဖို့ကတော့ တော်တော်ကြိုးစားရမယ်လို့ ဆိုပါတယ်။
တဲန်ဟဂ် အလုပ်ဖြစ်ဖို့ ရော်နယ်ဒို ထွက်သွားရမလား
Julien Laurens ကတော့ တဲန်ဟဂ်က သူ့ တိုက်စစ်မှူးတွေကို အင်နဲ့ အားနဲ့ တွန်းတွန်းတိုက်တိုက် ကစားစေချင်ပါတယ်။ ခရစ္စတီယာနိုက ဒီလို မကစားနိုင်တော့ပါဘူး။ ဆိုတော့ ရော်နယ်ဒိုနဲ့ ဘယ်လို ကစားကွက် ချမလဲ မတွေးတတ်ဘူးလို့ ဆိုပါတယ်။
ရော်နယ်ဒိုဟာ အင်မတန် ဂိုးသွင်းကောင်းသူ ဖြစ်ပေမယ့် သူက တဲန်ဟဂ် ရဲ့ နံပါတ် ၉ နေရာက တိုက်စစ်မှူးတွေကို ကစား စေချင်သလိုမျိုး မကစားပါဘူး။ တဲန်ဟဂ်ဟာ ယူနိုက်တက်ကို သူ့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ ကစားကွက်သစ်တွေ ယူလာမှာပါ။ သူ ကစားစေချင်တဲ့ ပုံစံမျိုး ထက်ဝက်လောက်တောင် မကစား နိုင်တဲ့ ၃၈ နှစ်အရွယ် ကစားသမား တယောက်ကို သုံးဖို့ သိပ်တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။
Horncastle ကတော့ ယူနိုက်တက်အတွက် သင့်တော်တဲ့ ကစားသမားဆိုတာ ဘယ်လို ကစားသမား မျိုး မဖြစ်လဲ။ တကယ်လို့ ရော်နယ်ဒိုလို ကစားသမား မျိုးကို ခေါ်ယူမယ်ဆိုရင် တဲန်ဟဂ်လို ခေတ်မီ နည်းပြ တယောက်ကို ခေါ်ဖို့ အကြံတွေကို ခဏသိမ်းထားလိုက်ပါ။ ရော်နယ်ဒိုလို ကစားသမားကို ဆက်ထားမယ်ဆိုရင် တော့ ကာလို အန်ချယ်လော်တီလို နည်းပြမျိုးကို ခန့်တာက ပိုအဆင်ပြေပါလိမ့်မယ်။
နည်းပြသစ်နဲ့ ကစားသမားတွေအကြား သိပ်အစပ်အဟပ် မတည့်သေးရင်တော့ အချိန်ပေးဖို့ သည်းခံဖို့ လိုပါတယ်။ မီဒီယာတွေကလည်း နည်းပြသစ်ရဲ့ အယူအဆတွေ နည်းစနစ်တွေနဲ့ ရှိနှင့်ပြီးသား ကစား သမားတွေအကြား အစပ်အဟပ် တည့်ဖို့ ချက်ချင်းမဖြစ်နိုင်ဘူး ဆိုတာ သိနားလည်ထားဖို့ လိုပါတယ်။
Balague က တဲန်ဟဂ်ဟာ အခု လက်ရှိ မန်ချက်စတာ ယူနိုက်တက်အတွက် လုံးဝ သင့်လျော်တဲ့ မန်နေဂျာတော့ မဟုတ်သေးဘူးလို့ ပြောပါတယ်။
သူ့ ကစားကွက်တွေ အလုပ်ဖြစ်ဖို့ ရော်နယ်ဒို မရှိမှ ဖြစ်မယ်၊ တဲန်ဟဂ် အသင်းက စက်တလုံးလိုပဲ၊ ကစားသမား တိုင်းက သူ့ အပိုင်းနဲ့ သူ လည်ပတ်နေကြရတာလို့ ဆိုပါတယ်။ သူ့ကစား သမားဆိုရင် သူပြောတဲ့ အတိုင်း ကစားဖို့ ကိုယ်စွမ်းနိုင်တာထက် ပိုလုပ်ပြဖို့လိုပါတယ်။ လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာ အဲဒီလို ကစားနိုင်တဲ့သူ မရှိသလောက်ပါပဲ။
တဲန်ဟဂ် အတွက် ဒီအသင်း သူ့ ပုံစံအတိုင်း ဖြစ်လာဖို့ ဆိုရင် ၃ နှစ် မကလိုပါလိမ့်မယ်။ အပြောင်းအရွှေ့ ကာလတိုင်းကို အသုံးချတတ်ဖို့ လိုပါတယ်။ ကစားသမားတိုင်းကရော သူ့ ကစားကွက်တွေကို လက်ခံမလား။ သူဖြစ်စေချင်သလို ကစားနိုင်ကြမလား။ တချို့ ကစား သမားတွေ အသင်းက ခွာသွားတာမျိုးတွေ ရှိလာနိုင်ပါတယ်။ အဲဒီအခါမှာ ပရိသတ်တွေရော မီဒီယာတွေကပါအပြောင်းအလဲဟာ အချိန်ကာလ တခုအထိ ကြာနိုင်တယ်ဆိုတာကို နားလည် လက်ခံကြဖို့လည်း လိုပြန်ပါတယ်။ လတ်တလောမှာ အဲဒီလို လက်ခံပေးဖို့ လိုလိုလားလား ရှိတဲ့ ပုံမရပါဘူး။
ခရစ္စတီယာနိုကျပြန်တော့ သူက ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြ နေနိုင်ဖို့ တသင်းလုံးက ဝန်းရံတာမျိုး၊ သူ့ကိုပဲ ဗဟိုပြုပြီး အသင်းကို တည်ဆောက်တာမျိုး ဖြစ်စေချင်တာပါ။ သူ့ကို တဲန်ဟဂ်က သုံးဖို့ ဆိုရင် သူအရင်က မလုပ်ခဲ့ဖူးတာမျိုးဖြစ်တဲ့ လျှော့သင့်ရင် လျှော့တာမျိုးလုပ်ဖို့ လိုပါလိမ့်မယ်။